မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် အဖွဲ့အချင်းချင်းတိုက်ပွဲနဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ
မြန်မာနွေဦးခရိုနီကယ် - မတ် ၁၅ မြင်ကွင်း
(မိုးမခ) မတ် ၁၆ ၊ ၂၀၂၆
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် အဖွဲ့အချင်းချင်းတိုက်ပွဲနဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ
မြောက်ပိုင်းညီနောင်မဟာမိတ် လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ TNLA တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် နဲ့ MNDAA မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်တို့ အကြား ခုရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့ လက်နက်ကိုင် ပဋိပက္ခက မတော်တဆ အောက်ခြေမှာ ဖြစ်ပွားတဲ့ ပွတ်တိုက်မှု၊ ထိတွေ့မှုမျိုး မဟုတ်တော့ဘဲ ရန်သူ စခန်းတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေး၊ နယ်မြေထိန်းချုပ်ရေးအတွက် တိုက်ခိုက်နေရာယူတဲ့ အနေအထားမျိုး ဖြစ်လာနေတာ သတိပြုမိကြပါလိမ့်မယ်။
TNLA ဘက်က ထုတ်ပြန်ချက်တွေ၊ တအောင်း မီဒီယာတခုဖြစ်တဲ့ ရွှေဖီမြေ သတင်းမီဒီယာတို့မှာ ဖေါ်ပြမှုတွေအရတော့ TNLA လက်နက်ကိုင် အဖွဲ့ဟာ မိမိကိုယ်ကို ခုခံကာကွယ်တာမျိုးကလွဲရင် ပစ်မိန့်ပေးမထားသေးဘူး ဆိုတာမျိုး ဖေါ်ပြနေကြတာ တွေ့ရပါတယ်။
မတ်လ ၁၄ ရက်နေ့ နံနက်မှာ MNDAA လက်နက်ကိုင်အဖွဲ့က စတင်တိုက်ခိုက်ခဲ့ရာမှာ နောက်တရက်ဖြစ်တဲ့ မတ်လ ၁၅ ရက်မှာ ကွတ်ခိုင်မြို့ကို MNDAA က ထိန်းချုပ်နိုင်ခဲ့ပြီး လားရှိုး-မူဆယ် လမ်းပေါ်က နမ့်ဖတ်ကာ အနီးမှာလည်း TNLA စခန်းတွေကို MNDAA တပ်တွေက တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၅ ရက်နေ့မှာတော့ နမ့်ဖတ်ကာ-နမ့်ခမ်းလမ်း ပေါ်က ၁၂ မိုင်ကုန်းကို MNDAA တပ်တွေက တိုက်ခိုက်နေတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး နမ့်ခမ်းဘက်ကို အထိ MNDAA က ဦးတည်တိုက်ခိုက်မလား ဆိုတဲ့ မှန်းဆချက်တွေလည်း ပေါ်ထွက်နေတာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုးမြို့ နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ပါ သိမ်းယူနိုင်ခဲ့တဲ့ MNDAA လက်နက်ကိုင်တပ်ဖွဲ့ နဲ့ မန္တလေး-မူဆယ် လမ်းမပေါ်က ကွတ်ခိုင်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါတို့ကို သိမ်းယူနိုင်ခဲ့တဲ့ TNLA တို့ ဘာကြောင့် တိုက်ခိုက်ကြတာပါလဲ။
ရိုးရှင်းတဲ့ အဖြေကတော့ မိမိတို့ တပ်တွေရဲ့ အကျိုးစီးပွားနဲ့ ရည်မှန်းချက်တွေ ဆန့်ကျင်ဘက်ဖြစ်ကြခြင်းက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ လူမျိုးစုအပေါ် အခြေတည်ဖွဲ့စည်းထားကြတဲ့ လက်နက်ကိုင်တပ်တွေ အနေနဲ့ နိုင်ငံရေး ရပ်တည်ချက်၊ အနာဂတ်နိုင်ငံရေးရည်မှန်းချက်တွေ ထပ်တူဖြစ်မနေကျတာ သို့မဟုတ် နိုင်ငံရေးအရကိုင်စွဲတဲ့မူ၊ နိုင်ငံရေးအယူအဆတွေ ပီပီပြင်ပြင် မရှိကြတာမျိုး၊ အမျိုးသားရေး မိမိလူမျိုးစုကို ပထမဦးစားပေးရေးဆိုတဲ့ အမျိုးသားရေးသက်သက်သာရှိတဲ့ ရပ်တည်ချက်မျိုးနဲ့ စစ်အင်အားပေါ် အားပြုကာ တည်ဆောက်ထားကြတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဖြစ်နေကြတာကလည်း အဓိက အကြောင်းအချင်းအရာတွေ ဖြစ်ကောင်းဖြစ်မယ်လို့ ကောက်ချက်ချမိပါတယ်။
ဒီမိုကရေစီ စနစ်၊ ဖက်ဒရယ်ပြည်ထောင်စု စနစ်ထက် စစ်အင်အားကြီးသူသာ အရာရာ အောင်ပွဲခံနိုင်တယ်ဆိုတဲ့ စစ်ရေးအတွေးအမြင် အယူအဆပေါ်မှာသာ အားပြုထားတဲ့ အမျိုးသားရေး+စစ်ဝါဒ ပေါင်းစပ်ထားတဲ့ အယူအဆ၊ ကျင့်သုံးမှုတွေက နယ်မြေတွေ ထိစပ်နေတဲ့ ဒေသတွေ၊ သယံဇာတနဲ့ အခွန်အကောက် ကောက်ခံတဲ့ ကိစ္စတွေ နဲ့ တပ်သားသစ် စုဆောင်းတဲ့ ကိစ္စတွေမှာ ပဋိပက္ခဖြစ်လာကြရာက လက်နက်ကိုင်တိုက်တဲ့နည်းနဲ့သာ ဖြေရှင်းတဲ့ အခြေကို ဆိုက်ရောက်ခဲ့ကြ ပြန်တဲ့ သဘောမျိုးလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
နိုင်ငံရေး သိပ္ပံဘာသာရပ် ဆိုင်ရာစကားလုံးအရ Inter-ethnic Conflict လို့ သုံးနှုန်းကြတဲ့ လူမျိုးစုအချင်းချင်းအကြားက ပဋိပက္ခ လို့လည်း ခုလတ်တလော လက်နက်ကိုင် တပ် ၂ တပ်အကြား ဖြစ်ပွားတဲ့ ပဋိပက္ခကို အမည်တပ်ကောင်း တပ်နိုင်ပါတယ်။ Inter-ethnic Conflict တွေက နိုင်ငံရေး၊ စစ်ရေး မတည်မငြိမ်ဖြစ်နေတဲ့ အခုလိုကာလမျိုးမှာ ရှမ်းမြောက်တင်မကပဲ အခြားသော တိုင်းရင်းသားဒေသတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ပအို့ဝ်နဲ့ ကရင်နီ(ကယား) ဒေသ၊ ရခိုင်နဲ့ ချင်း၊ ရှမ်းနီနဲ့ ကချင်၊ တအာင်းနဲ့ ကချင် အစရှိတဲ့ ဒေသအသီးသီးမှာ အုပ်ချုပ်မှု၊ အခွန်ကောက်ခံမှုနဲ့ တပ်သားသစ် စုဆောင်းမှုတွေ လက်နက်ကိုင်တိုက်ပွဲတွေအတွင်း လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တခုက အခြားသော လူမျိုးစုတွေအပေါ် ပြုမူပုံတွေ အပေါ်မူတည်ပြီး ပဋိပက္ခ သို့မဟုတ် မကျေနပ်မှုတွေ ရှိနေကြတာမျိုး ဖြစ်ပါတယ်။
Inter-ethnic Conflict ကို လက်နက်အားနဲ့ စစ်အင်အားနဲ့ အားကြီးသူက အဆုံးအဖြတ်ပေး လိုက်နာစေတာမျိုးမဟုတ်ဘဲ ငြိမ်းချမ်းတဲ့နည်း၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုဝေဖန်နိုင်ပြီး မျှတတဲ့ တရားဥပဒေတွေ အပေါ်၊ နိုင်ငံရေးအခြေခံတဲ့ ဆန္ဒခံယူမှု ဆွေးနွေးညှိနှိုင်းမှုတွေ နဲ့ ဖြေရှင်းနိုင်သလို လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ လတ်တလော ဖြစ်ပွားတဲ့ တိုက်ပွဲတွေလို နည်းလမ်းနဲ့လည်း ဖြေရှင်းနိုင်ကြပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုတွေက အာဏာသိမ်းစစ်တပ်က တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းနိုင်စွမ်းကို လျှော့တွက်ထားချိန်၊ အထင်သေးချိန်မှာ တော်လှန်ရေးအင်အားစုတွေ စုစည်းပြီး တပြိုင်နက်ထည်း စစ်မျက်နှာအများအပြား ဖွင့်ပြီး ထိုးစစ်ဆင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၃ အကုန် နဲ့ ၂၀၂၄ ခုနှစ် တနှစ်လုံးမှာ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေ စုစည်းနိုင်ခဲ့တဲ့ စုစည်းမှုဟာ နယ်မြေတွေ ထိန်းချုပ်နိုင်လာပြီးနောက်မှာ စည်းလုံးညီညွတ်မှုက စတင်အေးစက်လာခဲ့တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး အစကနေ အခုအချိန်ထိ ဖြစ်ပွားနေတဲ့ အခင်းအကျင်းတွေ အကျိုးဆက်ရလဒ်တွေအားလုံးကို တရုတ်နိုင်ငံရဲ့ ဖိအားနဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့်လို့ ကောက်ချက်ချနေကြတာမျိုးက ရာနှုန်းပြည့်တော့ မှန်ကန်ခြင်းမရှိပါဘူး။ တရုတ်အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်၊ ဗဟိုအစိုးရလို့ ဆိုနိုင်တဲ့ အာဏာသိမ်းစစ်တပ်ပြိုလဲပြီး တဖွဲ့ချင်းက ခွဲဝေအုပ်ချုပ်ကြမယ့် အခင်းအကျင်း၊ အဖွဲ့အချင်းချင်းအကြားက လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လာနိုင်ခြေတွေကို မှန်းဆပြီး အာဏာသိမ်းစစ်တပ်ကို ထောက်ခံဖို့အတွက် ၁၀၂၇စစ်ဆင်ရေးမှာ ပါဝင်တဲ့ မြောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့တွေ အပစ်ရပ်ဖို့ ဖိအားပေးခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် UWSA ကတဆင့် မြောက်ပိုင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေဆီ လက်နက်၊ ခဲယမ်း၊ ငွေကြေး စီးဆင်းမယ့်လမ်းကြောင်းကို နယ်စပ်ဂိတ်ပိတ်ပြီး ဖိအားပေးတာ၊ ၄င်းတပ်ဖွဲ့တွေရဲ့ တရုတ်ပြည်တွင်းမှာ ရှိတဲ့ ပိုင်ဆိုင်မှုလိုမျိုးကို ထိန်းချုပ်တဲ့နည်းနဲ့ ဖိအားပေးတာတွေ လုပ်ခဲ့တာတွေက အငြင်းပွားစရာ မရှိတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။
သို့ပေမယ့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဖြစ်ပျက်တဲ့ အရာတွေအားလုံးဟာ တရုတ်အစိုးရရဲ့ ကြိုးဆွဲတဲ့အတိုင်း ဖြစ်ပွားနေတာ ဆိုတဲ့ ကောက်ချက်ချမှုမျိုးကတော့ လက်နက်ကိုင်တဖွဲ့ချင်း အနေနဲ့ မိမိတို့ရဲ့ မူဝါဒ၊ လုပ်ဆောင်မှုတွေကို ပြန်လည်သုံးသပ်ခြင်း မပြုဘဲ ပြင်ပပယောဂ အပေါ် အားလုံးပုံချတဲ့ သဘောသက်ရောက်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေး အရ ပြန်လည် သုံးသပ်ပြင်ဆင်တာ မဟာမိတ်ဖွဲ့မှုတွေ အားနည်းလာခြင်းက အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်မှုတွေကြောင့်လား ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ မူတွေနဲ့ ဝေးကွာလာခြင်းက အကြောင်းအချက်တွေ ဖြစ်နေမလားဆိုတာတွေကို ရှောင်လွှဲလိုတဲ့ သဘောလို့ ဆိုရမှာ ဖြစ်ပါတယ်။
မဟာမိတ် စုဖွဲ့မှုတွေ အားနည်းအောင်၊ မဟာမိတ်အချင်းချင်း ပဋိပက္ခဖြစ်အောင် ရန်သူဘက်က အစဥ်အမြဲကြိုးစားနေလိမ့်မယ်ဆိုတာအထိ လက်ခံနိုင်ပေမယ့် မိမိတို့ ကိုယ်ခံအားကောင်းနေခဲ့ရင် ရန်သူရဲ့ ဗျူဟာ၊ နည်းပရိယာယ်၊ ကြိုးပမ်းမှုတွေက အရာထင်မှာမဟုတ်ဘူးဆိုတာလည်း မေ့ထားလို့ မရဘူးလို့ ဆိုချင်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar