Breaking News

ဇာနည် (၈၈ မျိုးဆက် ဗကသ) - “ မှိုင်းမသိ သမိုင်းမသိ ”

 

 “ မှိုင်းမသိ သမိုင်းမသိ ”
ဇာနည် (၈၈ မျိုးဆက် ဗကသ)
(မိုးမခ) မတ် ၂၆၊ ၂၀၂၆


(၂၃-၃-၂၀၂၆) နေ့က ကျနော့်အနေဖြင့် ဘုရားလို (ဘုရားနဲ့တဂိုဏ်းတည်း) ကြည်ညိုလေးစားကိုးကွယ်ရသော “မဟာမှိုင်း” (စာပေ ၊လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း)ရဲ့ အနှစ်(၁၅၀) ပြည့်မွေးနေ့နှင့် (၂၃-၃-၁၉၇၆)  “မှိုင်းရာပြည့်ကျောင်းသားအရေးတော်ပုံ” အနှစ်(၅၀) ပြည့်ရွှေရတုအထိမ်းအမှတ်နေ့မှာကျနော်ရေးခဲ့တဲ့ ပို့စ်လေးတခုကိုဖတ်ပြီး ကျနော်ချစ်ခင်လေးစားရသော ပြည်တွင်းမှ “မှိုင်းရာပြည့်” အရေးတော်ပုံကျောင်းသားခေါင်းဆောင် နောင်တော် စီနီယာရဲ​ဘော်ကြီးတဦးက သူ့ဆီမှာရှိတဲ့ “မှိုင်းရာပြည့်”အရေးတော်ပုံတုံးက ဗိုလ်နေဝင်း (မဆလ)စစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်ထောင်ချခံခဲ့ရတဲ့ကျောင်းသားတွေရဲ့စာရင်းတခုပို့ပေးခဲ့ပါတယ်။  (ထိုစာရင်းထက်ပိုမိုပြည့်စုံသော ဖမ်းဆီးနှိပ်စက်ထောင်ချခံ (၇၄-၇၅-၇၆ မျိုးဆက်) များရဲ့စာရင်းတွေပြုစုနေကြောင်းသိရသဖြင့်လည်း ဝမ်းသာခဲ့ရပါသည်။) 
“ဘုရား..ဘုရား..ဘုရား..” (Oh my God!) 
သူတို့စာရင်းတွေနဲ့အတူ သူတို့တက်ခဲ့တဲ့ကျောင်းတွေကိုကြည့်ပြီး ကျနော်ဘုရားတခဲ့မိပါသည်။
လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်က နေဝင်း/စန်းယု စစ်အစိုးရရဲ့ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထောင်ချခဲ့တဲ့ကျနော်တို့နောင်တော် စီနီယာကျောင်းသားတွေအားလုံးဟာ၊ ကျနော်တို့မြန်မာပြည်ရဲ့ တကယ့်ပညာ တတ် ထိပ်တန်းတက္ကသိုလ်ကြီးတွေ (ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်) စတဲ့ ထိုအချိန်က အရှေ့တောင်အာရှမှာအကောင်းတကာ့အကောင်းဆုံးတက္ကသိုလ်ကြီးတွေက တကယ့်အတော်ဆုံး အထူးချွန်ဆုံး တိုင်းပြည်ရဲ့အညွန့်အဖူး သားကောင်းရတနာ ပညာတတ်ကျောင်းသားတွေချည်းပါကလား…။

 တကယ်တော့ လွန်ခဲ့တဲ့အနှစ်ငါးဆယ် " မှိုင်းရာပြည့်” ကျောင်းသားအရေးတော်ပုံပေါ်ပေါက်ခဲ့တဲ့ (၁၉၇၆) မှာ ကျနော်ဟာ အလယ်တန်းကျောင်းသားဘဝနဲ့ နိုင်ငံရေးစာပေတွေက စတင်လေ့လာစ၊ ဖတ်စအရွယ်ပဲ ရှိပါသေးတယ်။ “မှိုင်းရာပြည့်” ကျောင်းသားအရေးတော်ပုံဟာ ကျနော်ကိုယ်ထဲကို နိုင်ငံရေးပိုး (သွေး)တွေ သွပ်သွင်းလှုပ်ဆော်ပေးခဲ့တဲ့ အရေးအခင်းကြီးတခုလည်းဖြစ်ခဲ့ပါတယ်။
ကျနော်တို့နိုင်ငံရဲ့ တဦးတည်းသော”စာပေ၊ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးဖခင်ကြီး “ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အနှစ်(၁၀၀) ပြည့်မွေးနေ့ကိုရည်ရွယ်ပြီး၊ ကျနော်တို့နိုင်ငံ နယ်ချဲ့ဆန့် ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတလျှောက်မှာပါခဲ့တဲ့ သခင်၊ သခင်မကြီးတွေ၊ လွတ်လပ်ပြီးခေတ် နိုင်ငံရေးနဲ့စာပေအနုပညာလောကက အထင်ကရပုဂ္ဂိုလ်ကြီးတွေက “မဟာမှိုင်း” (ဆရာကြီးသခင်ကိုယ်တော်မှိုင်း) ရဲ့ကျေးဇူးတွေကိုရည်စူးပြီး ရာပြည့်အထိမ်းအမှတ်အခမ်း အနားတွေကိုပြုလုပ်ကြဖို့၊ ဗိုလ်နေဝင်း (မဆလ)အစိုးရကို တောင်းဆိုခဲ့ပေမဲ့ “မှိုင်းမသိ သမိုင်းမသိ” ဗိုလ်နေဝင်းက ခွင့်မပြုဘဲတားဆီးပိတ်ပင်ခဲ့မှုကို (၇၄-၇၅-၇၆ ကျောင်းသား) တွေက ဆန့်ကျင်ဖီဆန်ပြီး၊ ဖော်ထုတ်ဖွင့်လှစ်ပြခဲ့ကြတာပဲ ဖြစ်ပါတယ်။ (ဗိုလ်နေဝင်းဟာ လွတ်လပ်ရေးကြိုးပမ်းမှုကာလက အများစုဖြစ်ခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ “တို့ဗမာအစည်းအရုံး” နဲ့ဆန့်ကျင်ဘက် လူနည်းစု “သခင်ဗစိန်၊ သခင်ထွန်းအုပ်” တို့ရဲ့ ဂိုဏ်းသားဖြစ်ခဲ့ပါတယ်)။
 

မှတ်မှတ်ရရ ရန်ကုန်မြို့မှာ ကျောင်းသားတွေ စည်းကမ်းတကျ စီတန်းလှည့်လည်ဆန္ဒပြတဲ့(၂၃-၃-၁၉၇၆) နေ့ညနေမှာပဲ ရန်ကုန်-ပြည်အမြန်ရထားနဲ့ “ဆရာဗန်းမော်တင်အောင်” နဲ့ ”ကျုံမငေးသခင်တင်မောင်” တို့ ကျနော်တို့အိမ်ကိုရောက်လာကြပါတယ်။ နောက်တနေ့မှာ “ဆရာကြီးသခင်ကိုယ်တော်မှိုင်းရာပြည့်” အထိမ်းမှတ်ဟောပြောပွဲကို  ပေါင်းတည်မြို့မှာတပွဲနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းမွေးရပ်မြေ ရွှေတောင်မြို့ “ဝါးလည်” (ဝလယ်) ရွာမှာတပွဲပြုလုပ်ကြဖို့ပါ။ ဒါပေမဲ့ ထိုစဉ်က (မဆလ) မြို့နယ်ပါတီယူနစ်နဲ့ပြည်သူ့ကောင်စီအဖွဲ့က ကျနော်တို့အိမ်ကိုလာပြီး အခမ်းအနားမပြုလုပ်ဖို့တားမြစ်ပိတ်ပင်ခံခဲ့ရပြီး ထိုစဉ်က ပြည်သူ့ကောင်စီအတွင်းရေးမူးဆိုသူက “သခင်ကိုယ်တော်မှိုင်း ဆိုတာ ဘာမှမဟုတ်ပါဘူးဗျာ” လို့ စော်ကားပြောခဲ့လို့ ဆရာဗန်းမော်တင်အောင်၊ ကျုံမငေးသခင်တင်မောင်၊ ကျနော့်ဖခင်တို့နဲ့အပြန်အလှန်စကားများပြီး အခြေ အနေ​တွေတင်းတင်းမာမာဖြစ်ခဲ့တာကို ကျနော်ဘဝမှာမေ့ဖျောက်လို့မရခဲ့ပါဘူး။ အဲ့ဒီခေတ်က တည်းက (မဆလ)မြို့နယ်ပါတီယူနစ်နဲ့ပြည်သူ့ကောင်စီဆိုတဲ့သူတွေဟာ အဲ့လို “မှိုင်းမသိ သမိုင်းမသိ” လူစားမျိုးတွေဖြစ်ပါတယ်။
အဲ့ဒီအချိန်ကာလကို ပြန်ကြည့်တော့လည်း (၃-၁-၁၉၇၄) နေ့မှာ နေဝင်း/စန်းယု စစ်အုပ်စုဟာ သူတို့ရဲ့ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုအတည်ပြုခဲ့ပြီး နောက်ခြောက်လအကြာ (၆-၆-၁၉၇၄) နေ့မှာ အဖိနှိပ်ခံအလုပ် သမားတွေရဲ့ ဆန့်ကျင့်သပိတ်မှောက်မှု (၁၉၇၄ အလုပ်သမားအရေးတော်ပုံသပိတ်ကြီး) ပေါ်ပေါက်ခဲ့ပါတယ်။
နောက် ခြောက်လအကြာ (၅-၁၂-၁၉၇၄) နေ့မှာ မြန်မာပြည်ရဲ့ဂုဏ်ဆောင် ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမူးချုပ်ဦးသန့်စျာပနအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါတယ်။
နောက် ခြောက်လအကြာ (၆-၆-၁၉၇၅) မှာ (၁၉၇၄) ဇွန်အလုပ်သမားအရေးတော်ပုံသပိတ်နှစ်ပတ်လည် ကျောင်းသားအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့ပြန်တယ်။ 
နောက် ကိုးလအကြာ (၂၃-၃-၁၉၇၆) မှာ “မှိုင်းရာပြည့်” ကျောင်းသားအရေးတော်ပုံကြီးပေါ် ပေါက်ခဲ့ပါတယ်။
ဒါတွေဟာ ဘာကိုဖော်ပြနေသလဲဆိုတော့ ဗိုလ်နေဝင်းရဲ့(မဆလ)အမည်ခံစစ်အာဏာရှင်စနစ်ကို အဖိနှိပ်ခံပြည်သူတွေ အဖိနှိပ်ခံအလုပ်သမားတွေနဲ့ပညာတတ်ကျောင်းသားတွေက လုံးဝလက်မခံဆန့်ကျင်ခဲ့ကြတယ်ဆိုတဲ့ အပေါ်ယံရွှေမှုန်ကျဲ စစ်အာဏာရှင်၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တယားကို မျက်နှာဖုံးကိုခွာချပြခဲ့ပြီး စစ်အာဏာရှင်စနစ်ရဲ့အတွင်းသရုပ်ကိုဖော်ထုတ်ပြသခဲ့တဲ့ သမိုင်းဝင်အခန်းဆက်တော်လှန်ရေးတွေပဲ ဖြစ်ပါတယ်။
ထိုအချိန်က မြန်မာပြည်သမိုင်းမှာစစ်အာဏာရှင်စနစ်ကို မျိုးစေ့ချထူထောင်ခဲ့တဲ့ ဗိုလ်နေဝင်းဟာ သူ့ရဲ့မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးသဘက် စစ်အာဏာရှင်အတွင်းသရုပ်ကိုခွာချပြခံခဲ့ရလို့ မဟာအရှက်တော် ဖြန်းဖြန်ကွဲခဲ့ရပြီး၊ သူ့ရဲ့အတုအယောင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ဆိုတာဟာလည်း သန္ဓေတည်စမှာပဲ သားလျှောပျက်ဆီးခဲ့ရပါတယ်။ 
ဒါကြောင့်လည်း အရှက်ရ အမျက်ဒေါသထွက်နေတဲ့ အာဏာရှင်ဗိုလ်နေဝင်းဟာ ထိုအချိန်က ပေါ် ပေါက်ခဲ့တဲ့ အလုပ်သမားနဲ့ကျောင်းသားပြည်သူတွေရဲ့အုံကြွဆန့်ကျင်မှုတွေကို ယမ်းပုံမီးကျပေါက်ကွဲပြီး လူမဆန်စွာ အပြင်းထန်ဆုံ းအရက်စက်ဆုံးနည်းလမ်းတွေနဲ့ ဖြိုခွင်းသတ်ဖြတ်ခဲ့တယ်။ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့တယ်။ (ကျောင်းသားခေါင်းဆောင် ကိုဆလိုင်းတင်မောင်ဦးနဲ့ ဗိုလ်နေဝင်းကိုလုပ် ကြံဖို့ကြိုးပမ်းခဲ့တဲ့ ဗကအုန်းကျော်မြင့်တို့ကို ရက်ရက်စက်စက်ကြိုးပေးကွပ်မျက်ခဲ့ပါတယ်)။
ကျနော်တို့ရဲ့ညီအကိုတော် စီနီယာနောင်တော်ကျောင်းသားတွေရဲ့ဘဝတွေ အသက်တွေအမြောက်အမြား ပေးဆပ်ခဲ့ရပါတယ်။ ကျနော်တို့ (၈၈ မျိုးဆက်ကျောင်းသား) တွေဟာ သူတို့ရဲ့ ဘဝတွေ အသက်တွေပေးပြီး ခင်းခဲ့ရတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့ကြကြရတာပါ။ တနည်းအားဖြင့် သူတို့တတွေရဲ့မပြီးဆုံးသေးတဲ့ စစ်အာဏာရှစ်စနစ်ဆန့်ကျင်ရေးသမိုင်းအခန်းဆက်တွေကို ကျနော်တို့ခေတ် ကျနော်တို့ကာလမှာ သမိုင်းတာဝန်တရပ်အနေနဲ့ဆက်ရေးခဲ့ကြရတာဖြစ်ပါတယ်။
ယခုအချိန်မှာ သူတို့ (၇၄-၇၅-၇၆ ကျောင်းသားမျိုးဆက်)တွေဟာ အသက် (၇၀) ကျော်တန်းတွေဖြစ်နေခဲ့ကြပါပြီ။ ဆုံးပါးကွယ်လွန်သွားကြသူတွေလဲ ကွယ်လွန်သွားခဲ့ကြပါပြီ။ သို့ပေမဲ့လည်း သူတို့ရေးခဲ့တဲ့သမိုင်းတွေဟာမပျောက်မပျက်တည်ရှိနေခဲ့ပြီး သူတို့ခင်းခဲ့တဲ့လမ်းကြောင်းပေါ်မှာ ကျနော်တို့အပါအဝင် ဒီကနေ့နွေဦးတော်လှန်ရေးမျိုးဆက်တွေဟာ သူတို့ကိုင်ဆွဲခဲ့တဲ့အလံတွေကိုလက်ဆင့်ကမ်းကိုင်ဆွဲလျက် ဆက်လက်လျှောက်လှမ်း ချီတက်နေဆဲဖြစ်ပါတယ်။ 
ကျနော်တို့တွေအားလုံးရဲ့တခုတည်းသောတူညီတဲ့ယုံကြည်ချက်ကတော့ အဆုံးတနေ့မှာ “စစ်အာ ဏာရှင်စနစ်ဟာ မြန်မာပြည်မြေပေါ် ကအဆုံးသတ်ချုပ်ငြိမ်းကွယ်ပျောက်စေရမယ်ဆိုတာပဲ။


ညီအကိုနောင်တော် “မှိုင်းရာပြည့်အရေးတော်ပုံ” စီနီယာကျောင်းသားကြီးများအား

အလေးနီဖြင့်…
ဇာနည် (၈၈ မျိုးဆက် ဗကသ) 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar