ပုလဲ နဲ့ ယင်းမာပင်က ဗိုလ်နဂါး လက်နက်ချတဲ့ ဂယက်နဲ့ ဝန်ကြီးချုပ်ရုံး အတွင်းဝန်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ဂယက်
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၉ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆
ပုလဲ နဲ့ ယင်းမာပင်က ဗိုလ်နဂါး လက်နက်ချတဲ့ ဂယက်နဲ့ ဝန်ကြီးချုပ်ရုံး အတွင်းဝန်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ဂယက်
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ပုလဲမြို့နယ်က BNRA တပ်တွေကို NUG လက်အောက်ခံ တပ်ရင်းတွေက အလုံးအရင်းနဲ့ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ၂ ရက်အတွင်း ဗိုလ်နဂါးက စစ်တပ်နဲ့ ဆက်သွယ် လက်နက်ချခဲ့တဲ့နောက် စစ်ကိုင်းတိုင်းထဲက ပုလဲ နဲ့ ယင်းမာပင်မြို့နယ်တွေသာမကပဲ ထိစပ်နေတဲ့ နယ်မြေတွေမှာ ရှိနေကြတဲ့ PDF တပ်ဖွဲ့တွေ၊ စခန်းတွေ နဲ့ တည်နေရာ၊ လှုပ်ရှားမှုတွေအပေါ် လျင်မြန်တဲ့ သက်ရောက်မှုတွေ ရှိနေသလို အာဏာသိမ်းစစ်တပ်ဘက်ကလည်း ဒီလိုအခြေအနေ ရရှိတဲ့ သတင်းအချက်အလက်နဲ့ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေဘက်က နာရီပိုင်းအလိုက် ပြောင်းလဲနေတဲ့ အခြေအနေ၊ အခွင့်အလမ်းတွေကို လက်လွတ်မခံဘဲ အသုံးချဖို့ လျင်မြန်စွာ ပြင်ဆင်လုပ်ဆောင်နေတာတွေ တွေ့နေရတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း အောက်ပိုင်း ပုလဲ၊ ယင်းမာပင် တဝိုက်မှာနေထိုင်ကြတဲ့ ဒေသခံလူထုတွေ အနေနဲ့ ဗိုလ်နဂါးတပ်တွေကို NUG လက်အောက်က တပ်ရင်းတွေက တိုက်ခိုက်မယ်ဆိုချိန်ကတည်းက တိမ်းရှောင်နေကြရာက နောက်ဆက်တွဲ ဗိုလ်နဂါး လက်နက်ချပြီးနောက် စစ်တပ်ဘက်က ရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ လေကြောင်းက တိုက်ခိုက်တာ၊ မြေပြင်မှာ စစ်ကြောင်းတွေ လှုပ်ရှားတာတွေကို လျင်မြန်စွာ လုပ်ဆောင်လာနေတာလည်း တွေ့ရပါတယ်။
ဗိုလ်နဂါးရဲ့ တပ်တွေနဲ့ NUG ရဲ့ PDF တပ်ရင်းတွေအကြား တိုက်ခိုက်မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက် ဗိုလ်နဂါး လက်နက်ချသွားပြီး အာဏာသိမ်းစစ်တပ်ရဲ့ လှုပ်ရှားမှုတွေက သတင်းအချက်အလက်တွေကို အသုံးပြုပြီး စစ်ရေးအရ လျင်မြန်စွာ တုံ့ပြန်လှုပ်ရှားမှုတွေ လုပ်နေတာတွေ့ရပါတယ်။
စစ်ကိုင်းတိုင်း အညာဒေသမှာ တည်ငြိမ်နေတဲ့ စစ်ရေး ချိန်ခွင်လျှာ အပြောင်းအလဲဖြစ်ပေါ်လာနေပြီး အခြေအနေကို အခွင့်အလမ်းအဖြစ် အသုံးချဖို့ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ ဘက်ကသာမက အာဏာသိမ်းစစ်တပ်ဘက်ကလည်း အခွင့်အလမ်းကို မလွတ်တမ်း ဆုပ်ယူနိုင်ဖို့ ကြိုးစားနေတာ တွေ့နေရပါတယ်။
ယမန်နေ့က ခေါင်းဆောင်ဖြစ်သူ လက်နက်ချသွားတဲ့ BNRA တပ်ဖွဲ့တွေထဲက ၁၅၀ ဝန်းကျင် NUG လက်အောက်က တပ်ရင်းတွေထံ ရောက်ရှိနေပြီလို့ NUG ဘက်က ထုတ်ပြန်ချက်တွေမှာတွေ့ရပြီး စုစုပေါင်းလူအင်အား ၅၀၀ လောက်ရှိတယ်ဆိုတဲ့ BNRA ရဲ့ ကျန်တပ်ဖွဲ့ဝင်တွေ ဘယ်မှာ ရှိနေကြသလဲ။ ၄င်းတို့နဲ့ အတူ လက်နက်ခဲယမ်းတွေလည်း ပါရှိမှာဖြစ်လို့ ကျန်တပ်ဖွဲ့ဝင်တွေကို ထိန်းနိုင်ဖို့ NUG လက်အောက်က တပ်ရင်းတွေကလည်း ကြိုးစားနေတယ်လို့ ယူဆရပါတယ်။
သေချာတာ တချက်ကတော့ အာဏာသိမ်းစစ်တပ် အဖို့ ၄င်းတို့ထံ လက်နက်ချတဲ့ ဗိုလ်နဂါးဆီက ရရှိတဲ့ သတင်းအချက်အလက်တွေကို အသုံးချပြီး ပုလဲ၊ ယင်းမာပင် တဝိုက်ကို ထိန်းချုပ်နိုင်ရေး ကြိုးစားမှာ အသေအချာ ဖြစ်ပါတယ်။ အင်အား ၅၀၀ လောက်ရှိတဲ့ လက်နက်ကိုင်တပ်ကို အမိန့်ပေး စီမံနေသူ ဗိုလ်နဂါး သိရှိသမျှ သတင်းအချက်အလက်တွေ က တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်ချေမှုန်းဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်အဖို့ အဖိုးတန်တဲ့ သတင်းအချက်အလက်တွေ ဖြစ်နေမှာ သေချာပါတယ်။
လက်နက်ကိုင် တော်လှန်ရေးအတွက် ငွေကြေးရရှိတဲ့ အရင်းအမြစ်တွေ၊ ထောက်ပံ့တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ အခြားသော တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အဆက်အသွယ်တွေ၊ ပုလဲ၊ ယင်းမာပင် တော်လှန်ရေးနယ်မြေကို ဖြတ်သန်းသွားလာတဲ့ မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ အတွင်းကျတဲ့ သတင်းအချက်အလက်တွေကို တထိုင်ထည်းနဲ့ အာဏာသိမ်းစစ်တပ်ဘက်က ရရှိသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ရှိတဲ့ စစ်ကိုင်းတိုင်းဟာ ရှမ်းတောင်၊ ရှမ်းမြောက် ဒေသတွေနဲ့ အနောက်ဘက်မှာ ယော၊ ဆော၊ ချင်းတောင်တို့အကြား ကြားခံဇုန်နယ်မြေ ဖြစ်ပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသက အင်အားစုအချို့လည်း မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းဒေသတွေဆီ သွားရောက်ဖို့ စစ်ကိုင်းတိုင်းကို ဖြတ်သန်းကြရတဲ့ အနေအထား ရှိနေပါတယ်။ ဒီလို နောက်ခံ အခြေအနေတွေကြောင့် ဒီဒေသရဲ့ အရေးပါမှု အချက်အချာကျမှုကို ရန်သူ စစ်အုပ်စုက နားလည်သဘောပေါက်ပြီး ဖြစ်ပါတယ်။
အခုလို BNRA ခေါင်းဆောင် ဗိုလ်နဂါး လက်နက်ချသွားတာနဲ့ အတူ ပါသွားတဲ့ အချက်အလက် အရေးပါမှုတွေကို ကြည့်ရင် ဒီနယ်မြေက တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအဖို့ သတင်းအချက်အလက် လုံခြုံရေး၊ လူအင်အား ပြိုကွဲမှု၊ တော်လှန်ရေးအပေါ် ယုံကြည်မှုလျော့ကျနိုင်ခြေ အစရှိတဲ့ အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိနေသလို နွေဦးတော်လှန်ရေး တခုလုံးအတိုင်းအတာနဲ့လည်း အတိုင်းအတာတခုထိ ထိခိုက်မှုရှိနေတာ ဖြစ်ပါတယ်။
BNRA ခေါင်းဆောင် လက်နက်ချတဲ့ ဖြစ်ရပ်ကနေ လတ်တလော အရေးတကြီး ဆောင်ရွက်စရာတွေ ရှိနေသလို ပြန်လည်သုံးသပ်ပြီး သင်ခန်းစာယူစရာတွေလည်း အများကြီး ရှိနေတာ အသေအချာဖြစ်ပါတယ်။ ဒေသအလိုက် ထွက်ပေါ်လာပြီး စစ်အာဏာရှင်တပ်ကို တိုက်ခိုက်နေကြတဲ့ LPDF လို့ ခေါ်တဲ့ ဒေသကာကွယ်ရေးတပ်တွေနဲ့ ပတ်သက်လို့ NUG အနေနဲ့ ပိုမိုကောင်းမွန်တဲ့ မူဝါဒ၊ ဆက်ဆံရေးမူနဲ့ လမ်းညွှန်မှုတွေ ဖြစ်ဖို့ အရေးတကြီးလိုအပ်နေတာလည်း ဖြစ်ပါတယ်။
ဒီနေ့ အဖို့နောက်သတင်းတပုဒ်ကတော့ ဗိုလ်နဂါး လက်နက်ချတဲ့ ညမှာပဲ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ဗိုလ်နဂါးနဲ့ ပတ်သက်တဲ့ အရေးပေါ် ကြေညာချက် ထုတ်ပြန်ပြီးနောက် နာရီပိုင်းအတွင်းမှာပဲ NUG ရဲ့ ဝန်ကြီးချုပ်လက်မှတ်နဲ့ ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဖြစ်သူ ဒေါ်ကြည်ပြာအပေါ် အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးမှုစတာတွေနဲ့ တိုင်ကြားခံထားရတဲ့အမှုရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် NUG အနေနဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေကြရသလို NUG အစိုးရ ပညာရေးဝန်ကြီးဌာန လက်အောက်က အာဏာသိမ်းစစ်တပ်ကို CDM လုပ်လာခဲ့တဲ့ ပညာရေးဝန်ထမ်းတွေက အထက်က စုံစမ်းစစ်ဆေးမှု ရလဒ်နဲ့ ပတ်သက်လို့ မကျေနပ်တာကြောင့် ၄င်းတို့ လုပ်ဆောင်နေတဲ့ တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းစဥ်တွေ ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပါတယ်။
ဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖို့ အစိုးရအဖွဲ့ ပြင်ပက သူတွေ ဝေဖန်ပြောဆိုကြတာထက်ကို မိမိတို့ အစိုးရလက်အောက်က ဝန်ထမ်းတွေရဲ့ ဆန့်ကျင်သပိတ်မှောက်တဲ့ သဘောဖြစ်တာကြောင့် သက်ရောက်မှုကြီးမားနိုင်ပါတယ်။
NUG အစိုးရလက်အောက်က အခြားသော CDM ဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင်လာတာမျိုး အလားအလာလည်း ရှိနေတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ ရုံးပိုင်းဆိုင်ရာမှာ တာဝန်အရှိဆုံးလို့ ဆိုနိုင်တဲ့ အတွင်းဝန်ဖြစ်သူ တိုင်ကြားခံရတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးရာမှာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်ထွက်ပေါ်နိုင်ပါ့မလားလို့ သံသယရှိနေကြချိန် ၊ အခြားသော လူစိတ်ဝင်စားတဲ့ သတင်းကြီးတခု ဖြစ်တဲ့ ဗိုလ်နဂါး လက်နက်ချတဲ့ ဖြစ်ရပ်ဖြစ်ပေါ်နေချိန် အချိန်မဆိုင်း ထုတ်ပြန်လိုက်တာဟာ မရိုးသားတဲ့သဘော၊ လူထုကို အာရုံလွှဲစေလိုတဲ့ ရည်ရွယ်ချက်တွေ ရှိနေလိမ့်မယ်လို့ လူအများက ယူဆနေကြတာလည်း ဖြစ်ပါတယ်။
အမှန်တကယ်တော့ ဒီစုံစမ်းစစ်ဆေးမှုဟာ လွတ်လွတ်လပ်လပ်နဲ့ ပြတ်ပြတ်သားသား စုံစမ်းမေးမြန်းပြီး ဆုံးဖြတ်ရမယ့် ကိစ္စတရပ် ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကို တရားမျှတမှု၊ အဂတိလိုက်စားမှု ကင်းရှင်းမှု၊ အာဏာအလွဲမသုံးမှု၊ ကိုယ်ကျိုးမရှာမှု စတဲ့ တန်ဖိုးတွေနဲ့ ရည်မှန်းတည်ဆောက်ထားကြတာ ဖြစ်ပါတယ်။
ဒီတန်ဖိုးတွေအစား မိမိတို့နဲ့ အတူတူ လုပ်ဖော်ကိုင်ဖက် ဖြစ်ခြင်း၊ နိုင်ငံရေးပါတီတခုတည်းမှာ ပါဝင်လုပ်ဆောင်ခဲ့သူ ဖြစ်ခြင်း၊ သို့မဟုတ် အားနည်းချက်၊ အာဏာ၊ ငွေကြေးအလွဲသုံးစား ပြုလုပ်မှုတွေကို အပြန်အလှန် သိရှိနေခြင်း လိုမျိုး အကြောင်းအချက်တွေနဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်ကို လိုသလို ပုံဖော်ထုတ်ပြန်ဖို့ မသင့်လျော်တာ အမှန်ပဲ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းက ပုလဲ၊ ယင်းမာပင်နယ်မှာ စစ်ရေး အနေအထားတွေ လုံခြုံရေးအနေအထားတွေ အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်နေချိန်မှာ ဝန်ကြီးချုပ်ရုံးရဲ့ အတွင်းဝန်နဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူတို့ရဲ့ အဂတိလိုက်စားမှု၊ အာဏာငွေကြေး အလွဲသုံးမှုလို တိုင်ကြားမှု ရလဒ်ကြောင့် ပေါ်ထွက်လာတဲ့ ဂယက်တွေက ဖုံးလွှမ်းသွားဖို့ မသင့်ပါဘူး။
တော်လှန်ရေးလို့ ကြွေးကြော်ထားတဲ့ ကြွေးကြော်မှုက စစ်မှန်ခြင်း ရှိရဲ့လား ဆိုတဲ့ သံသယတွေ မေးခွန်းထုတ်မှုတွေ ပေါ်ထွက်လာနေတာကို အမြန်ဆုံး ပြတ်ပြတ်သားသား တာဝန်ယူဖြေရှင်းဖို့လိုအပ်နေတဲ့ အချိန်လည်း ရောက်ရှိနေပြီလို့ ဆိုချင်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar