စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာ ဖြစ်တဲ့ စစ်တပ်ဆန့်ကျင်ရေး တပ်အချင်းချင်း တိုက်ခိုက်မှု
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၇ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာ ဖြစ်တဲ့ စစ်တပ်ဆန့်ကျင်ရေး တပ်အချင်းချင်း တိုက်ခိုက်မှု
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် နဲ့ ယင်းမာပင်နယ်တွေဘက်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် BNRA ရဲ့ တပ်တွေကို NUG လက်အောက်က ယင်းမာပင်ခရိုင် အောက်က တပ်ရင်းတွေက ယနေ့ နံနက်စောစောမှာ စတင်တိုက်ခိုက်ခဲ့တဲ့ သတင်းက ဒီနေ့အဖို့ သတင်းဌာနတိုင်း နီးပါးဖေါ်ပြကြတဲ့ ခေါင်းကြီး သတင်းဖြစ်လာနေပါတယ်။
အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် တပ်တွေအချင်းချင်း တိုက်ခိုက်ကြတဲ့ အခြေအနေထိ ရောက်လာနေပြီလား ရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကို မတိုက်ဘဲ အချင်းချင်း ရန်သူအဖြစ် သတ်မှတ်ကာ တိုက်ခိုက်ကြပြီလား ဆိုတဲ့ ဝေဖန်မှု၊ လူထုက ခက်ခဲကြပ်တည်းတဲ့ကြားထဲက ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ ဝယ်ထားတဲ့ လက်နက်၊ ကျည်ဆံတွေနဲ့ အချင်းချင်း တိုက်ခိုက်ပြီး အလဟဿဖြုန်းတီး သလို ဖြစ်တဲ့အပြင် အသက်တွေပါ ဆုံးရှုံးကြတဲ့အထိ တိုက်ခိုက်နေကြပြီလား ဆိုတဲ့ လူအများရဲ့ ဝေဖန်မှုတွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။
နွေဦးတော်လှန်ရေး စတင်စဥ် ၂၀၂၁ ခုနှစ် ဧပြီ၊ မေလ ဝန်းကျင်ကတည်းက စစ်ကိုင်းတိုင်းထဲမှာ NUG အနေနဲ့ လက်နက်ကိုင်တပ်တွေ မဖွဲ့စည်းနိုင်ခင်မှာ ကျေးရွာအလိုက် နဲ့ ကျေးရွာတရွာထက်ကျယ်ပြန့်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ကနဦး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ကျေးရွာကာကွယ်ရေး အသွင်နဲ့ စတင်ဖွဲ့စည်းခဲ့ရာက နောက်ပိုင်း လက်နက်ပိုမိုပြည့်စုံလာ တော်လှန်ရေးအတွက် လှူဒါန်းငွေ ပိုမိုရရှိလာပြီး မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ဒေသတွေက လက်နက်ခဲယမ်းတွေ ဝယ်ယူဖြည့်တင်းလာနိုင်ခဲ့တာကြောင့် BNRA လို ဒေသအလိုက် အင်အား များပြီး ကျေးရွာတရွာမက နယ်တခုလုံးကို စိုးမိုး လှုပ်ရှားနိုင်တဲ့ တပ်ဖွဲ့တွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ စစ်ကိုင်းတိုင်းထဲမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေထက် တပ်ဖွဲ့စည်းတာ နောက်ကျခဲ့တာကြောင့် စစ်အာဏာသိမ်းပြီးနောက် ကိုယ့်အားကိုယ်ကိုးပြီး ပေါ်ထွက်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပေါင်းစည်းထည့်သွင်းဖို့ စည်းရုံးရေးနဲ့ နိုင်ငံရေး စွမ်းရည်လိုအပ်ခဲ့တာ ဖြစ်ပါတယ်။ NUG ဖွဲ့စည်းတဲ့ ဖွဲ့စည်းပုံက ၂၀၂၀ ခုနှစ်ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ NLD ပါတီတာဝန်ယူခဲ့သူတွေကို အဓိကထားရွေးချယ်ခဲ့ရာမှာ အရင်ပေါ်ထွက်ပြီးသား ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူတွေနဲ့ အဆင်မပြေဖြစ်တဲ့ ပြဿနာတွေ စတင်ကြားသိလာကြရပါတယ်။
ဗိုလ်နဂါးနဲ့ ပုလဲမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ NUG အစိုးရလက်အောက်မှာ ပုလဲ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ ဦးဇော်ထက်တို့ အကြားက ပြဿနာတွေက လွန်ခဲ့တဲ့ ၃ နှစ်ကျော်ဝန်းကျင်ကတည်းက သတင်းမီဒီယာတွေမှာ ပေါ်ထွက်နေခဲ့ပြီးဖြစ်ပါတယ်။
ဒေသကာကွယ်ရေး လက်နက်ကိုင်တပ်တွေနဲ့ NUG လက်အောက်က PDF တပ်တွေအကြား ဘယ်လို ပေါင်းစည်းကြမလဲ ဆိုတဲ့ အကြောင်းအရာထက် ပုဂ္ဂိုလ်ရေး ပဋိပက္ခသဖွယ် ပုံဖော်ခဲ့ကြပြီး ဗိုလ်နဂါးလက်အောက်က တပ်ရင်းအချို့ NUG လက်အောက်ခံအဖြစ် လှုပ်ရှားနေရာကနေ ထောက်ပံ့မှု ပုံမှန်မရတာကို အကြောင်းပြုပြီး NUG ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ အဆက်ဖြတ်တဲ့ ဖြစ်ရပ်လည်း ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီနောက်ပိုင်းမှာတော့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်နယ်မြေတွေက အခွန်အကောက် ကောက်ခံတဲ့ ဂိတ်တွေ ဖွင့်ကြတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြဿနာဖြစ်တာ၊ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ထဲက သစ်ထုတ်ကြတာတွေ နဲ့ ပတ်သက်တဲ့ အငြင်းအခုံ၊ ပဋိပက္ခပြဿနာတွေက မကြာခဏ သတင်းတွေမှာ ကြားသိလာရတာ ဖြစ်ပါတယ်။
တော်လှန်ရေး နှစ်ကြာလာတာနဲ့ အမျှ လက်နက်ကိုင်တပ်ရဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းအတွက် လိုအပ်တဲ့ ရံပုံငွေအတွက် လူထုရဲ့ အလှူထည့်ဝင်ငွေတွေနဲ့ မလုံလောက်တော့ဘဲ သယံဇာတထုတ်ယူခွင့်ပြုတဲ့ဆီကရတဲ့ ငွေ၊ ကျေးရွာတွေ မြို့တွေ ဆက်သွယ်ထားတဲ့ လမ်းတွေမှာ အခွန်အကောက်ဂိတ်ဖွင့်ပြီး ကောက်ခံတဲ့ နည်းလမ်းတွေနဲ့ ရပ်တည်လာကြရပါတယ်။ NUG လက်အောက်က PDF တပ်ရင်းတွေလည်း ဒေသခံ PDF တပ်ရင်းတွေ နည်းတူ အခွန်အကောက်နဲ့ သယံဇာတကို အမှီပြုပြီး ရပ်တည်နေကြရတဲ့ အနေအထားဖြစ်လာတဲ့အခါ အခွန်ကောက်ခံခွင့် ၊ သစ်ထုတ်လုပ်မှုအပေါ် တဖွဲ့နဲ့ တဖွဲ့ အကြား တားဆီးတာ ဖမ်းဆီးတာတွေ ဖြစ်လာခဲ့ပြီး လက်နက်ကိုင် တပ်တွေအကြားက ပဋိပက္ခက အကျိုးစီးပွား အပေါ် အခြေခံတဲ့ ပဋိပက္ခအဖြစ် အသွင်ပြောင်းလာခဲ့ပါတယ်။
BNRA နဲ့ NUG တပ်တွေအကြား ခုရက်ပိုင်း ဖြစ်ပွားတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ NUG ဘက်ကတော့ BNRA တပ်ဖွဲ့တွေကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပြည်သူလူထုကို ဖိနှိပ်တာတွေကြောင့် ပြည်ထဲရေး ဝန်ကြီးဌာနဘက်က အရေးယူဖို့ လုပ်ရတာဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနတခုထည်း အင်အားနဲ့ မလုံလောက်လို့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က တပ်တွေအကူအညီနဲ့ အရေးယူရတာလို့ သတင်းမီဒီယာကို ပြောဆိုပါတယ်။
ဖေေါ်ဝါရီ ၁၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းတွေဖေါ်ပြကြရာမှာ BNRA ဘက်က ၁၀ ဦးသေဆုံးတယ်လို့ ဗိုလ်နဂါးက ထုတ်ဖေါ်ပြောဆိုထားပါတယ်။ ပုလဲမြို့နယ် ပုပ္ပါရွာနဲ့ ချင်ပစ်ရွာက ဂိတ် ၂ ခုကို NUG လက်အောက်က PDF တပ်ရင်းတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့လည်း သတင်းဖေါ်ပြချက်တွေ အရသိရပါတယ်။
အချို့သော သတင်းဖေါ်ပြမှုတွေမှာတော့ BNRA တပ်ဘက်က YDF နဲ့ GZA တို့ကို အကူအညီတောင်းထားတယ်လို့လည်း ဖေါ်ပြထားတာ တွေ့ရပါတယ်။ အကူအညီတောင်းခံရတဲ့ BNRA ရဲ့ မဟာမိတ်တွေ ဖြစ်တဲ့ YDF နဲ့ GZA တို့က လက်ရှိ လက်နက်ကိုင်တိုက်ခိုက်မှုတွေမှာ ပါဝင်လာနေသလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
NUG ရဲ့ PDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ် အင်အား စုစုပေါင်း ရာဂဏန်းကနေ ၁ ထောင်ဝန်းကျင်လောက်ထိ ပါဝင်ပြီး လက်နက်ခဲယမ်း အစုံအလင်နဲ့ ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့တခုရဲ့ စခန်းတွေကို တိုက်ခိုက်ကြတဲ့ အဖြစ်ဟာ နွေဦးတော်လှန်ရေး ရဲ့ အောင်မြင်မှုကို ထိပါးစေနိုင်တာကြောင့် ဒီပဋိပက္ခမှာမပါဝင်တဲ့ အခြားလက်နက်ကိုင် အဖွဲ့တွေကလည်း အမြန်ဆုံး ရပ်ဆိုင်းကြဖို့ တိုက်တွန်းနေကြတာ တွေ့ရပါတယ်။ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA က ပြောခွင့်ရသူ ရဲဘော်နီနီကျော်ကလည်း လူမှုကွန်ရက်စာမျက်နှာက တဆင့် တိုက်ခိုက်တာ အမြန်ဆုံးရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။
နွေဦးတော်လှန်ရေး ရဲ့ နိုင်ငံရေး နဲ့ စစ်ရေး ရေချိန်တန့်နေ နှေးကွေးနေချိန်မှာ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အချင်းချင်း အကြား လက်နက်ကိုင် တိုက်ခိုက်ကြတဲ့အထိ ဖြစ်လာနေတာက လူထုအနေနဲ့ တော်လှန်ရေးအပေါ် အားကိုးမျှော်လင့်မှုတွေကိုလည်း ထိခိုက်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar