ကိုသန်းလွင် - မသေချာ မရေရာခြင်း
ကိုသန်းလွင် - မသေချာ မရေရာခြင်း
မိုးမခ ၊ မတ် ၁၆ ၊ ၂၀၂၆
(၁)
၂၀၂၄ ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲသည် တစ်ကမ္ဘာလုံးက စိတ်ဝင်စားစရာ၊ စောင့်ကြည့်စရာ ဖြစ်ခဲ့ပါသည်။ ကြိုတင်ဟောကိန်းထုတ်သောသတင်းများမှာ သတင်းစာ၊ တီဗွီနှင့်ဆိုရှယ်မီဒီယာတို့တွင်ခေတ်စား သောသတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ အရွေးခံရသူ နှစ်ယောက်စလုံးမှာ နီးကပ်လွန်းနေသဖြင့် အဖြေထုတ်ရန်ခက်ခဲ နေပါသည်ဟူသောသတင်းများမှာလည်းအပ်ကြောင်းထပ်နေခဲ့သည်။ အဖြေထွက်လာသောအခါသမ္မတဒေါ်နယ် ထရန့်က နိုင်သွားပါသည်။ ထင်ထင်ရှားရှားမြင်ရသည်မှာ ဟောကိန်းထုတ်သော မိုဒယ်များ၏ အကန့်အသတ် ရှိပုံပင်ဖြစ်ပါသည်။ ထိုပုံစံများမှာ ယူဆချက်များ၊ မသေချာ မရေရာမှုနှင့် လူတို့၏မဲပေးပုံ အပြုအမူများ (Voting Behavior)ပါဝင်သည်။ ထိုအချိန်၌ မသေချာသောအဖြေကိုဟောကိန်းထုတ်မှုများတွင်ကျိုးနွံမှု (Humility) လို အပ်ကြောင်း ဖော်ပြနေခြင်းပင်ဖြစ်သည်။
စပီဂယ်ဟော်တာ (David Spiegethalter) မှာ အမည်ရပြီးဖြစ်သော စာရင်းအင်း ပညာရှင်တစ်ယောက် ဖြစ်ပါသည်။ သူကစေ့စပ်သေချာသောနည်းများဖြင့် ဟောကိန်းတစ်ခုကို ဘယ်လိုတိုင်းတာရမည်၊ ထို့နောက် လူထုကို ဆက်သွယ်ရာတွင် မည်သို့မည်ပုံ လုပ်ဆောင်ရမည်ဆိုသည်ကို စာအုပ်ရေးခဲ့ပါသည်။ သူ့အရည်အချင်းမှာ ရှုပ်ထွေးသော စာရင်းအင်းဆိုင်ရာအခြေခံကို မူတည်၍ ဘယ်လို လေ့လာရမည်ဆိုသည်ကို သူ့စာအုပ် ဖတ်လိုက် သည်နှင့် သိသာပါသည်။ ဆယ်စုနှစ်များစွာ လေ့လာခဲ့သော အတွေ့အကြုံပေါ်တွင် မူတည်၍ သမိုင်းဆိုင်ရာသင်ခန်းစာများ၊ တကယ့်ကမ္ဘာကြီးမှ အတွေ့အကြုံများကိုအခြေခံ၍ စာရင်းအင်းဆိုင်ရာအချက်အလက်များကို ဆုံး ဖြတ်ကြရပါမည်။
ထိုစာအုပ်မှာ ရရှိလာသောဒေတာများကို မည်သို့အသုံးပြုပုံ၊ စာရင်းအင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာနိုင်ပုံ၊ အ ချက်အလက်အားလုံးကို သိပြီးမှဆုံးဖြတ်ချက်ချရန်လိုပုံတို့ပါဝင်သည်။ စာရေးသူကကြည့်ရှုရမည့်ကန့်သတ်ချက် များကိုသေချာစွာ ကြည့်ရှုရမည်ဟုဆိုသည်။ ရင်တွင်း၌ဖြစ်ပေါ်လာသော (Gut - feeling) ကို သက်သေပြချက် များမှရသောအဖြေများနှင့်တိုက်ဆိုင်စစ်ဆေးကြည့်ရန်လိုပါသည်။ စာဖတ်သူက ယူဆချက်များမှန်မမှန်ကို မေး ခွန်းထုတ်ရန်၊ အချို့ပြဿနာများမှာ ရိုးရှင်းသည့်မေးခွန်းတွင် ရှုပ်ထွေးသည့်အဖြေ ရှိနေတတ်ပါသည်။
လူတို့၏ဘဝများတွင် ဖြစ်နိုင်ချေ၊ အခွင့်အရေး၊ မသိကျိုးကျွန်ဖြစ်မှု၊ စွန့်စားရမှု ကုသိုလ်ကံတို့ ပေါင်းစပ် ၍အဖြေကိုပေးတတ်သည်။ ၎င်းအဖြေသည်လူတို့မမျှော်လင့်သည့် အဖြေဖြစ်နေတတ်သည်။ ရှေးကတရုတ်ပြည် တွင် အဖိုးအိုတစ်ယောက်သည် သူ၏မြင်းပျောက်သွားခဲ့သည်။ ဤသတင်းကို ကြားရသော ရွာသားများမှာသူ၏ ကံကြမ္မာအတွက်ဝမ်းနည်းစကားပြောကြားကြသည်။ အဘိုးအိုက “သူ့ကံမကောင်းဘူးလို့ ဘယ်သူက ပြောသလဲ” ဟု တုံ့ပြန်သည်။ ပျောက်သောမြင်းမှာ နောက်တစ်နေ့တွင် မြင်းရိုင်းကြီး တစ်ကောင်နှင့်အတူ ပြန်လာသည်။ ထိုအခါ ရွာသားများက သူ့ကံကြမ္မာအတွက် ဝမ်းသာကြောင်း ဝိုင်းဝန်း၍ပြောကြပြန်သည်။ ထိုအခါအဖိုးအိုက “ကံကောင်းတယ်လို့ ဘယ်သူကပြောသလဲ” ဟု စောဒကတက်ပြန်သည်။ လူ့ဘဝမှာ ကံကောင်းလိုက်မကောင်းလိုက်ဖြင့် လုံးချာလည်နေသည်။ ထိုစက်ဝိုင်းသည် ဤသို့သာ လည်နေပါလိမ့်မည်။ ဤသို့ဖြင့် လူတို့သည် ကံကောင်းလျှင်ပျော်၍ ကံမကောင်းလျှင် စိတ်ညစ်ကြရသည်။
မသေချာ မရေရာခြင်းသည် အဖြစ်အပျက်များတွင် ပါကိုပါရမည့် အရာတစ်ခု မဟုတ်ပါ။ ထိုကိစ္စကိုဟော ကိန်းထုတ်သူတစ်ယောက်၏ ဗဟုသုတ၊ ယူဆပုံ၊ ရှုမြင်သော ရှုထောင့်တို့၏ ရောင်ပြန်တစ်ခုသာဖြစ်သည်။ ၎င်းသည် လူကိုလိုက်၍ ပြောင်းလဲနေပြီး လူတို့သိသောအရာနှင့် လူတို့မသိသော အရာများအပေါ်တွင် မူတည်သည်။
စာရေးသူက မရေရာခြင်းသည် နှစ်မျိုးနှစ်စားရှိကြောင်း၊ ၎င်းတို့မှာ အရှုံး အမြတ်ပေါ်တွင် မူတည်၍ ဆုံး ဖြတ်ရသော မသိနိုင်သော မသေချာခြင်း (aleatory uncertainty) နှင့် မသိသော မသေချာခြင်း (epistemic uncertainty) ဟူ၍ ခွဲခြားထားပါသည်။ ပထမအမျိုးအစားမှာ အရှုံးနှင့်အမြတ်ပေါ်တွင် မူတည်နေခြင်းဖြစ်ရာ ကျွန်တော်တို့သိရန်မဖြစ်နိုင်ပါ။ ဒုတိယတစ်မျိုး မှာလူတို့အဖို့အဖြေကိုမသိနိုင်သော မသေချာခြင်းမျိုးဖြစ်သည်။ သို့သော် ကောင်းမွန်သောဒေတာ၊ မိုဒယ်ကိုပြင်ဆင်ခြင်း၊ နက်ရှိုင်းစွာလေ့လာခြင်းစသောအခြေအနေများကြောင့် ဤမသေချာခြင်းမှာ လျော့ပါးသွားနိုင်ပါသည်။ ဤမသေချာခြင်း၂ မျိုး ကွဲပြားပုံကို သိရှိနားလည်ထားသင့်သည်။
စာရေးသူ ဖော်ပြသောအချက်မှာ မသေချာသော စနစ်တစ်ခုကို ခန့်မှန်းရာတွင် ကျိုးနွံခြင်း (humility) လိုအပ်ကြောင်းဖြစ်သည်။ သိပ္ပံခေတ်တွင် အဖြေမှန်မှန်ကန်ကန် ထွက်ရှိရေးအတွက် ဖိအားများရှိနိုင်သည်။ လူ တို့ကအမှန်တရားနောက်ကိုတစိုက်မတ်မတ်လိုက်နေခြင်းဖြစ်ရာကျွန်တော်တို့၏ ဗဟုသုတမှာသေချာရန်၊ အသစ်အဆန်းဖြစ်နေရန်လိုသည်။ သို့သော် စီးပွားရေးဆိုင်ရာ ခန့်မှန်းချက်များ၊ ရာသီဥတုခန့်မှန်းခြင်းကိစ္စများတွင် လူတို့၏ အဆင့်မြင့်သောကိရိယာများ ရှိနေစေကာမူ အဖြေမှန်ရရန်ခက်ခဲတတ်သည်။
တခါတရံတွင် မိုဒယ်အားလုံးသည် မှားယွင်းနေပြီး အချို့ပုံစံများသာ အသုံးဝင်တတ်သည်။ မသေချာ သောအကြောင်းအရာများသည် ပိုမိုများပြားလာသည်နှင့်အမျှစနစ်အပေါ်ယုံကြည်မှုလျော့နည်းသွားတတ်သည် ထိုအခါမျိုးတွင် ဟောကိန်းမှာ တိုးတက်မှန်ကန်ရန်အကြောင်းမရှိ၊ လူတို့၏ယုံကြည်မှုမှာလည်းထိုအတိုင်းပင်ဖြစ် သည်။ အကောင်းဆုံးမှာ အဖြေမှန်နှင့်အနီးစပ်ဆုံးမှန်ကန်အောင်သာ ကြိုးပမ်းသင့်သည်။
ယခုအခါ သတင်းစာများနှင့် ကောလဟာလသတင်းများဖြင့် ဖုံးလွှမ်းနေတတ်ပေရာကြည်လင်ပြတ်သား ရှင်းလင်းစွာသတင်းထုတ်ပြန်ပေးဖို့လိုအပ်ပါသည်။ “အေအိုင် (Artificial intelligence) သည်နောင် ၂၅ နှစ်တွင် မည်သို့ဖြစ်မည်နည်း” ဆိုသောမေးခွန်း၏အဖြေမှာဖြစ်နိုင်သမျှအခြေအနေများကိုပင်ဖော်ပြရန်မဖြစ်နိုင်ပါ။ အဖြေ တစ်ခုစီသည် ကောင်းသည်ဆိုးသည်ဟုရှင်းလင်းပြသရန်ပို၍မဖြစ်နိုင်ပေ။ လူတို့သည်တခါတရံပရိသတ်ကျေနပ် အောင် ရော်ရမ်းမှန်းဆချက်များကို ပြောပြတတ်ကြရာ ဤနေရာတွင် ကျွန်တော်တို့လုံး၀ မသိနိုင်သောအရာကို ပုံဖေါ်ရန်ပင်ခက်ခဲသည်။
ယခုကဲ့သို့ သတင်းမှားများဖြင့်ပြည့်နေသောခေတ်ကြီးတွင် ဖြစ်နိုင်ချေမရှိခြင်းကို ထုတ်ဖော်ပြောဆို ရန် မှာ အရေးကြီးသည်။ လူထုအကြားသို့ ခေါင်းစဉ်တစ်ခုရောက်ရှိသွားပါက ၎င်းသည် ဆွေးနွေးစရာဖြစ်လာသည်။ ရွေးကောက်ပွဲကိစ္စ၊ ရောဂါပြန့်ပွားခြင်း၊ အစားအစာအဆိပ်သင့်ခြင်းကိစ္စနှင့်ရာသီဥတုပြောင်းလဲခြင်း စသောကိစ္စ များဖြစ်သည်။ သတင်းသည် ပြတ်သားရှင်းလင်းခြင်းမရှိဘဲ ဝိုးတဝါးဖြစ်နေပါက လူထု၏ယုံကြည်မှု ကင်းမဲ့သွား တတ်သည်။ ကြေငြာချက်တွင် မရေမရာကိစ္စများပါလာပါက ပိုမို၍ အခြေအနေ ဆိုးရွားလာနိုင်သည်။
ဥပမာ သိပ္ပံပညာရှင်တစ်ယောက်သည် နှစ်တစ်ရာအတွင်းတွင် တစ်ကြိမ်ဖြစ်နိုင်သည်ဆိုသော ပြောဆိုမှုမျိုးကို ပြောဆိုသည် ဆိုပါစို့။ ထိုအဖြစ်အပျက်သည် နောင်နှစ်တစ်ရာကြာမှ ဖြစ်နိုင်သည်ဟု ဆိုလိုပါသလား၊ သို့မဟုတ် နှစ်စဉ်နှစ်တိုင်းဖြစ်နိုင်ချေမှာ ၁% ထက် လျော့နည်းနေသည်ဟုဆိုလိုသလား၊ မည်သည့်ခုနှစ်က ဖြစ်ခဲ့ သောကြောင့် နှစ်တစ်ရာအတွင်းတွင် မဖြစ်တော့ပါဟု စိတ်ချရနိုင်ပါသလား၊ ထိုအရာအားလုံးသည် ကြားရသူ ပြည်သူများအတွက် ရှုပ်ထွေးသောအဖြေသာ ထွက်စေပါသည်။ ဤကဲ့သို့သောအဖြစ်မျိုးမှာ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို လျော့ပါးစေနိုင်သည်။ သိပ္ပံဆိုင်ရာ ကြိုတင်ခန့်မှန်းခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းအပေါ် သိပ္ပံပညာရှင်၏ပြောကြားချက်အားလုံးမှာ သံသယဝင်စရာတွေ ဖြစ်ကုန်ပါသည်။
ကြေညာချက်တစ်စောင်တွင် ဟောကိန်းထုတ်မှု မသေချာလျှင်သော်လည်းကောင်း၊ ပေးထားသည့်အကြံပေးချက်မှာ မသေချာမရေရာသော အချက်များပါလျှင်သော် လည်းကောင်း၊ ထိုကြေညာာချက်ကိုလိုက်နာရသူအဖို့ သို့လောသို့လောထင်စရာတွေ ဖြစ်သွားနိုင်ပါသည်။ ကြေညာချက်အပေါ် ယုံကြည်မှုသည် ကြေညာချက်၏ ဆိုလိုချက်အပေါ်တွင် မူတည်၍ ပြောင်းလဲနေတတ်ပါသည်။ ကြေညာရာတွင် မြင်လျှင် ဆုံးဖြတ်ချက်ချရန်လွယ်သော ဂရပ်များပုံများကို ထည့်သွင်းသင့်သည်။ ရှုပ်ထွေးသော အနာဂတ် ဖြစ်ရပ်များကို ယုတ္တိယုတ္တာနှင့် ပြည်သူတို့က ကိုယ်တိုင်ရှာဖွေ၍ သိသာအောင် ဒေတာများကို ပြင်ဆင်ပေးသင့်သည်။
The Art of Uncertainty စာအုပ်သည် လူတို့ပတ်ဝန်းကျင်တွင် ဟောကိန်းထုတ်မှုများသည် မှားယွင်းနိုင်ကြောင်း သတိပေးနေသကဲ့သို့ရှိသည်။ မသေချာ မရေရာမှုသည် လုံးဝပယ်ဖျက်နိုင်မည်မဟုတ်ဘဲ ကျွန်တော်တို့ သည် နားလည်စွာနှင့် လေ့လာကြရန်သာဖြစ်သည်။ ကျွန်တော်တို့နေ့စဉ်ဘဝတွင် မသေချာမှုများနှင့် လုံးချာလိုက်နေစဉ်ဝယ် ကမ္ဘာကြီးပေါ်မှာ သတင်းများအဖြစ်ပျက်များမှာ ရိုးရှင်းလွယ်ကူမှုမရှိတော့ဘဲ ပိုမို၍ ရှုပ်ထွေးအသေးစိတ်လာပါသည်။
(၃)
မသေချာခြင်း၏ပုံစံအမျိုးမျိုးနှင့် ၎င်းတို့အပေါ်မည်သို့တုန့်ပြန်ရမည်ဆိုသည့်ပြဿနာ မှာနေ့စဉ်နှင့်အမျှ ကြုံတွေ့နေရဦးမည်သာဖြစ်သည်။ ကျွန်တော်တို့သည်ဤပြဿနာများနှင့်မကင်းနိုင်ကြပါ။ ၎င်းကိုဖြေရှင်း ရန်မှာ အနုပညာတစ်ရပ်ဖြစ်ပြီး ပြဿနာတစ်ခုလျှင်တစ်မျိုးဖြစ်ကာ အခြေအနေမတူသည်နှင့်အမျှ ကွဲပြားသွားပေမည်။
ရှေးက တရုတ်အဘိုးအို နားလည်သကဲ့သို့ မသေချာခြင်းအပေါ်တွင် နားလည်မှုရှိစွာဖြင့် ကျွန်တော်တို့ ဖြေရှင်းကြရပါမည်။
Ref: The art of Uncertainty, by David Spiegelhalter, Nature, January 25
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar