Breaking News

ကိုရာဇာ - လက်ယဉ်တဲ့ ကဗျာဆရာ ၃+၄

ပန်းချီ မောင်နိုး


ကိုရာဇာ - လက်ယဉ်တဲ့ ကဗျာဆရာ ၃+၄
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆


မနေ့က လက်ယဉ်တဲ့ ကဗျာဆရာရဲ့ နောက်ဆုံးခရီးကို ပုသိမ်အရောက်သွားပြီး နှုတ်ဆက်တယ်။ ပုသိမ်သွားနေတုန်း ကားပေါ်မှာ ဖုန်းခနထုတ်ပွတ်တာပေါ့။ လှိုင်သာယာ အမေ့အိမ်ကျောင်းမှာကတည်း ခင်မင်ရင်းစွဲရှိတဲ့ ဆရာမ မစပယ်က ကျနော့်ရဲ့ပို့စ်တခုမှာ ကွန်မန့်ဝင်ရေးထားတယ်

“ကိုမိုးလည်း ပြီးခဲ့တဲ့မေလက ဆုံးပြီ” တဲ့

ကျနော် ငေါင်သွားတယ်၊ ကြောင်သွားတယ်၊ ငိုင်သွားတယ်၊ မှိုင်သွားတယ်၊ တွေသွားတယ်၊ ဝေသွားတယ်၊ ငေးသွား ဆွေးသွားရသလို အတွေးတွေအများကြီးနဲ့ ငုတ်တုတ်မေ့ခဲ့ရတယ်။

ကိုမိုးကြီးနဲ့ နောက်ဆုံးဆုံတွေ့ခဲ့ရမှုကို ပြန်စဉ်းစားကြည့်တော့ သိဏ်းသိဏ်းရဲ့နာရေးပါရောလား။ ဟုတ်တယ်။ သိဏ်းသိဏ်းဆုံးတုန်းက ကိုမိုးကြီးကို နောက်ဆုံးတွေ့ခဲ့ရတာပါပဲ။ ဟိုးစတွေ့ခါစလောက် မနုပျိုပေမယ့် သဘောထားကတော့ အရင်လိုကြည်လင် ဝင်းပနေတုန်းပါပဲ။ ထုံးစံအတိုင်း ကျနော်တို့ လူပူလူဆူအုပ်စုကို အရက်လိုက်တိုက်တယ်။ ပြီးတော့ အတည်လား နောက်သလားမသိ စကားတခွန်းဆိုတယ်

“ ကိုသိန်းလွင်က ပေါ့သေးသေးတော့မဟုတ်ဘူးဗျ ကျနော်တို့ပေါင်းတည်ရဲ့ မီးသင်္ဂြိုလ်စက်ရဲ့ တရာပြည့်မြောက်အလောင်းအဖြစ် မီးရှို့ခံရတာ” တဲ့။ သူ့သူငယ်ချင်းအပေါ် အဲ့သလောက်ချစ်တတ် အလေးထားတတ်တဲ့သူကြီးပါပဲ။

စားသောက်ပြီးတာနဲ့ နမော်နမဲ့နိုင်လွန်းတဲ့ ကျနော်တို့တွေဟာ မူးရူးပြီး ပြန်ခဲ့ကြတယ်။ ခုလိုဖြစ်မယ်မှန်းသိ အဲ့ကတည်းက ကိုမိုးကြီးနဲ့ ဘယ်လိုအဆက်အသွယ်လုပ်ရမယ် ဘယ်လိုစကားပြောဖြစ်အောင် ဖန်းတီးရမယ် တယောက်သတင်းစကား ဘယ်လိုပါးရမယ်ဆိုတာမျိုး စီမံပြီး မိတ်ဆွေဝတ္တရားမပျက် နေထိုင်ကြရမယ်ဆိုတာမျိုး မလုပ်ခဲ့တာကိုပဲ ခုတော့ ယူကြုံးမရ ဖြစ်နေမိပြီလေ။

ကိုမိုးကြီးရဲ့ပုံရိပ်တွေ ကျနော့်အာရုံမှာ ပြက်ပြက်ထင်ထင် မြင်လာနေမိတယ်။ သုဝဏ္ဏ ပီဆားနိုးများပဲခေါ်ခေါ် သုဝဏ္ဏက အနေထိုင်မတတ်သူ လူတစုခေါ်ခေါ်ပေါ့။ အဲ့ဒီလူတွေ စုဝေးနေထိုင်ရာရဲ့ အိမ့်ကြီးရှင်ကိုမိုးကြီးဟာ တနင်္ဂနွေအပတ်စဉ်တိုင်း စားစရာတွေ သောက်စရာအရက်တွေ စာအုပ်တွေ ဗွီစီဒီ ကာရာအိုကေချပ်တွေနဲ့ အမြဲလိုကိုယ်ထင်ပြစမြဲပါ။

သုဝဏ္ဏကို ကျနော်ရောက်ပြီး သိပ်မကြာတဲ့ တနင်္ဂနွေတနေ့။ သိဏ်းသိဏ်းက ပန်းချီဆွဲနေသလား ချဲတွက်နေသလားမမှတ်မိ။ ဘောလုံးသမား ကိုဝင်းနိုင်ဦးကတော့ အောက်ထပ်ဆင်းမလာသေး။ ကျနော်နဲ့ ဝင်းမြင့်နှစ်ယောက်သား လျှောထားတဲ့ အဝတ်အစားတွေကို မြက်ခင်းပြင်ပေါ်တချို့၊ သမံတလင်းပေါ်တချို့၊ သရက်ပင်ပုလေးပေါ်တချို့ လိုက်လှန်းရင်း စကားပြောနေတုန်း ခြံတံခါးဝမှာ ကားဟွန်းတောက်သံကြားရတယ်။ ဝင်းမြင့်က ကျနော့်ကို ခေါင်းဆတ်ပြလို့ ကျနော်တံခါးသွားဖွင့်တော့ ဆလွန်းကားတစီး လျှောကနဲဆို ကျနော်နဲ့ ခြံတံခါးကို ဖြတ်သန်းသွားတယ်။ တံခါးပိတ်ပြီး အိမ်ဖက်ပြန်လျှောက်လာတော့ သိဏ်းသိဏ်းရယ် ဝင်းမြင့်ရယ် ကျနော်မသိတဲ့လူတယောက်ရယါ်ဆင်ဝင်အောက်မှာ ရပ်စကားပြောနေကြပါတယ်။

သူတို့တွေဘေးကနားထောင်တော့ ကျနော်မသိတဲ့လူစိမ်းဟာ ကျနော်နှစ်ဆင့်ထပ် ကပ်နေရတဲ့ အိမ်ပိုင်ရှင်ကိုမိုးကြီးတဲ့။ အသားဖြူဖြူ မျက်လုံးပြူးပြူး မျက်ခုံးကောင်းကောင်း ခန္ဓာကို တုတ်တုတ်ခိုင်ခိုင် ပြုံးရွှင်နေတဲ့မျက်နှာထားနဲ့ ကိုမိုးကြီးက ကျနော့်ကို နှစ်လိုဖွယ်ရာပြုံးပြလို့။ ကျနော်လည်း ပြန်နှုတ်ဆက်ပေါ့လေ ဒီလောက်ပါပဲ။ ဟိုနှစ်ယောက်ကတော့ရှင်းတယ် အိမ်ပိုင်ရှင်နဲ့ လာပြီးခိုကပ်နေတဲ့ကျနော့်ကို မိတ်လည်းမဆက်ပေးဘူး။ ခနနေတော့ ကိုဝင်းနိုင်ဦးဆင်းလာတယ် ဘာတွေသယ်ရမလည်းမေးပြီး ကားပေါ်ပါလာတဲ့ ပစ္စည်းတွေ အိမ်ထဲသွင်းတယ်။

ပစ္စည်းသယ်ကူရင်း စပ်စုကြည့်လိုက်တော့ လတ်တလောစားလို့ရတဲ့ သားငါးစိမ်းတချို့၊ တာရှည်ခံအခြောက်အခြမ်း၊ စာအုပ်လေးငါးဆယ်အုပ်၊ ကာရာအိုကေ ဗွီစီဒီနှစ်ချပ်လောက်နဲ့ Malt Whisky သုံးပုလင်းရယ်ပဲ။

“ကဲ ကိုသိန်းလွင်ရေ အဆင်ပြေသလိုသာ စီမံပေတော့” လို့ ကိုမိုးကြီးကဆိုပါတယ်။ သိဏ်းသိဏ်း ဟင်းချက်ဖို့ပြင်ဆင်နေတုန်း ဘောလုံးသမားကအပြင်ထွက်သွားတယ်။ အဲ့တခါတည်းမဟုတ်ဘူးနော် အခါတိုင်းပဲ သိဏ်းသိဏ်းဟင်းချက်ပြီဆို ဘောသမားက အိမ်ကနေထွက်ပြီ။ ဘာကြောင့်ရယ်လို့ ခုချိန်ထိမသိပါဘူး။

ကိုမိုးကြီးကတော့ သူ့အခန်းထဲဝင် ဘောင်းဘီတိုဝတ် လည်ရှည်ဖိနပ်စီး ခမောက်ဆောင်း မြေဆွခက်ရင်းခွတဖက် အပင်ညှပ်ကပ်ကြေးတလက်တဖက်နဲ့ သူ့ခြံထဲ ပေါင်းတွေရှင်းတယ် အပင်တွေညှပ်တယ်။ ကျနော်နဲ့ ဝင်းမြင့်လား။ သူဌေးထက်ဌေးတဲ့ကောင်တွေဆိုတော့ သူဌေးဝယ်လာတဲ့အရက်ပုလင်းဖွင့် တယောက်တခွက်ငှဲ့ ဖြေးဖြေးချင်း စတင်ဇိမ်ခံတာပေါ့။ သောက်ရင်း အိုးသူကြီး သိဏ်းသိဏ်းကို ဘာကူရမလည်း တချက်တချက်ထကြည့်တာပေါ့။ မလိုပါဘူးတဲ့။ ဒါပေမယ့် ငါးဟင်းချက်တော့ ငါးတွေကို ရေမဆေးပဲ ဒီတိုင်းကြီး ဟင်းအိုးထဲထည့်ပလိုက်တာတွေ့တယ်။

“ဟာ… သိဏ်းသိဏ်း ငါးတွေရေမဆေးဘူးလားဗျာ” ဆိုတော့

“ ဟ ရေထဲကဖမ်းလာတဲ့ငါးကို ရေဆေးစရာလားကွ စောက်ကလေးလျှာမရှည်နဲ့ ကိုယ့်ဖာသာသွားသောက်ရင်း စောက်တင်းတုပ်နေစမ်းပါ မင်းနဲ့ဝင်းမြင့်ကလိုက်ပါတယ်” ဆိုပြီး မောင်းထုတ်ခံရတာပါပဲ။

ခနလေးကြာတော့ ခြံထဲသန့်ရှင်းရေလုပ်နေတဲ့ ကိုမိုးကြီး အိမ်ပေါ်ပြန်တက်လာ။ သေချာသတိထားမိတော့မှ ခမောက်နဲ့ လည်ရှည်ဖိနပ်နဲ့ ကိုမိုးကြီးရဲ့သွင်ပြင်က သူဌေးတော့သူဌေးရုပ်ပါပဲ ခေတ်ပျက်သူဌေးပုံမပေါက်ပဲ ရိုးသား ကြိုးစားတဲ့ တောင်သူ သူဌေးနဲ့ပိုတူနေတာ သတိထားမိလိုက်တယ်။ သူရေမိုးချိုးပြီးတာနဲ့ စားဖိုမှူးသိဏ်းသိဏ်းလည်း ချက်ရေးပြုတ်တာပြီးပြီ။ အမြည်းတွေကို ရှိတဲ့ပန်းကန်ထဲထည့် မော့ဝီစကီလေး သုံးခွက်လောက်သောက်ပြီးတာနဲ့ ကိုမိုးကြီးတယောက် ကာရာအိုကေစက်ကို အကျအနဆင်တော့တာပဲ။ ငါးခွက်မြောက်တာနဲ့ ကိုမိုးကြီးက ချစ်မိုးကြီးသီချင်းကို မုအပြည့်နဲ့စဆိုပါတော့တယ်။

သိဏ်းသိဏ်းက ကျနော့်ဖက်ကို ခေါင်းစောင်းလိုက်ပြီး “မိုးကြီးစကားပြောတာ မင်းသတိထားမိတယ်မလား စကားထစ်နေတာ အဲ့ဒါ ဒီကောင့်ကို သီချင်းများများဆိုရင် စကားထစ်ပျောက်တယ်လို့ ဘယ်ကောင်ကျပ်လိုသလည်းမသိဘူး အဲ့ကစလို့ ကြုံတဲ့နေရာ သီချင်းဆိုတော့တာပဲ” တဲ့။ ဟုတ်မဟုတ်မသိရပါ။ ကိုယ်တွေဇာတ်လိုက် လက်ယဉ်တဲ့ကဗျာဆရာကတော့ ...

(ပန်းချီ - မောင်နိုး)

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar