Breaking News

မောင်လူမွှေး - လရောင်အောက်မှာ အအေးပတ်ခြင်း

မောင်လူမွှေး - လရောင်အောက်မှာ အအေးပတ်ခြင်း

မိုးမခ ၊  ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆


လျှပ်စစ်မီးမရလို့ ညဆိုအမှောင်ထဲမှာပဲနေတတ်တာ နေသားကျသလောက်ဖြစ်နေပြီ။ အိမ်ပြင်ကို ထွက်ကြည့်မိတော့ လရောင်ခပ်ဖျော့ဖျော့ဟာ လမ်းပေါ်ဖြာ ကျနေတယ်။ မနေ့ကပဲ စစ်ရှောင်ကျောင်းတစ်ခုကို သွားခဲ့တယ်။ နောက်တစ်နေ့ဆို နောက်စစ်ရှောင်ကျောင်းတစ်ခုကိုသွားရဦးမယ်။ ရွာမှာ စာမေးပွဲစစ်ပေးဖို့ ရှိသေးတယ်။ ကိုယ့်ဒေသက ဆရာ၊ဆရာမတွေ တက်နိုင်အောင် စီစဥ်ဆောင်ရွက်ပေးရတဲ့ အွန်လိုင်း ဆရာစွမ်းရည်မြှင့်သင်တန်းကိစ္စကလည်း  မပြီးပြတ်သေး။ အင်တာဗျူးတစ်ခု ဖြေဖို့ချိန်းထားတဲ့ရက်က နီးနေပြီ။ ရေးလက်စ ဆောင်းပါးက အပြီးမသတ်နိုင်။ မဲဆောက်က မိတ်ဆွေအယ်ဒီတာ အကူအညီတောင်းထားတဲ့ကိစ္စကိုလည်း အမြန်ဆောင်ရွက်ပေးရမယ်။ ခေါင်းတွေရှုပ်လွန်းလို့ မောင်လူမွှေး အိမ်ပြင်ကိုထွက်ပြီး လရောင်အောက်မှာ ထိုင်နေမိတယ်။

လရောင်အောက်မှာ ရွာဟာ ငြိမ်သက်နေတယ်။ အလှူတစ်ခုပြီးတော့ အသုဘ။ အသုဘပြီးတော့အလှူ။ အလှူပြီးတော့ အသုဘ၊ လူမှုကိစ္စလေးခုကို ရက်ဆက်ဆောင်ရွက်ခဲ့ရတဲ့ ရွာဟာ ပင်ပန်းနေကြတယ်။ နောက်ဆုံးအသုဘကို မောင်လူမွှေးသွားခဲ့တယ်။ အဲ့ဒီအိမ်ကို တစ်နှစ်အတွင်း အသုဘသုံးကြိမ်အထိ မောင်လူမွှေးသွားခဲ့ရတယ်။ အဖေ၊ အမေ။ နောက်တော့ သားဖြစ်သူ။ တစ်နှစ်ထဲ သုံးယောက်လုံးဆုံးရှာတယ်။ လရောင်ဟာ ခြောက်ကပ်ကပ်နေတယ်လို့ ခံစားရတယ်။

လရောင်မှုန်ဝါးဝါးအောင်မှာ လမ်းလျှောက်ပြီး မိတ်ဆွေညီငယ်အိမ်ရှေ့ရပ်လိုက်တယ်။ " မလေးရှားမှာ အော်ပါရာစီဆိုတဲ့ဟာက လူတွေကိုဖမ်းလို့တဲ့ ။ ကျနော်နဲ့သိတဲ့ သုံးယောက်ပါသွားတယ်။.ထောင်ခြောက်လကျမယ်တဲ့ဆရာ"။ ကျနော့ကို သူ ပြောတယ်။ ရှိတဲ့လယ်ယာကို ပေါင်နှံပြီး နိုင်ငံခြားစွန့်စားထွက်ကြသူတွေ။ မိအေး နှစ်ခါ နာတော့မယ်။ " လယ်ကို သိန်းရှစ်ဆယ်နဲ့ ပေါင်ပြီးသွားတာ၊ ခုဘယ်လိုလုပ်ကြမလဲ"။ လရောင်အောက်က ထွက်ပေါက်ပိတ်နေတဲ့ အသံတွေကို ကြားရတယ်။

မောင်လူမွှေး အဖိုးလေးတို့အိမ်ကို ခဏဝင်လိုက်တယ်။ အဘိုးလေးတို့အိမ်က ဆိုလာမီးလေးနဲ့ဆိုတော့ အလင်းရောင်လည်းရှိတယ်။ ရေနွေးကြမ်းလည်းရှိတယ်။ အဖိုးလေးတို့နဲ့ ရေနွေးကြမ်းသောက်ရင်း စကားစမြည်ပြောလို့ ဘာမှမကြာဘူး။ လူတစ်ယောက် ရောက်လာတယ်။ လူနာအခြေအနေ မသက်သာလို့ မီးလာငှားတာတဲ့။ လူနာစောင့်ရအောင် မီးလိုလို့တဲ့။ အဖိုးလေးက သူ့ဆိုလာမီးလေးငှားလိုက်ရတယ်။ " မရှိပြီဆိုမှတော့ ဘာမှမရှိတာကွ" လို့ မောင်လူမွှေး အဘိုးလေးက ပြောတယ်။ မောင်လူမွှေးတို့ အမှောင်ထဲမှာ တိတ်ဆိတ်သွားတယ်။ မိသားစုတွေဟာ အမှောင်ထဲမှာ ပိတ်မိနေကြတယ်။

မောင်လူမွှေး အိမ်ကိုပြန်လာတော့ လမ်းဆုံမှာ ဗော်လန်တီယာ ကျောင်းဆရာလေးနဲ့တွေ့တယ်။ " မင်းဆိုင်ကယ်ပြင်ပြီးပြီလား"လို့ မောင်လူမွှေးက မေးတော့ "မပြင်ရသေးဘူး ဆရာ။ ပိုက်ဆံက သူများလှည့်ထားတာ ပြန်မရသေးလို့" တဲ့။ အဲဒီဗော်လန်တီယာ ကျောင်းဆရာလေးဟာ ပျူစောထီးတွေ ကြီးစိုးတဲ့ သူ့ ရွာကနေ ထွက်ခဲ့ပြီး မောင်လူမွှေးတို့နှင့်အတူ ဗော်လန်တီယာကျောင်းဆရာလေး လုပ်နေသူ ဖြစ်တယ်။ ရွာမှာ မိဘနှစ်ပါးနဲ့ သူညီမ ကျန်ခဲ့တယ်။  သူ့ဆိုင်ကယ်ပျက်တာ ခြောက်လကျော်တော့မယ်။ အခုထိ အပြင်နိုင်သေးဘူး။ ကျောင်းပိတ်တုန်း နေ့စားအဌားလိုက်နေတယ်တဲ့။ မောင်လူမွှေးကို နှုတ်ဆက်ပြီး သူဟာ သူတစ်ယောက်တည်းနေတဲ့ အထီးကျန်အိမ်ကြီးဆီ တရွေ့ရွေ့သွားနေတာကို လရောင်အောင်မှာ  တွေ့လိုက်ရတယ်။

မောင်လူမွှေးတစ်ယောက် အိမ်ကို ပြန်ရောက်တော့ အိမ်ထဲမှာ မည်းမှောင်နေတယ်။ မစ်(စ)မွှေးဟာ အိပ်ပျော်စပြုပြီ။ မောင်လူမွှေး အိပ်ရာထဲဝင်အိပ်လိုက်တယ်။ အိပ်ပျော်ပြီးနောက် မောင်လူမွှေး တစ်ကိုယ်လုံးအေးစက်ပြီး တုန်ရီလာလို့ မောင်လူမွှေး နိုးလာတယ်။ မောင်လူမွှေး ညည်းသံကြောင့် မစ်(စ)မွှေးလည်း နိုးလာတယ်။ မောင်လူမွှေးကသာ ချမ်းလို့ တုန်နေတာ။ ခန္ဓာကိုယ်က တအားပူနေတယ်။  အပေါ့ထသွားတော့ ခြေလက်တွေဟာ ထိန်းမရအောင် တုန်နေပါတယ်။ ငှက်ဖျားလား မသိ။ မောင်လူမွှေးတွေးပြီးစိုးရိမ်နေတယ်။ တစ်နာရီးနီးပါးလောက် တုန်ချမ်းဖျားပြီးမှ နေရသက်သာပြီး အိပ်ပျော်သွားပါတော့တယ်။

မနက်ထလင်းတော့ ကျောင်းကိုသွားတယ်။ စာသင်တယ်။ ပြီးမှ တစ်ဖက်ရွာက ဆေးခန်းကိုသွားရတယ်။ မောင်လူမွှေးက ငှက်ဖျားလား မသိလို့ ဆရာမကို စိုးရိမ်တကြီး ပြောပြတယ်။ မောင်လူမွှေးအမေရဲ့ ညီမဝမ်းကွဲ၊ မောင်လူမွှေးရဲ့ မိလေး တော်တဲ့ ဆရာမက ပြုံးပြီး " ဘယ်က ငှက်ဖျားလဲ။ နင်အအေးပတ်တာပါ" တဲ့။ သူ ပြောတဲ့အတိုင်း အအေးပတ်တာပါ။ ဒါပေမဲ့ ဒီလို တစ်ကိုယ်လုံးတုန်ချမ်းပြီး ဖျားဖူးတာကတော့ ဘဝမှာ ပထမဦးဆုံးခံစားဖူးတာပါပဲ။ ဆောင်းနှောင်း လရောင်အောက်မှာ ခြေစွပ်မပါ၊ အင်္ကျီအထူမပါဘဲ လမ်းလျှောက်မိ၊ လည်မိတဲ့အတွက် အအေးပတ်တာပါ။ ဒါပေမဲ့ မောင်လူမွှေးကတော့ အဲဒီညက ဖျားတာဟာ အအေးပတ်တာတစ်ခုတည်းကြောင့်မဟုတ်ဘူးလို့ ထင်နေပါတယ်။ လရောင်အောက်က အပူတွေကို စုပြီးယူခဲ့တာကြောင့် အပူအားကြီးတာလည်းပါမယ်လို့ မောင်လူမွှေးတစ်ယောက် ထင်နေပါတော့တယ် ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar