မောင်လူမွှေး - တောင်တန်းကြီးကို ကြည့်ပြီး လွမ်းတယ်
မောင်လူမွှေး - တောင်တန်းကြီးကို ကြည့်ပြီး လွမ်းတယ်
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆" တခါ တခါကြတော့လည်း တောင်တန်းကြီးကို ကြည့်ပြီး လွမ်းနေတော့တာ။ ဒီလိုအခါမျိုးဆို ဘာမှကို လုပ်ချင်၊ကိုင်ချင်စိတ်တွေမရှိတော့ဘူး" လို့ တောင်တန်းကြီးရဲ့ ခြေရင်းမှာ ရှိတဲ့ စစ်ရှောင်စခန်းက သက်ကြီးရွယ်အို အမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။ မောင်လူမွှေးဟာ တောင်ခြေက စစ်ရှောင်စခန်းလေးကို အာဟာရ ကျွေးမွေးရင်း၊ ဆီလှူဒါန်းပေးရင်း ညအိပ်ညနေ ရောက်နေတာပါ။
မောင်လူမွှေးရောက်နေတဲ့ စစ်ရှောင်စခန်းဟာ ဒေသတွင်း နာမည်ကြီး ပျူစောထီးကျေးရွာတစ်ရွာကနေ ထွက်လာကြတဲ့ ပြည်သူတွေနေထိုင်ကြတဲ့ စစ်ရှောင်စခန်းဖြစ်တယ်။ ဒီတော့ စစ်ရှောင်စခန်းက ပြည်သူတွေဟာ သူတို့ရဲ့ ဇာတိ ရွာနာမည်ဆိုးရဲ့ ရိုက်ခတ်မှုဒဏ်ကို အနည်းနှင့်အများ ခံခဲ့ကြရတယ်။ အစောပိုင်းကာလတွေမှာ ခွဲခြားမှုဒဏ်ကိုလည်း ခံခဲ့ကြရတယ်။
" ကျမ ရွာထဲကိုသွားပြီး ဟင်းချက်စရာသွားဝယ်တော့.ကျမတို့ရွာကဆို မရောင်းဘူး လို့တောင် အပြောခံခဲ့ရတယ်" လို့ နောက်စစ်ရှောင်အမျိုးသမီးတစ်ဦးက သူတို့ရောက်လာခါစနှစ်ပိုင်းအချိန်တွေက အဖြစ်အပျက်ကို ပြန်ပြောပြတယ်။ လက်ရှိအချိန်မှာတော့ ဒီလို ခွဲခြားမှုဒဏ်တွေကို ခံရတာ သိပ်မရှိတော့ဘူးလို့လည်း ဆိုပါတယ်။
စစ်ရှောင်တွေချင်းတူရင်တောင် အဲ့ဒီနာမည်ကြီးပျူစောထီးကျေးရွာက ထွက်လာကြတဲ့ စစ်ရှောင်တွေဟာ ပိုပြီး အထီးကျန်ဆန်ကြတယ်။ ပိုပြီးသိမ်ငယ်ကြ တယ်ဆိုတာ အတွေ့အကြုံတွေအရ မောင်လူမွှေး နှလုံးသားက ခံစားမိတာ ကြာပြီဖြစ်တယ်။
" သာရေး၊နာရေးဆို ပိုက်ဆံကူရင်လည်း ကိုယ့်နာမည်နောက်မှာ ရွာနာမည်ကို မထည့်ဘဲ ကိုယ့်စစ်ရှောင်စခန်းနာမည်ကိုပဲ ထည့်ကြတယ်။ အခုနောက်ပိုင်းမှာတော့ ကျမတို့ရွာက လူအချို့က သူတို့နာမည်နောက်မှာ ရွာနာမည်ကို ထည့်လာကြပါပြီ၊ ဘာပဲဖြစ်ဖြစ် ကျမကတော့ ကိုယ့်ရွာနာမည်လေးထည့်ချင်တယ်" လို့ အမျိုးသမီးတစ်ဦးက ပြောပြတယ်။ ကိုယ့်ရွာဟာ နာမည်ဆိုး ဘယ်လောက်ပဲ တွင်တွင် ကိုယ့်ဇာတိရွာကိုချစ်တဲ့စိတ်ကို လှစ်ခနဲ မြင်လိုက်ရတယ်။
မောင်လူမွှေးရှေ့မှာ စစ်ရှောင်စခန်းတဲတွေက လာချထားကြတဲ့ စားစရာ အမြည်းခွက်ကလေးတွေ တော်တော်များများရှိနေတယ်။ ပြီးတော့ စစ်ရှောင်တဲတွေကနေ မောင်လူမွှေးဆီလာပြီး စကားပြောနေကြတဲ့သူတွေလည်း ဝိုင်းနေကြပါတယ်။ မောင်လူမွှေးက သူတို့ချထားတဲ့ ရေနွေးကြမ်းအမြည်းတွေကို ပြန်စားခိုင်းတော့လည်း သူတို့မစားကြပါဘူး။ နည်းနည်းကြာလာတဲ့အခါမှာတော့ နှစ်ယောက်သုံးယောက်လောက် အမြည်းပန်းကန်တစ်ခုစီကနေ ယူစားကြတာကို တွေ့ရပါတယ်။
မောင်လူမွှေးလည်း သူတို့ကို လှူစရာရှိတာလှူ၊ အချင်းချင်း မေတ္တာထားကြဖို့၊ စည်းလုံးညီညွတ်ကြဖို့ ဟောပြောပြီး ပြန်ခဲ့ပါတယ်။ " သူတို့တွေက အမြည်းပန်းကန်တွေကို ကိုယ်ယူခဲ့တဲ့အမြည်းပန်းကန်ထဲကပဲ ကိုယ်ယူစားကြတာ။ အခြားသူယူခဲ့တဲ့ ပန်းကန်ထဲက အမြည်းကို အခြားတစ်ယောက်က ယူမစားကြဘူး" လို့ မစ်(စ)မွှေးက သူမြင်ခဲ့တာကို လမ်းမှာ ပြန်ပြောပြပါတယ်။မစ်(စ)မွှေးစကားကို ကြားရပြီးတဲ့အခါမှာ မောင်လူမွှေး သူတို့တွေအတွက် စိတ်မကောင်းဖြစ်ရတယ်။
ခွဲခြားဆက်ဆက်ခံရတဲ့ လူ့အဖွဲ့အစည်းဟာ သူတို့အချင်းချင်း စည်းလုံးဖို့ ပိုခက်တယ် ဆိုတဲ့ စကားကို သတိရမိတယ်။ တောင်တန်းကြီးတွေကို ကြည့်ပြီး လွမ်းရသူတွေအချင်းချင်းကြားမှာ တောင်တန်းကြီးတွေများခြားနေကြသလား ၊ မောင်လူမွှေးရဲ့ ပြောဆိုခဲ့မှုတွေကရော တောင်တန်းကြီးတွေကို ဖြိုနိုင်ပါ့မလား ဆိုင်ကယ်စီးနေရင်း စဥ်းစားမိပါတယ်။ အဓိက တရားခံဟာ ခွဲခြားဆက်ဆံခံခဲ့ရမှု၊ ဆင်းရဲချို့တဲ့လွန်းမှုတွေကြောင့် ဖြစ်တယ်။
တောင်တန်းကြီးကိုကြည့်ပြီး လွမ်းကြသူတွေကြား တောင်တန်းကြီးမခြားအောင်၊ အချင်းချင်းစည်းလုံးညီညွတ်အောင် ကိုယ်အဟာရ၊ စိတ်အဟာရ ဖြည့်တင်းနိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးစားကြရမှာပါ။ စည်းလုံးညွီညွတ်ခြင်းဆိုတာ မိသားစု၊ ရပ်ရွာ စတဲ့ Community တစ်ခုချင်းစီကနေ အစပြုရတာဖြစ်တယ်။ တော်လှန်ရေးအောင်မြင်ဖို့၊ စစ်အာဏာရှင်စနစ်ကျဆုံးဖို့ လူ့အဖွဲ့အစည်းလေးတွေအားလုံး အချင်းချင်းညီညွတ်ရေးကို သိတတ်တဲ့သူတွေက ဦးဆောင်ကြိုးပမ်းကြဖို့ လိုအပ်တယ်။ တောင်တန်းကြီးတွေမခြားရအောင်၊ တောင်တန်းကြီးကိုကြည့်ပြီး အထီးကျန်တဲ့သူတွေနည်းလာအောင် ဝိုင်းဝန်းကြိုးစားကြရမှာ ဖြစ်ပါတယ်ခင်မျာ...။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
