Breaking News

မောင်လူမွှေး - ပညာတတ်တွေ သိမ်ငယ်သွားကြရင်

မောင်လူမွှေး - ပညာတတ်တွေ သိမ်ငယ်သွားကြရင်

မိုးမခ ၊ မတ် ၂၅ ၊ ၂၀၂၆


ခုရက်ပိုင်းအတွင်း မောင်လူမွှေး အစည်းအဝေးတွေ တော်တော်တက်ရတယ်။ မောင်လူမွှေး တက်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ တကယ်အလုပ်လုပ်ရမယ့်သူတွေက အစည်းအဝေးလုပ်တဲ့ နေရာရဲ့ ချောင်အကျဆုံးနေရာမှာ ကုပ်ကုပ်လေး ထိုင်နေကြတာကို တွေ့ရတယ်။ ဒီလိုမြင်ကွင်းတွေကို မောင်လူမွှေး ခဏခဏ ကြုံဖူးခဲ့ပြီ။ ကြုံရတိုင်းလည်း စိတ်ထဲမှာ အားမလို အားမရ ဖြစ်ရတယ်။

မောင်လူမွှေးဟာ ပညာဒါနဆရာအဖြစ် ဆယ်စုနှစ်တစ်ခုနီးပါး ဖြတ်သန်းခဲ့သူမို့ ဆင်းရဲတဲ့ ကျောင်းသားမိဘတွေ အများကြီးနဲ့ တွေ့ခဲ့ရတယ်။ သူတို့သားသမီးတွေနဲ့ ပတ်သက်ပြီး အစည်းအဝေးခေါ်လိုက်ရင် အားလုံးနီးပါးဟာ စာသင်ခန်းရဲ့ နောက်ဆုံးနေရာ၊ ဘေးအစွန်တွေမှာ ကပ်ပြီး ထိုင်ကြတယ်။ အလယ်မှာ ထိုင်ကြဖို့၊ ရှေ့ကို တိုးထိုင်ကြဖို့ ပြောရတာ အစည်းအဝေးတိုင်းလိုလိုမှာပါ။ တကယ်တော့ သူတို့ဟာ အတန်းပညာမတတ်ဘူး ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်ကြတာပါ။ ဥစ္စာမချမ်းသာဘူးဆိုပြီး နှစ်မျိုးလုံး သိမ်ငယ်ကြတာတွေလည်း မနည်းပါဘူး။

စစ်အာဏာသိမ်းပြီးနောက် အစည်းအဝေးတွေမှာ သာမန်ပြည်သူတွေပါမက ပညာတတ်ဆိုသူတွေလည်း အစည်းအဝေးခန်းမတွေရဲ့ နောက်ကို နေရာလုလာကြတာ တွေ့မြင်ရတယ်။ တော်လှန်ရေးကာလဆိုတော့ ဘာလုပ်လုပ် အန္တရာယ်က မကင်းပါဘူး။ ဒီတော့ လုပ်ရမယ့်အလုပ်ကို ရှောင်ချင်ကြတာ။ သတ္တိနည်းတာကနေ ကြာလာတော့ သိမ်ငယ်တဲ့သဘော ဖြစ်မယ်လို့ မောင်လူမွှေး တွေးမိတယ်။

"ပညာတတ်လူတန်းစားတွေ နိုင်ငံရေးကို ကျောခိုင်းသွားတဲ့ ကာလရှည်ကြီး ကျနော် ကြုံခဲ့ရပါတယ်" လို့ ဆရာမောင်ဝံသ ပြောခဲ့တာကို စာရေးဆရာ မာန်(တောင်လုံးပြန်) မေးထားတဲ့ အမေးအဖြေ ဆောင်းပါးထဲမှာ ဖတ်ဖူးတယ်။ ဒီလို ကာလရှည်ကြာ နိုင်ငံရေးကို လူငယ်တွေ ကျောခိုင်းသွားတဲ့အတွက် နိုင်ငံဟာ နစ်နာခဲ့တယ်။ လူငယ်တွေ နိုင်ငံရေးကို ကျောခိုင်းသွားအောင်၊ နိုင်ငံရေးကို ရွံစရာဖြစ်အောင် လုပ်ခဲ့တဲ့ တချို့ စိတ်အပိုင်းတွေကို စိတ်နာတယ်လို့လည်း ဆရာမောင်ဝံသက ပြောခဲ့တယ်။

အခု မောင်လူမွှေးတို့ မြေပြင်မှာလည်း စစ်ရှောင်အရေးဆို ကျောခိုင်းသူ၊ ပညာရေးမှာ ကျောခိုင်းသူ၊ နောက်ဆုံး ကိုယ်လုပ်သင့်တဲ့ အလုပ်ကိုပါ မျက်နှာပြောင်နဲ့ ရှောင်လွှဲကျောခိုင်းသူတွေကို တွေ့မြင်နေရတယ်။ ဒီလို ပညာတတ်တွေကို လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တွေကနေ ကျောခိုင်းနေအောင် အဓိကလုပ်ဆောင်နေသူတွေက အာဏာသိမ်းစစ်တပ် ဖြစ်တယ်။ တမိုးလုံး ညံနေအောင် ခပ်နိမ့်နိမ့်ပျံပြီး ဗုံးကြဲပြလိုက်တာနဲ့ လုပ်ရမဲ့ အလုပ်တာဝန်တွေကို ကျောခိုင်းပစ်လိုက်ကြသူတွေက များနေတာကိုး။

ပညာတတ်တွေ အလုပ်ကနေ ကျောခိုင်းသွားကြတဲ့ အကြောင်းတရားတွေထဲမှာ မလိုအပ်တဲ့ ချုပ်ကိုင်မှုတွေ၊ မလေးစားမှု၊ အသိအမှတ်မပြုမှုတွေ၊ မထောက်ပံ့နိုင်မှုတွေ၊ စီမံခန့်ခွဲမှု လွဲမှားတာတွေ၊ ကိုယ့်ထက်သာ မနာလိုမှုတွေ စတဲ့ တော်လှန်ရေးလူမှုယန္တရားထဲက အခက်အခဲတွေ ပါတယ်ဆိုတာကိုလည်း မောင်လူမွှေးတို့ ဝန်ခံရမှာ ဖြစ်တယ်။ ဒါတွေဟာ အနီးကပ်ဆုံး တော်လှန်ရမဲ့ အရာတွေ ဖြစ်နေတယ်။ တော်လှန်တယ် ဆိုတာ ပြောင်းလဲတာပါ။ သေနတ်နဲ့ပစ်တယ်ဆိုတာ တော်လှန်ရေးရဲ့ နောက်ဆုံးနည်းလမ်းပါ။

မောင်လူမွှေးတို့တွေ ကိုယ့်ကိုယ်ကိုယ် တစ်ဦးချင်းအနေနဲ့ရော၊ အဖွဲ့အစည်းတွေအနေနဲ့ရော ပြောင်းလဲတိုးတက်အောင် ကြိုးစားဖို့ လိုနေပြီ ဖြစ်တယ်။ ပညာတတ်တွေအနေနဲ့ တာဝန်ကို မရှောင်လွှဲဘဲ နည်းနည်းလောက်တော့ အရဲစွန့် ထမ်းဆောင်ကြဖို့ လိုနေပြီ ဖြစ်တယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပညာတတ်တွေ ပါဝင်နိုင်မယ့် အခင်းအကျင်းမျိုးကို ဖန်တီးနိုင်ဖို့ လိုနေပြီဖြစ်တယ်။

"ဗုံးကြဲလို့ မသေခဲ့ရင် ဆရာ စာသင်ခန်းလုပ်တဲ့ နေရာကို မပျက်မကွက် စာလာသင်မယ်" ဆိုတဲ့ မောင်လူမွှေး တပည့်မလေးတစ်ယောက်ရဲ့ ပြောစကားကို သတိရတယ်။

"ငါ့ရေတင်ဖို့ ဓာတ်ဆီသာ နည်းနည်းပေး။ အသီးအရွက်ကတော့ ဟင်းချက်စရာကတော့ လိုအပ်တိုင်း လာခူး" လို့ တပ်ရင်းက ရဲဘော်တွေကို ပြောနေတဲ့ အဝတ်အစား ခပ်နွမ်းနွမ်းနဲ့ တောင်သူတစ်ဦးရဲ့ နေလောင်နေတဲ့ မျက်နှာကို မောင်လူမွှေး မြင်ယောင်မိတယ်။

မောင်လူမွှေးတို့ တော်လှန်နယ်မြေမှာ သိမ်ငယ်ခြင်းမရှိ ပညာလိုလားကြတဲ့ မျိုးဆက်သစ်တွေ၊ ဆင်းရဲပေမယ့် သိမ်ငယ်ခြင်းမရှိ စစ်အာဏာရှင်တော်လှန်ရေးကို အားပေးနေတဲ့ ပြည်သူတွေ များစွာ ရှိနေပါတယ်။

သူတို့တွေကို ဦးဆောင်ဖို့ တကယ်ပညာတတ်တဲ့သူတွေက အလုပ်တာဝန်ကို ကျောမခိုင်းဖို့လိုတယ်။ တော်လှန်ရေးကို ကျောမခိုင်းဖို့လိုတယ်။ ဘယ်လို အခက်အခဲကြားမှာဖြစ်ဖြစ် မသိမ်ငယ်ကြဖို့ လိုတယ်။ ပညာတတ်တွေ ကာလကြာရှည် သိမ်ငယ်သွားကြရင် နိုင်ငံရဲ့အနာဂတ်ဟာ မတွေးရဲစရာ ဖြစ်ပါတယ် ခင်ဗျာ....။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar