လေးလေး - အမေရိကန်တွေရေးတဲ့ ဝတ္ထုတိုတွေ
အမေရိကန်တွေရေးတဲ့ ဝတ္ထုတိုတွေ
လေးလေး
မိုးမခ ၊ ဖေဖော်ဝါရီ ၈ ၊ ၂၀၂၆
စာအုပ်နာမည် အပြည့်အစုံက “အကောင်းဆုံး အမေရိကန်ဝတ္ထုတိုများ ၁ (၂၀၁၇)”၊ အမေရိကန်နိုင်ငံမှာ ၂၀၁၇ ခုနှစ် အတွင်းထုတ်ဝေခဲ့ကြတဲ့ မဂ္ဂဇင်းတွေမှာ ဖော်ပြပါရှိပြီး၊ ဒီထဲကမှ ရှယ်တွေချည်း ရွေးထုတ်ထားတဲ့ ဝတ္ထုတိုတွေလို့ စာရေးသူ ဘိုဘိုဟန်ရဲ့ အမှာစာမှာ ဖတ်ရတယ်။ အမေရိကန်တွေ ရေးထားတဲ့ ဝတ္ထုတို ၁၀ ပုဒ်ကို အမေရိကန် တာဝန်ခံအယ်ဒီတာတယောက်က ရွေးပြီး ဒါတွေကို ဘာသာပြန်သူက အမှတ် ၁ ဆိုပြီး ရေးသားထုတ်ဝေဖြန့်ချိလာတာပါ။
မြန်မာမဂ္ဂဇင်းတွေမထွက်ကြတော့ မြန်မာဝတ္ထုတိုတွေ မဖတ်ရတဲ့အချိန် အမေရိကန်ဝတ္ထုတိုတွေဖတ်ရတာပေါ့လေ။ ဘိုဘိုဟန် ဘာသာပြန်ထားတဲ့ စာအုပ်တွေ အနည်းဆုံး ခြောက်အုပ်လောက်ရှိပြီမှတ်တယ်။ ဒီထဲက ဒီ စာအုပ်မတိုင်မီ “စကားလုံး ၁၀လုံးနဲ့ ယုဟွာ ပြောတဲ့ တရုတ်ပြည်”ဆိုတဲ့ ဘာသာပြန်စာအုပ် ဖတ်ဖူးတယ်။ ဘာသာပြန်လက်ရာရော စာအုပ် နှစ်အုပ်စလုံးပါ ဖတ်ကောင်းတယ်၊ စာဖတ်ဝါသနာပါသူတွေ ဖတ်သင့်တယ်။ စကားလုံး ၁၀ လုံးနဲ့ ယုဟွာ ပြောတဲ့ တရုတ်ပြည်ဆို စာအုပ်ဖတ်ပြီးတာနဲ့ လတ်တလော တရုတ်ပြည်နဲ့ တရုတ်ပြည်သူတွေကို နားလည်သွားနိုင်တဲ့ စာအုပ်ကောင်းတအုပ်ပါ။
ဘာသာပြန်စာရေးဆရာအသစ်တွေ ဖတ်မိသမျှ တရုတ်စာအုပ်တွေကို တရုတ်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်လေ့ရှိတဲ့ “တော်ကောင်းမင်း”နဲ့ အခု အဆိုတော်နာမည်နဲ့ ဘိုဘိုဟန်တို့ရဲ့ ဘာသာပြန်လက်ရာတွေဟာ အတော် ချောမွေ့ကောင်းမွန်တာ တွေ့ရတယ်။ ပြီးတော့ မြန်မာစာဖတ်ပရိသတ် ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်တွေကို ရွေးပြီး ဘာသာပြန်ပေးနေတဲ့ စာရေးသူတွေအဖြစ် အသိအမှတ်ပြုရတယ်။ တော်ကောင်းမင်းရဲ့ “ဝူဟန်ဒိုင်ယာရီ”နဲ့ ဘိုဘိုဟန်ရဲံ စကားလုံး ၁၀လုံးနဲ့ ယုဟွာ ပြောတဲ့ တရုတ်ပြည်”စာအုပ်တွေ မဖတ်ရသေးရင် ရှာဖတ်ကြည့်ကြ ဖို့ ကောင်းတယ်။
အမေရိကန်သာ ကြီးမြတ်ရမယ်ဆိုတဲ့ ထရမ့်ရဲ့ တိုင်းပြည်က စာရေးဆရာတွေ လက်ရာ ဖတ်ရတာ အမေရိကန် ဆန်ပါ့။ ကောင်လေးက ကောင်လေးရော ကောင်မလေးပါ တပြိုင်တည်း ရည်းစားထားပြီး တအိမ်တည်း နေတာလည်း ဖတ်ရတယ်၊ အရက်ဘားမှာ အရက်ငှဲ့ပေးတဲ့ ကလေးမက ဆိုင်မှာ လာသောက်နေကျ အရက်ဇိုးတယောက်နဲ့ တညလိုက်သွားပြီး အိပ်တာလည်း ဖတ်ရတယ်။ ဇာတ်လမ်းအချိုးအကွေ့တွေ၊ ဇာတ်ရှိန်တွေနဲ့ ဟိုအရင် ဝတ္ထုတိုတွေလို မဟုတ်ကြတာလည်း တွေ့ရတယ်။
ဝတ္ထုတိုတွေကို ပေးထားတဲ့နာမည်တွေကိုက အမေရိကန်ဆန်ဆန်၊ “မေဒန်ကိန်း” တဲ့၊ “တာလီ” တဲ့၊ “အာမေးဒီးယား” တဲ့၊ “ကမ်ပိုအာမိုး” တဲ့။ ဘာသာပြန်သူကတော့ တချို့ဝတ္ထုတိုတွေကို မြန်မာဆန်အောင် ပေးထားပါတယ်။ “ပျော်တာပေါ့ အမေရယ်”တဲ့၊ “လူသားစင်စစ်ဧကန်ဖြစ်၍” တဲ့။ လူသားစင်စစ်ဧကန်ဖြစ်၍ ဆိုတဲ့ဝတ္ထုတိုကတော့ ခေတ်ရှေ့ပြေးတယ်။ မျိုးဗီဇပြင်ထားတဲ့ အပြာရောင်ပင်လယ်မြက်ခင်းပြင်ထဲ လူကို ကိုက်ရင် ရောဂါမဖြစ်အောင် မျိုးဗီဇပြင်ထားတဲ့ ခွေးက မျိုးဗီဇပြင်ထားတဲ့ ဝက်ကလေးကို ကိုက်သတ်လိုက်တာမျိုး။
နောက်ဆုံး အိမ်ထောင်ရှင်အတွဲက ကလေးယူဖို့လုပ်တော့ မိန်းကလေးယူဖို့ ရွေးတယ်၊ မွေးလာတဲ့ သမီးမိန်းကလေးရဲ့ ရင်သားကို ဘယ်အရွယ်ဖြစ်စေချင်တာလဲ ဆိုတာကိုပါ မိဘတွေကို ရွေးခိုင်းတာ။ ကိုယ် လိုချင်တဲ့ ကလေးကို ဗိုက်ထဲထည့်ပြီး မွေးကြဖို့ပေါ့လေ။ ငယ်ငယ်ကဖတ်ခဲ့တဲ့ ပေါ်ဆန်းမွှေး ကာတွန်းတွေတောင် အမှတ်ရသွားတယ်။ တီဗီထဲက လူဆိုးကို အပြင်ဆွဲထုတ်ပြီး ပေါ်ဆန်းမွှေးက လက်သီးနဲ့ထိုး ဆုံးမတာလေ။
“ဝတ္ထုတပုဒ်ဖတ်လို့ ဘာအတွေ့အကြုံ ဘာရသတွေ သိမြင်ခံစားရမလဲဆိုတာ ကြိုသိထားပြီးသားဆိုရင် အဲဒီစာအုပ်ကို ခင်ဗျား လိုက်ရှာနေစရာကို မလိုဘူး၊ တကယ်လို့ ခင်ဗျားကသာ လိုလိုလားလားနဲ့ စိတ်အစဥ်ကို ဟင်းလင်းဖွင့်ထားပြီး ရသအစုံကို တငြိမ့်ငြိမ့် တသိမ့်သိမ့် ခံစားချင်ပါတယ် ဆိုရင်တော့ ဒီဝတ္ထုတိုတွေက ခင်ဗျားအတွက် မဖြစ်မနေဖတ်ရမယ့် စာအုပ်ကောင်းတအုပ်ပဲ”
အမေရိကန် အကောင်းဆုံးဝတ္ထုတိုတွေကို ရွေးချယ်စုစည်းပေးတဲ့ အမေရိကန်စာရေးဆရာမရဲ့အညွှန်းပါ။
နှစ်ကာလများ စာအုပ်တိုက်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာမှာ အုပ်ရေ ၅၀၀ ထုတ်ဝေဖြန့်ချိထားတဲ့ ဘိုဘိုဟန်ရဲ့ “အကောင်းဆုံး အမေရိကန်ဝတ္ထုတိုများ ၁”။ စာအုပ်တန်ဖိုးက ကျပ် ၂,၀၀၀၀ တိတိ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar