ဆိုရှယ်မီဒီယာပေါ်မှာ ခေတ်စားနေတဲ့ အကြောင်းအရာတွေနဲ့ မြေပြင်က လက်တွေ့ပြဿနာတွေ
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၁ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆
ဆိုရှယ်မီဒီယာပေါ်မှာ ခေတ်စားနေတဲ့ အကြောင်းအရာတွေနဲ့ မြေပြင်က လက်တွေ့ပြဿနာတွေ
ခုသီတင်းပတ်တွေမှာ မြန်မာဆိုရှယ်မီဒီယာ သုံးသူတွေအကြား အထူးသဖြင့် ဖေ့စ်ဘုတ်သုံးသူတွေအကြား စိတ်ဝင်စားနေကြတဲ့ အကြောင်းအရာ ၂ ခုရှိပါတယ်။ ပထမတခုက ဗိုလ်နဂါး လက်နက်ချတဲ့ သတင်းနဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေ၊ ဒီဖြစ်ရပ်အပေါ် အမြင်ကွဲပြားမှုတွေ ဖြစ်ပါတယ်။ ဒုတိယ အကြောင်းအရာတခုက အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ဝန်ကြီးချုပ်ရုံး အတွင်းဝန်ဖြစ်သူ ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တိုင်ကြားထားမှုနဲ့ ပတ်သက်တဲ့ စုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်ကနေ ဆက်ပြီး ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဖြစ်ရပ်နဲ့ အကျိုးဆက်တွေ၊ အမြင်ကွဲပြားမှုပေါ် အခြေခံကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အင်အားစုတွေအကြား သဘောထားကွဲလွဲမှု၊ တိုက်ခိုက်ပြောဆိုမှုတွေ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက် ၂ ခုက မြန်မာဆိုရှယ်မီဒီယာ သုံးစွဲသူတွေ အနေနဲ့ စိတ်ဝင်စားမှုအရှိဆုံး အပြောများဆုံး အဖြစ်အပျက်တွေ ဖြစ်နေတာလည်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ် ၂ ခုအနက် ဗိုလ်နဂါး လက်နက်ချတဲ့ ဖြစ်ရပ်က မြေပြင်မှာ သက်ရောက်မှုကြီးမားတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ လောလောဆယ်မှာပဲ အညာဒေသရဲ့ လက်နက်ကိုင်တော်လှန်ရေးအပေါ် ရိုက်ခတ်မှုတွေ ရှိနေပြီး နောက်ထပ် အကျိုးသက်ရောက်မှုတွေ ဘာတွေလာနိုင်ဦးမလဲဆိုတာ ခုချိန်မှာ တိတိကျကျ မှန်းဆလို့မရသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ လက်နက်ချသွားသူ ဗိုလ်နဂါးက ပြည်သူ့စစ်လိုမျိုး အသွင်နဲ့ အခြေစိုက်ခဲ့ရာ ပုလဲဒေသကို ပြန်လာမှာလား၊ ဒါမှမဟုတ် အဲဒီလိုလုပ်ဖို့ သူ့အနေနဲ့ ငြင်းဆန်ခဲ့ရင် စစ်တပ်ရဲ့ စောင့်ကြည့်မှုအောက်မှာပဲ ဆက်နေထိုင်သွားရတဲ့ အခြေအနေမျိုးဖြစ်မလား ဆိုတာခုချိန်မှာတော့ မသိနိုင်သေးပါဘူး။ စစ်တပ်အနေနဲ့ သူ့လို လက်နက်ချသူတွေသာမက စစ်တပ်ဆန့်ကျင်ရေး ပြောဆိုရေးသားသူတွေထဲက လူသိများသူ ထင်ရှားသူတွေဆိုခဲ့ရင် ပြစ်ဒဏ်လျှော့ပေါ့မှုနဲ့ ပြန်လွှတ်ပြီးနောက် ၄င်းတို့ကို ထောက်ခံဝါဒဖြန့်ပြောဆိုပေးဖို့ စည်းရုံးတာတွေ ပြီးခဲ့တဲ့နှစ်တွေကတည်းက စည်းရုံးပြောဆိုခဲ့တဲ့ သာဓကတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်နဂါးက လက်နက်ကိုင်ကာ စစ်တပ်ကို တိုက်ခိုက်တော်လှန်ခဲ့ရာက အခုလို လက်နက်ချသွားတဲ့နောက် ဒီဒေသမှာ စစ်တပ်လက်အောက်မှာ ကာကွယ်ရေးအဖြစ် ပြန်လည်အသုံးချဖို့ စည်းရုံးမဲ့ အလားအလာက သေချာသလောက် ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဗိုလ်နဂါးအနေနဲ့ ရွေးချယ်၊ မရွေးချယ်ဆိုတဲ့ အဖြေတော့ ခုနေခါ မသိနိုင်သေးပါဘူး။
ဗိုလ်နဂါး လက်နက်ချသွားတဲ့ ဖြစ်ရပ်ကနေ အာဏာသိမ်းစစ်တပ် အမြတ်ထွက်ခဲ့တာကတော့ အငြင်းပွားစရာ ကိစ္စတရပ် မဟုတ်တော့ပါဘူး။ လူအင်အား ၄/၅ ရာဂဏန်း ရှိပြီး ပုလဲနယ် တဝိုက်မှာ နယ်မြေတွေ အနေအထား၊ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အနေအထားနဲ့ ပါဝင်သူတွေရဲ့ နောက်ခံအကြောင်း၊ ဆက်နွယ်သူတွေ ကို သိရှိထားသူ၊ တော်လှန်ရေး အင်အားစုတွေရဲ့ ဝင်ငွေရရှိတဲ့ လမ်းကြောင်းတွေကို သိရှိထားသူ၊ မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှု ဆက်စပ်မှုတွေကို သိရှိသူ တဦးဖြစ်လို့ ၄င်းဆီက ရတဲ့ သတင်းအချက်အလက်တွေဟာ အာဏသိမ်းစစ်တပ်အဖို့ ကာလအကန့်အသတ် တခုထိ အသုံးတည့်မှာ ဖြစ်ပါတယ်။
ဒီဗိုလ်နဂါး လက်နက်ချတဲ့ နောက်ဆက်တွဲ အဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ ဆိုရှယ်မီဒီယာပေါ်က အငြင်းအခုံတွေမှာ ပုလဲနဲ့ ယင်းမာပင် ဒေသခံတွေရဲ့ နောက်ဆက်တွဲ ခံစားရနိုင်တဲ့ အကျိုးသက်ရောက်မှုတွေထက် ဗိုလ်နဂါးနဲ့ ပကဖ တို့အကြားက အငြင်းအခုံ၊ ဗိုလ်နဂါးကို ထောက်ခံခဲ့သူတွေနဲ့ NUG ၊ ပသုံးလုံးအဖွဲ့တွေကို ထောက်ခံသူတွေအကြား ကိုယ်မှန်ကြောင်း သက်သေပြ ငြင်းခုံကြတာက အများစုတွေ့ရတာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ကနေ သင်ခန်းစာယူဖို့ အချက်ထက် မိမိတို့ မှန်ကန်ကြောင်း သက်သေပြဖို့ကို ပိုပြီးစိတ်အားထက်သန်နေကြတဲ့ သဘောတွေတွေ့နေကြရတာ ဖြစ်ပါတယ်။ ပုလဲနဲ့ ၄င်းနဲ့ထိစပ်နေတဲ့ နယ်မြေတွေက ကျေးရွာတွေ ဒေသခံတွေ သက်ရောက်ခံစားရမယ့် အခြေအနေတွေ အကြောင်းကို သိပ်ပြီးစိတ်မဝင်စားကြတာလည်း တွေ့ကြရမှာပါ။
မြန်မာဆိုရှယ်မီဒီယာ ပလက်ဖောင်းဟာ အချင်းချင်း ချိတ်ဆက်ဖို့ သတင်းဖလှယ်ဖို့၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု၊ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုမှာ ပါဝင်/ကူညီကြဖို့ နှိုးဆော်နိုင်တဲ့ ပလက်ဖောင်းတခု ဖြစ်ပါတယ်။ ကျရောက်နိုင်တဲ့ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်လို့လည်း နှိုးဆော် သတိပေးနိုင်တဲ့ အသုံးအဝင်ဆုံး ဆက်သွယ်ရေး လမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။
ဖုန်း၊ ကေဘယ် အင်တာနက်တွေ ပြတ်တောက်နေတဲ့ အခြေအနေမှာ စတားလင့်ခ် လို ဂြိုဟ်တုဆက်သွယ်မှုကို အသုံးပြုပြီး အင်တာနက် သုံးနိုင်အောင် ကြိုးစားလာကြတာကလည်း အကောင်းဘက်က ရလဒ်တခု ဖြစ်ပါတယ်။
မြန်မာဆိုရှယ်မီဒီယာတွေမှာ ဗိုလ်နဂါးနဲ့ပတ်သက်တဲ့ သတင်းပြီးနောက် စိတ်ဝင်စားဆုံး လက်ရှိ အပြောများဆုံး နောက်သတင်းက ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာနဲ့ သူ့ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားထားတဲ့ အမှုကိစ္စ ဖြစ်ပါတယ်။ ဗိုလ်နဂါး လက်နက်ချတဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ညမှာပဲ စုံစမ်းစစ်ဆေးမှု ရလဒ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်စာထွက်ပေါ်လာပြီးနောက်မှာ တပြန်တလှန် ငြင်းခုံကြ၊ အချက်အလက်တွေ ထပ်ပြီးဖြန့်ဝေကြရာက ဆိုရှယ်မီဒီယာနဲ့ မြန်မာသတင်းဌာနတွေရဲ့ သတင်းစာမျက်နှာတွေမှာ ဝန်ကြီးချုပ်ရုံးအတွင်းဝန်ရဲ့ အမှုကိစ္စသတင်းက ရက်အတန်ကြာနေရာယူထားကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
အမှုကို စုံစမ်းစစ်ဆေးတဲ့အဖွဲ့ရဲ့ ရလဒ် ဖြစ်တဲ့ ပြင်းထန်စွာသတိပေးခြင်း ဆိုတဲ့ ရလဒ်က နောက်ဆက်တွဲ ပြင်းထန်နဲ့ ဝေဖန်မှုတွေ ပေါ်ထွက်စေပြီး ရက်ပိုင်းအတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ ကျင်းပရတဲ့ အခြေအနေထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ဟာ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေး စစ်ရေး ဦးဆောင်အဖွဲ့ကြီးဖြစ်တဲ့ NUG အစိုးရရဲ့ တာဝန်ခံမှုနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တာကြောင့် အရေးကြီးတာ မှန်ပါတယ်။ သို့ပေမယ့် ဒီဖြစ်ရပ်က လတ်တလော မြေပြင်မှာ ဖြစ်ပျက်နေတဲ့ စစ်ရေး အခြေအနေ၊ အညာဒေသက စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြဿနာတွေ၊ NUG နဲ့ မဟာမိတ် အဖွဲ့တွေအကြားက ပူးပေါင်းဆောင်ရွက်မှု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ချင်းချင်းအကြားမှာ လတ်တလောဖြစ်ပွားနေတဲ့ အောက်ခြေက လက်နက်ကိုင်တပ်အချင်းချင်း ပွတ်တိုက်မှုတွေ စတာတွေကလည်း အထက်က ပြဿနာတွေထက် မပိုတောင် တန်းတူ အရေးကြီးတာ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ပြဿနာတွေဟာ အများပြည်သူရဲ့ အမြင် public opinion ကို အတိုင်းအတာတခုထိ ထင်ဟပ်တာ မှန်ပေမဲ့ ဆိုရှယ်မီဒီယာပေါ်က ပြဿနာတွေနဲ့ချည်း အာရုံစိုက် အချိန်ကုန် မနေကြဖို့လည်း အရေးကြီးကြောင်း သတိပေးလိုခြင်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar