Breaking News

ကျော်လွင်အောင် - ဆေးရုံ ည (၇)

ကျော်လွင်အောင် - ဆေးရုံ ည (၇)

မိုးမခ ၊ ဖေဖော်ဝါရီ ၈ ၊ ၂၀၂၆



မီးဖုတ်သီး စားမိတဲ့ အကောင်လို

တစ်ခါက ဖတ်ခဲ့ဖူးတဲ့စာထဲမှာ—

ခွေးဆိုးတစ်ကောင် သောင်းကျန်းပြီး ဟိုလူ့ ကိုက်လိုက်၊ ဒီလူ့ ကိုက်လိုက်လုပ်နေလို့ အမြင်ကတ်တဲ့ လူရွတ်တစ်ယောက်က သ‌င်္ဘောသီးကို မီးဖုတ်ပြီး ခွေးဆီပစ်‌လိုက်၊ ခွေးကပြေးဟပ်တော့ ခွေးရဲ့အပေါ်နဲ့ အောက်သွားတွေအားလုံး မီးဖုတ်သီးထဲ ကျွတ်ကျန်ခဲ့တဲ့ ခွေးတစ်ကောင်နေရာမှာ ကိုယ်ချင်းစာ ခံစားမိပါပြီ။ ကိုယ်လည်း အဲဒီလို ဖြစ်နေမှကိုးဗျ။ မောင်းတံနဲ့ရိုက်မိလို့  ယိုင်နဲ့သွားတဲ့အပေါ်သွားတွေက ရှည်ကျပြီး အောက်သွားတွေနဲ့ ထောက်နေ၊ အောက်နှုတ်ခမ်းက ကြေမွ၊ ချုပ်ရိးအထပ်ထပ်နဲ့မို့ ပါးစပ်ကစေ့မရ၊ ဟရခက်တဲ့အနေအထားပါ။ ညတာရှည်လျားတဲ့ စနေနေ့ ဆေးရုံည သန်းခေါင်ယံမတိုင်ခင် အားလုံး အိပ်နေကြပုံ။ တိတ်ဆိတ်နေပေမဲ့ နောက်ထပ် ရောက်လာမယ့် လူနာတွေကို နေရာချဖို့ "ဆရာကြီး" အလုပ်ရှုပ်နေတာ တွေ့ရတယ်။

ကိုယ်လည်း အားလပ်နေတုန်း ကိုယ့်ပါးစပ်ကြီးကိုဖြဲ ကိုယ့်ဘာသာကိုယ် ဗီဒီယိုရိုက်ပြီး Gemini AI ကို အဲဒီဖိုင်တင်ပေးပြီး မေးကြည့်တော့—

 "အပေါ်သွားတွေက သုံးမရတော့ နှုတ်ပစ်ရမှာ၊ အောက်သွားတွေကို ထိန်းကြိုးနဲ့ ပြန်ညှိပြီး အပေါ် နဲ့ အောက်သွားဖုံးပေါ်မှာ အံကပ် Denture တပ်ရမယ်။ အောက်သွားတွေက Metalic Base အံကပ် လုပ်ဖို့သင့်လျော်ပြီး၊ အပေါ်သွားတွေနေရာမှာ (Flexible Denture) ဆီလီကွန်အံကပ်တပ်မှ မင်းရဲ့အပြုံး‌တွေ လှပမှာ"လို့ ဖြေပါတယ်။ 

"ဘယ်မှာ လုပ်ရမှာတုန်းဗျ" လို့ မေးတော့—

"မင်း အခုတက်နေတဲ့ ခုတင် ၁၀၀၀ ဆေးရုံကြီး၊ သွားတုဌာနမှာပဲ လုပ်ပါ"

 "ဘယ်လောက် ကုန်ကျမလဲဗျ"

"ခန့်မှန်း ၁၅ သိန်းကနေ သိန်း ၂၀ ကြား ကုန်ကျနိုင်ပါတယ်" 

" ဘ ဘ ဘုရားရေ ဘယ်နှခုနှစ်က ဈေးနှုန်းနဲ့များ တွက်ချလိုက်တာပါလိမ့်?"

စိတ်မောမောနဲ့ မှိန်းနေလိုက်တာ၊ နံနက်လင်းခါစ ဆရာဝန်လေးတွေ ဆေးလိုက်ချိတ်ပေးတော့မှ နိုးတယ်။ ကိုသက်ကို အိမ်ပြန်လွှတ်ပြီး လိုတာတွေ ယူခိုင်း၊ ပေါင်မုန့်တစ်ဖဲ့ကို ရေနဲ့မျှောချရင်း ဟာတာတာနဲ့ ဖုန်းသုံးလိုက်၊ ငိုက်မြည်းလိုက်နဲ့ အရုပ်ဆိုးတဲ့ ဆန်းဒေးမောနင်းပါဗျား။

နေမွန်းတည့်မှ အထုပ်တွေနဲ့ ရောက်လာတယ်။ 

"ကြက်ပေါင်းရည်လုပ်ပေးနေတာကို စောင့်နေရလို့ ကြာသွားတာ"

ပိုက်ကလေးနဲ့ စုပ်ယုရတဲ့ ကြက်ပေါင်ရည်ရဲ့

အာဟာရနဲ့ အရသာက အတော်လေးပြင်းတယ်၊  ပေါင်မုန့်လေးနဲ့ အဆင်ပြေပါတယ်။ ညနေခင်းမှာ ကိုသက်ကိုခေါ်ပြီး အပြင်ဘက်ထွက်၊ ဆန်ဒေး ညနေခင်း ဆေးရုံအနောက်ဘက် ဝင်လုဆဲနေရဲ့ နေပူစာ နွေးနွေးအောက်မှာ ခုံလေးတစ်လုံးပေါ်ထိုင်ရင်း နှုတ်ခမ်းထောင့်စွန်းမှာ စီးကရက်ကိုထားပြီး ရှိုက်ကြည့်တာ၊ အိုကေပါ၊  ဆေးလိပ်တစ်လိပ်အကုန်မှာ ရီဝေဝေနဲ့   ကုတင်ဆီပြန်ရောက်တဲ့အထိ လူကယိုင်နေတုန်း၊ 

"ဘယ်လိုဖြစ်ရတာပါလိမ့်၊ အမေ့ကိုကောင်းကောင်းမွန်မွန် ချက်ပြုတ်၊ ပြုစုလုပ်ကျွေးနေတဲ့ လူတစ်ယောက်ကိုမှ ဒီလိုအဖြစ်ဆိုးမျိုးကြုံရလေခြင်း" စိတ်ထဲမကောင်းဘူးလေ နော၊ အဲဒီအချိန်မှာ ဂျက်စီရဲ့ဖုန်း ဝင်လာတယ်။ 

"ကိုလေး..လား.... ရော့ ကြီးမာ ပြောလို့ရပြီ"

 "အမေ ကျနော် ဘာမှအထွေအထူး ကျိုးတာပြုတာမရှိဘူး အမေ၊ မေးရိုးတို့ လည်ပင်းတို့ ဓာတ်မှန်ရိုက်တာ အကောင်းပဲတဲ့ အမေ"

"အေး ငါက စိတ်ပူနေတာ၊ ဘာတွေများဖြစ်ကုန်ပြီလဲလို့"

"ဆိုးတော့‌ဆိုးတယ် အမေ၊ ဒါပေမဲ့ အဆိုးကြီးတော့ မဟုတ်သေးဘူး"

.... ဪ သည်အမေ၊ သည်သား  ၂ ယောက်သာ ကျန်ခဲ့တဲ့ မိသားစုမှာ ကိုယ်မရှိတော့ တခြားလူ ကူလုပ်ပေးပါစေဦး ကိုယ့်ပဲ လုပ်မြဲလုပ်ပေးချင်နေတာလေနော၊ အခုလိုဖြစ်တော့ ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။

"နေ့လယ်က အမြိုင်လည်း လာတယ်၊ နုနုနဲ့ စန်းစန်းလည်း လာကြတယ်၊ ဟင်းတွေကို စုံနေတာပဲ"

"ဟုတ် အမေ၊ ကျနော်တော့ ကြက်ပေါင်းနဲ့ ပေါင်မုန့်နဲ့ ဟန်ကျနေတယ်၊ ဒါပဲနော် အမေ"

"အေး အေး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်"

အမေနဲ့ စကားပြောအပြီးမှာ ဒီအဖြစ်အပျက်ကို သိပြီး၊ နောက်နောင် ကိုယ့်လိုအဖြစ်ဆိုးမျိုး (ဘာသတိပေးဆိုင်းဘုတ်မှ မထားဘဲ ဘယ်သူလာလာ မသိတဲ့ကောင် ဝင်တိုက်မိအောင် 'ဝါးတားဂိတ်' ကို ထောင်ချောက်တစ်ခုလို ဆင်ထားတဲ့အထဲ ဝင်တိုးမိတဲ့အဖြစ်ဆိုးမျိုး နောက်ထပ်မဖြစ်ပေါ်အောင် တားဆီးပေးနိုင်မယ့် ဆရာသမားတွေ ဖတ်မိစေချင်တဲ့စိတ်နဲ့

"သောကြာနေ့ ညနေက ကိုယ့်ရဲ့ Hitting the bamboo gate barrier  အဖြစ်အပျက်အစုံ"ကို အသိပေး အကြောင်ကြားတဲ့ 'ပို့စ်'တင်ခဲ့တဲ့ ည။ 

ဆန်းဒေး ည။

တတိယမြောက် ဆေးရုံည။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar