လေးလေး - သန်းတင့်၊ စိုးလွင်လွင်၊ ရီရီစိုးနှင့် ထိုးဇာတ်
လေးလေး - သန်းတင့်၊စိုးလွင်လွင်၊ ရီရီစိုးနှင့် ထိုးဇာတ်
မိုးမခ ၊ မတ် ၁၆ ၊ ၂၀၂၆
ခုနောက်ပိုင်း စာအုပ်ထုတ်ဝေတဲ့ပုံစံတွေ ပြောင်းနေသလားလို့… အခု သန်းတင့်ရဲ့ “အငို အရယ် နည်းသောရက် များ” စာအုပ်ပါ စာစုတွေဆို သန်းတင့်က သူ့ဖေ့စ်ဘွတ်မှာ ရေးတင်ထားတာတွေကို စုပြီး စာအုပ်ထုတ်လာတာပါ။ စာရေးသူတွေက သူတို့ စိတ်ကူးလက်ရရှိသလို ရေးထားပြီး သူတို့ပိုင် လူမှုစာမျက်နှာကနေ စာတွေရေးတင်၊ စာအုပ်ထုတ်ဝေသူတွေက အဲဒီစာစုတွေစုပြီး စာတအုပ်အဖြစ်ထုတ်။
ဒီလိုနည်းနဲ့ ထွက်လာတဲ့စာအုပ်တွေ အတော်များနေပြီလားလို့။ ဥပမာ-ခင်သန္တာရဲ့ “စာပန်းချီနှစ်ဆယ့် သုံး” စာအုပ်ကလည်း အလားတူ။ လူမှုစာမျက်နှာပေါ်မှာ
ရေးထားတဲ့စာစုတွေက စာအုပ်အဖြစ် စုစည်း ထွက်ပေါ်လာ။ တလောက ထွက်လာတဲ့ ညိုထွန်းလူရဲ့ “မန္တလေးအလှုပ် မန္တလေးအရွေ့”ဆိုတဲ့ စာအုပ်ဟာလည်း လူမှုစာမျက်နှာကနေ စာအုပ်အဖြစ်ထွက်ရှိခဲ့တာပါပဲ။ စာအုပ်ထုတ်ဝေရေး အရွေ့တခုပေါ့လေ။
သန်းတင့်က ခင်ဖုန်းသက်ဝေ ကဗျာစာအုပ်နဲ့ပေါက်နေပြီး အခုနောက်ပိုင်း အက်ဆေးတွေ ခပ်စိတ်စိတ် ရေးလို့ အက်ဆေးစာအုပ်တွေလည်း တအုပ်ပြီးတအုပ် ထွက်လာ၊ စာ၊ ကဗျာ အရေးကောင်းတဲ့ ကလောင်တချောင်းအဖြစ် သူ့ပရိသတ်နဲ့သူ အခိုင်အမာ ရပ်တည်နေပြီ။အခု 'အငိုအရယ်နည်းသော အက်ဆေး'စာအုပ်ပါ စာစုတွေကိုလည်း သန်းတင့် မငိုဖြစ်၊ မရယ်ဖြစ်သော ကာလတွေမှာ ရေးမိရေးရာ ရေးခဲ့ပါသော ကဗျာတွေ၊ အက်ဆေးတွေပါလို့ စာရေးသူက အမှာပါးတယ်။
“သတိရခြင်းမှတဆင့် ယုံကွယ်”၊ “ကိုကို ရီရီစိုးနှင့်မပဋာ”၊ “အနော်မာ ရှင်းတမ်း”၊ “မလွမ်းတတ်လွမ်းတတ် အရပ်တကာလည်”၊ “တပေါင်းကွန်ဆတ်”၊ “ဟိုလူတယောက်ဖြင့် အခုဆိုငိုလှပြီ”၊ “ပြန်လာဖြစ်တော့မည် မဟုတ်ပါ”စတဲ့ စတဲ့ အက်ဆေးပေါင်း ၂၂ ပုဒ် စာအုပ်ထဲ ပါတယ်။
သန်းတင့်နဲ့ ကျနော်နဲ့က ဖေ့စ်ဘွတ် သူငယ်ချင်းတွေဖြစ်တော့ ဒီစာအုပ်ပါ စာစုတွေအားလုံးလိုလိုကို ဖတ်ပြီးသား ဒီထဲကမှ “ကိုကို ရီရီ စိုးနှင့်မပဋာ”ဆိုတဲ့ စာစုကို ဖတ်ပြီးကတည်းက ကြိုက်ပြီးသား။
လူ့သဘော ပြောရခက်ပုံ၊ အခု အက်ဆေးအားလုံး တစုတစည်းတည်း ဖတ်ပြီးသွားတော့လည်း အဲဒီ ရီရီစိုး အက်ဆေးကိုပဲ ထပ်ပြီး ကြိုက်နှစ်သက်နေတုန်း။ သန်းတင့် ရေးသလို ထိုးဇာတ်လေးတွေကို ကိုယ်လည်း သဘောကျနေတာဖြစ်မယ်။
“တစ်ခါတစ်ခါ သီချင်းများတွင်လည်း ခွင်ဝင်အကျ ထိုးဇာတ်လေးများ တွေ့ရတတ်သည်လည်း
ရှိပါသည်။ စိုးလွင်လွင်၏ ‘ရက်စက်တယ်’ ဆိုသည့် သီချင်းကို နားထောင်ဖြစ်သည့်အခါက
‘အကြင်နာဆုံး ရက်စက်တယ် အတွယ်တာဆုံး ရက်စက်တယ်’ ဟု သူ ဆိုစဉ်က ကျွန်တော် သိပ်ပြီး စိတ်မဝင်စားလှ။ အကြင်နာဆုံးသူ အတွယ်တာရဆုံးသူတွေကပဲ ရက်စက်တတ်ကြတာ ကျွန်တော်လည်း နားလည်ပါသည်။ လောကတွင် သူစိမ်းတစ်ယောက်က ဘာမှမဆိုင်သော နောက်သူစိမ်းတစ်ယောက်ကို ဘယ်လိုမှ ရက်ရက်စက်စက် နာကျင်အောင် မလုပ်နိုင်ပါ။
စိုးလွင်လွင်၏ အခြေအနေက လူအားလုံးလိုလိုမှာ ဖြစ်တတ်သည့်သဘောမို့ အေးအေးဆေးဆေးပင် ဆက်နားထောင်နေမိသည်။ မောင့်အချစ်ဆုံး ရက်စက်တယ်ဟု ဆက်လာပြန်တော့လည်း၊ ဒါများကွာ ငါလည်း တော်တော်ခံခဲ့ရပါတယ်၊ မဆန်းပါဘူးဟု ဆက်၍ အေးအေးဆေးဆေး နေမိပြန်သည်။ နောက်ဆုံး ‘ရီရီစိုး ရက်စက်တယ်’ ဆိုတော့မှ ကျွန်တော် လန့်နိုးလာရသည်။ ဘယ်က ရီရီစိုးလဲ။”
အဲဒီသီချင်းထဲမှာပဲ “၃၅ လမ်းထဲကို ဘယ်တော့မှ မလာတော့ဘူး”ဆိုတာလည်း ပါသေးတယ်။
သန်းတင့်ရဲ့ အက်ဆေးတွေ ဖတ်ပြီး ချစ်ရ၊ လွမ်းရ၊ တမ်းတရသလို ဆွေးရ တွေးရ ငေးရမိတတ်ပါသေးတယ်။ အငိုအရယ် နည်းတဲ့ရက်တွေမှာ လူဆန်တဲ့ နှလုံးသားလေးလည်း ရမိခဲ့ပါတယ်။
သန်းတင့်ရေးတဲ့ “အငိုအရယ် နည်းသောရက်များ”စအုပ်ကို ရန်ကုန်၊ လင်းသစ်ရောင်စဉ် စာအုပ်တိုက်က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ပထမအကြိမ် အုပ်ရေ ၁,၀၀၀ ထုတ်ဝေဖြန့်ချိထားပြီး စာအုပ်တန်ဖိုးက ကျပ် ၁၂,၀၀၀ တိတိ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar