ပင်လုံစာချုပ်နဲ့ ပြည်တွင်းစစ်ရဲ့ ပင်မအကြောင်းရင်းခံ
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၂ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆
ပင်လုံစာချုပ်နဲ့ ပြည်တွင်းစစ်ရဲ့ ပင်မအကြောင်းရင်းခံ
ဗြိတိသျှအင်္ဂလိပ်၏ ကိုလိုနီ အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးမရမီ တနှစ်နီးပါးခန့် ၁၉၄၇ ခုနှစ် ဖေဖေေါ်ဝါရီလ ၁၂ တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ရဲ့ သက်တမ်း ၇၉ နှစ်ရှိလာချိန်မှာ မြန်မာနိုင်ငံ နယ်မြေ ၇၀ ရာနှုန်းလောက် ပြည်တွင်းစစ်မီးတောက်ထဲ ကျရောက်နေချိန် ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးကတည်းက တောက်လောင်လာခဲ့တဲ့ ပြည်တွင်းစစ်မီး မငြိမ်းရခြင်း အကြောင်းရင်း၊ နိုင်ငံရဲ့ နယ်မြေအများအပြား စစ်မီးထဲ တကျော့ပြီးတကျော့ ပြန်လည်ကျရောက်ရတဲ့ အကြောင်းရင်းတွေအနက် အဓိကကျတဲ့ အကြောင်းရင်းတချက်က စစ်မှန်တဲ့ ပြည်ထောင်စု အဖြစ် မတည်ဆောက်နိုင်ခဲ့ကြတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေး ရပြီးနောက် ၁၉၆၂ ခုနှစ် စစ်အာဏာမသိမ်းမီ ၁၀ စုနှစ်တခုကျော်က ကာလအတွင်း မှာလည်း အခု လက်ရှိမြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်းစစ်မီး တောက်လောင်တာ တကြိမ် ကြုံခဲ့ရသလို တငွေ့ငွေ့နဲ့ တောက်လောင်တဲ့ စစ်မီးကိုလည်း ဆယ်စုနှစ် ၈ ခုနီးပါး ကြုံတွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုများစွာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်၊ ကချင်၊ ကရင်နီ(ကယား)၊ ကိုးကန့် ၊ ပလောင်၊ ပအို့ဝ်၊ ရခိုင်၊ ချင်း၊ နာဂ၊ ဝ စတဲ့ ဒေသတွေမှာ ဟိုနားသည်နား စစ်မီးတောက်လောင် ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအဖို့ ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးနဲ့ အတူမွေးဖွားလာတဲ့ အရာတခုလို့ ဆိုရင် မမှားဘူးလို့ ဆိုရလောက်အောင် နှစ်ပေါင်း ၈၀ နီးပါး မငြိမ်းနိုင်သော မီးတောက် ဖြစ်ခဲ့ပါတယ်။
ဒီပြည်တွင်းစစ် ဖြစ်ရခြင်း အကြောင်းရင်းတွေ အနက် စစ်အေးတိုက်ပွဲလို့ ခေါ်ဆိုတဲ့ ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်လာတဲ့ ကွန်မြူနစ်၊ အရင်းရှင် အယူဝါဒ အားပြိုင်မှု၊ ကွန်မြူနစ် ဆိုရှယ်လစ်စနစ်နဲ့ ထူထောင်လိုတဲ့ ဝါဒ နဲ့ အမျိုးသား ဓနရှင်စနစ်နဲ့ နိုင်ငံကို ထူထောင်လိုတဲ့ ဝါဒအကြား အားပြိုင်မှုနဲ့ အမည်နာမသာ မဟုတ်ဘဲ စစ်မှန်တဲ့ပြည်ထောင်စုစနစ်နဲ့ မြန်မာနိုင်ငံကို မထူထောင်နိုင်ခဲ့ကြခြင်းကလည်း ပြည်တွင်းစစ်မီး မငြိမ်းရခြင်းရဲ့ အကြောင်းရင်းတရပ် ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ ငြိမ်းချမ်းတဲ့နည်းနဲ့၊ လက်နက်ကိုင်နည်းနဲ့ စသဖြင့် နည်းအမျိုးမျိုးနဲ့ တိုက်ပွဲဝင် တောင်းဆို နေခဲ့ကြပြီး ဒီ တိုင်းရင်းသားအရေး ဖက်ဒရယ်အရေးက နှစ် ၇၀ ကျော် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သမိုင်းကို အရိပ်ထိုးနေခဲ့တာလို့ ဆိုရင် မှားမယ် မထင်ပါဘူး။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ မတိုင်မီ ၁၀ လခန့်အလို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ လွတ်လပ်ရေး ရယူတဲ့အခါ မြေပြန့်နဲ့ တောင်တန်းဒေသ တတွဲတည်း အတူပါဝင်ရေးအတွက် သဘောတူညီချက်တရပ်ကို ဖဆပလက ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်းဒေသ ဖြစ်တဲ့ ကချင်၊ ချင်း နဲ့ ရှမ်းပြည်တို့က နိုင်ငံရေး ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကိုလိုနီအဖြစ် သိမ်းခဲ့တဲ့ ဗြိတိသျှတို့ အနေနဲ့ ဒုတိယကမ္ဘာစစ်အပြီး ၂ နှစ်ဝန်းကျင်အကြာမှာ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးတဲ့အခါ ၄င်းတို့ ကိုလိုနီအဖြစ်က သိမ်းယူခဲ့တဲ့ အနေအထားအတိုင်း ပြန်ပေးဖို့ ကရင်နီ၊ ရှမ်းနဲ့ ကချင်၊ ချင်း စတဲ့တောင်တန်းဒေသတွေကို သီးခြားစီ လွတ်လပ်ရေး ပေးဖို့ စိတ်ကူးကို ပင်လုံသဘောတူညီချက် လက်မှတ်ရေးထိုးပြီး တတွဲတည်း လွတ်လပ်ရေးပေးဖို့ ဗြိတိသျှ နယ်ချဲ့အစိုးရထံ တောင်းဆိုခဲ့ကြတာပါ။
လွတ်လပ်ရေး မရမီကာလမှာ ပင်လုံညီလာခံမှာ ဆွေးနွေးကြပြီး တောင်တန်းနဲ့ မြေပြန့် ဒေသတွေရဲ့ အနာဂတ်ပြည်ထောင်စု တည်ဆောက်မယ့် အချက်အလက်၊ ပဋိညာဉ်ကို သေသေချာချာ မဆွေးနွေးခဲ့ကြဘဲ ဖုတ်ပူမီးတိုက် ဆွေးနွေး သဘောတူခဲ့ကြတာကြောင့် လွတ်လပ်ရေးရပြီးနောက်မှာ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်လို့ လက်နက်ကိုင် လမ်းကြောင်းကို ရွေးချယ်ကြတာ၊ ပြည်တွင်းစစ် ဖြစ်ပွားရတာ ဆယ်စုနှစ်များစွာ ငြိမ်းချမ်းရေး မရတာ တွေဖြစ်တာလို့ အချို့သော တိုင်းရင်းသား နိုင်ငံရေးသမားတွေက ဝေဖန်ကြပါတယ်။
ပင်လုံညီလာခံ၊ ပင်လုံစာချုပ်ဟာ တောင်တန်းဒေသနဲ့ မြေပြန့်ဒေသ ဆိုတဲ့ ကချင်၊ ချင်း၊ ရှမ်း နဲ့ မြန်မာဘက်က ကိုယ်စားလှယ်တွေသာ စာချုပ် လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပြီး ကျန်တိုင်းရင်းသားတွေ ဖြစ်တဲ့ ကရင်၊ မွန်၊ ရခိုင်၊ ပအို့ဝ်နဲ့ အခြားသော တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ခေါင်းဆောင်၊ ကိုယ်စားလှယ်တွေ မပါရှိပါဘူး။
ပင်လုံစာချုပ်ကိုလေ့လာကြည့်ရင် တောင်တန်းဒေသ ၃ ခုနဲ့ ပတ်သက်လို့ ထိုစဥ်ကာလ နောက်ခံအခြေအနေ အပေါ်မူတည်တဲ့ သဘောတူညီချက်တွေ အဖြစ်သာတွေ့ရပြီး ကြားဖြတ်မြန်မာ အစိုးရနဲ့ တတွဲထည်း လွတ်လပ်ရေး ရဖို့ အတွက် မြန်မြန်ဆန်ဆန် ဆွေးနွေးပြီး မြန်မြန်ဆန်ဆန် သဘောတူခဲ့ရတဲ့ စာချုပ်အဖြစ် နောက်ပိုင်း ဝေဖန်သူတွေက ဆိုကြတာလည်း တွေ့ရပါတယ်။
အနာဂတ်မှာ တည်ဆောက်မယ့် ပြည်ထောင်စုနဲ့ ပတ်သက်လို့ ပင်လုံစာချုပ်က ပြည့်စုံတဲ့ မူဘောင် အချက်အလက်တွေ မပါရှိတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးရချိန်မှာ အတူတူ တတွဲထည်း ရယူဖို့ရည်ရွယ်ပြီး သဘောတူခဲ့ကြတဲ့ သဘောလို့ ကောက်ချက်ချရင် မှားမယ် မထင်ပါဘူး။ နောက်ပိုင်း နိုင်ငံရေးသမားတွေက ပင်လုံစာချုပ် ဆိုတာထက် ပင်လုံစိတ်ဓာတ် ဆိုတာကို အဓိက ရည်ညွှန်းပြောဆိုပြီး စည်းရုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပင်လုံစာချုပ်ချုပ်ဆိုပြီး ၁၅ နှစ်အကြာ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ လတ်တလော အကြောင်းအရာ ကလည်း ဦးနုဦးဆောင်တဲ့ သန့်ရှင်းပထစ အစိုးရ အနေနဲ့ တိုင်းရင်းသားတွေ တောင်းဆိုလာတဲ့ ဖက်ဒရယ်အရေးကို မြန်မာ့အသံဝင်းမှာ စတင်ဆွေးနွေးတာကို အကြောင်းခံပြီး သိမ်းခဲ့တာ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်ကတည်းက ဖက်ဒရယ် ဆိုတဲ့ စကားလုံးကို သုံးစွဲခွင့်မရှိခဲ့တာ ၂၀၁၂ ခုနှစ်ထိတိုင် ဖြစ်ပါတယ်။ တိုင်းရင်းသား အရေး ဖက်ဒရယ်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စတာတွေအားလုံးဟာ မဆလ ခေတ်တလျှောက်လုံးနဲ့ နဝတ၊ နအဖ ခေတ်တလျှောက်လုံး ဆင်ဆာဖြတ်ခံထားရတဲ့ စကားလုံးတွေ ဖြစ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဒါဇင်နဲ့ ချီ ခုခံစစ်၊ လူမျိုးစု လွတ်မြောက်ရေးစစ်ကို ဆင်နွှဲခဲ့ကြတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အခုလက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရဲ့ အကြောင်းရင်းခံဟာ လွတ်လပ်ရေးရပြီးနောက် စစ်မှန်တဲ့ ပြည်ထောင်စု၊ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် မတည်ဆောက်နိုင်ခဲ့ကြတာကြောင့်လို့ ဆိုရင် မမှားပါဘူး။
ဆယ်စုနှစ် ၇ ခု ကျော် ၈ ခုနီးပါး ပြည်ထောင်စုနေ့ကို တိုင်းရင်းသားဝတ်စုံတွေ ဝတ်စေပြီး အထိမ်းအမှတ် အခမ်းအနားတွေ လုပ်၊ မဆလ ခေတ်မှာ ပြည်ထောင်စု အလံကို တမြို့ကနေ တမြို့သယ်တဲ့ အခမ်းအနားတွေ လုပ်ပြီး လူထုကိုပြည်ထောင်စုနေ့ကို အလေးထားကြောင်း ဝါဒဖြန့်ခဲ့တာတွေသာ လုပ်ဆောင်ခဲ့ပြီး ပြည်တွင်းစစ်ရဲ့ အကြောင်းရင်းခံကို ထိတွေ့ဖြေရှင်းဖို့ မကြိုးစားခဲ့ကြပါဘူး။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင်နည်းလမ်းနဲ့ စစ်အာဏာရှင် စနစ်ကို ဖယ်ရှားဖို့ ရည်ရွယ်တဲ့ နွေဦးတော်လှန်ရေးရဲ့ ရည်ရွယ်ချက်မှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး ဆိုတာ ပါရှိပါတယ်။ ဒီနွေဦးတော်လှန်ရေးက တိုင်းရင်းသား အရေးကိစ္စတွေကို ကောင်းစွာနားလည် သဘောပေါက်ဖို့ အပြောနဲ့ မဟုတ် အလုပ်နဲ့လည်း လက်တွေ့ပြနိုင်ဖို့က အရေးကြီးပြီး ပြည်ထောင်စု စိတ်ဓာတ်လို့ ကြွေးကြော်ရုံမျှသာမဟုတ်ဘဲ လက်တွေ့မှာ ပြည်ထောင်စု စိတ်ဓာတ်နဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အနာဂတ်မြန်မာနိုင်ငံကို တည်ထောင်ဖို့ ကျင့်သုံးကြမှသာ ပြည်တွင်းစစ် ရဲ့ အဓိကအကြောင်းရင်းကို ဖယ်ရှားနိုင်၊ အမြစ်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar