လေးလေး - ကဗျာလှိုင်းထနေတဲ့ မိုးမခမဂ္ဂဇင်း
လေးလေး - ကဗျာလှိုင်းထနေတဲ့ မိုးမခမဂ္ဂဇင်း
(မိုးမခ) မတ် ၂၄၊ ၂၀၂၆
မိုးမခမဂ္ဂဇင်းအငယ်လေးတခု ထွက်လာတယ်။ မဂ္ဂဇင်းငတ်နေတဲ့ မြန်မာစာဖတ်ပရိသတ်အတွက် အာလျပြေစေမယ့် မဂ္ဂဇင်းလေးတအုပ်ပါပဲ။ ပြည်တွင်းမှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၁ နှစ်ဆန်းအထိ ထုတ်ဝေခဲ့တဲ့ မိုးမခမဂ္ဂဇင်းကို အမှတ်ရတဲ့အနေနဲ့ အခု မဂ္ဂဇင်းလေးကိုထုတ်တာပါ။ မိုးမခအွန်လိုင်းမှာ ၂၀၂၆ ခု၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေအတွင်း ဖော်ပြခဲ့တဲ့ စာမူတွေထဲကအချို့ကို ကောက်နုတ်ပြီး မဂ္ဂဇင်းလေး ဖြစ်လာတာပါလို့ မိုးမခအယ်ဒီတာအဖွဲ့က အမှာပါးတယ်။
ဒီမဂ္ဂဇင်းလေးထဲမှာ အထူးအားဖြင့် စစ်အာဏာသိမ်း ၅ နှစ်ပြည့် အယ်ဒီတာ့အတွေးအမြင်နဲ့ ၅ နှစ်ပြည့်လူထုအခြေအနေဆောင်းပါးတွေပါတယ်။ ကမ္ဘာ့အရေးသုံးသပ်ချက်ဆောင်းပါးတွေ၊ ကဗျာတွေ ဖတ်ရတယ်။ နွေဦးတော်လှန်ရေးသရုပ်ဖော်စာ၊ ကဗျာတွေလည်း မပျက်မကွက် ဖော်ပြထားတယ်။ မိုးမခမဂ္ဂဇင်းလေးဖတ်ပြီးသွားတော့ မဂ္ဂဇင်းထဲက ကဗျာတွေဟာ စာဖတ်သူရင်ထဲလှိုင်းထပြီး ကျန်ရစ်တယ်။
"ကျီးလန့်စာစား မြို့တော်ဇနပုဒ်"
မောင်လွမ်းဏီ
လူပြောသူပြော များတော့
ဇနပုဒ်ကို မြို့တော်လို့ အဟုတ်ထင်ကြတာပေါ့။
တတိယနိုင်ငံတော်သို့၊ အော်။
ဘယ်က ဇနပုဒ်ပါလိမ့်ပေါ့။ ဆက်ဖတ်တော့….
ဟိုမှာ CDM တန်းလျား၊
သက်ကြီးရွယ်အို ပါမောက္ခကြီးလင်မယား
ရဲလင်မယားနဲ့ စစ်ဗိုလ်လင်မယား
အဆိုရှင်တွေနဲ့ သဘင်သမား၊ အနုပညာသမားတွေနဲ့
အလွှာမခြားတဲ့ တန်းလျားအိုထက်မှာပေါ့။ အော်။
မယုံရင်သွားကြည့်
သူတို့ကတော့ သူတို့လမ်းကို ယုံလို့ လှမ်းလာခဲ့သူတွေ
Safe House ဆိုတော့လည်း တံခါးတွေက
စေ့ဟထားမှာပေါ့။ အော်။
နည်းနည်းတော့ ရိပ်မိစပြုပြီ။ CDM တန်းလျားတွေ၊ Safe House တွေ ဆိုတာက ထိုင်း-မြန်မာနယ်စပ် က မဲဆောက်မြို့လေးမှာပဲ ရှိကြတာလေ။ ကဗျာဆရာက တ”အော်…အော်..နဲ့ ဘာပြောချင်တာပါလိမ့်။
အချုပ်အခြာ နိုင်ငံအာဏာ လုယက်ခံရတာ ၅ နှစ်
နွေဦးပွင့်သစ်တွေ ပွင့်ခဲ့တာ ၅ နှစ်
သောင်ရင်းမြစ် အရင်းအဖျားမှာ ၅ နှစ်
စစ်ရှောင်လို့ အခေါ်ခံရတဲ့ ၅ နှစ်၊
မြန်မာပြည်မှာ စစ်တပ် အာဏာလုထားတာ ၅ နှစ်ရှိပြီ။ ရှိသွားပြီ။
ဟိုအိမ် ဒီအိမ်၊ ဟိုမြို့ ဒီမြို့ ပြောင်းရ ရွှေ့ရတာ ၅ နှစ်
ယူအန်က ခဏ ခဏ ဖုန်းဆက်တဲ့ ၅ နှစ်
အလုပ်သမားနယ်ပယ်က လက်မှတ်ဆိုလား ၅ နှစ်
မမြင်ဖူးတဲ့ လူကြီးတွေ
အပြောင်းအလဲ လုပ်တာလည်း ၅ နှစ်
ဒီ ၅ နှစ်ကို ဖြတ်သန်းနေရတာကိုပဲ ချစ်နေရတာ။ အော်။
မချစ်သော်လည်း အောင့်ကာနမ်းနေတာမျိုးများလား…အတွေးရောက်တယ်။
ရယ်မောရတယ်နော်၊
အဲဒါ မဲဆောက် မြို့တော်ဇနပုဒ်ဆိုတာပဲ။ အော်။
စက်ရုံပိတ်ရက် တနင်္ဂနွေမနက်ဆို
မဖွေးပါတိတ်ဝမ်းဆက်နဲ့ လမ်းထွက်တယ်လေ
ငွေဖလားနဲ့ ရေကစားမယ် မထင်ပါနဲ့
PDF လေးတွေအတွက် အလှူခံမယ်၊ အော်။
ဟော….မဲဆောက်လို့ပြောပြီ။မဲဆောက်ပန်းချီ ဆွဲပြီ။ကဗျာဆရာက မဲဆောက်မြင်ကွင်းကို
ထပ်ကနဲ ထပ်ကနဲ ဆွဲဆွဲပြနေတယ်။ဓာတ်ပုံရိုက်ထားသလိုမျိုး…။
လက်တဆုပ်စာ ဇနပုဒ်
လက်သီးကျစ်ကျစ် ဆုပ်ထားတယ်
ဟော့ဒီမှာ
ဇနပုဒ်သားတွေ ဆိုပေမယ့်
လက်သီးဆုပ်မဖြည်တဲ့
နယ်နိမိတ်မျဉ်းပေါ်က လွမ်းရိပ်
မြစ်သောင်ရင်းကမ်းဆိပ်ရဲ့
မြို့တော်ဇနပုဒ်ထိပ်မှာ
လိပ်ပြာလုံသူတွေ ရှိတယ်။
ရှူး မအော်နဲ့ ...
ကဗျာအဆုံးသတ်တော့ တိုးတိုးနေ မအော်နဲ့တဲ့၊ တချို့သော တော်လှန်ရေးပုံရိပ်တွေဟာ မဲဆောက်မြင်ကွင်းမှာ အရိပ်ထိုးကျနေလို့ မဲဆောက်ကို မြင်ရင် တော်လှန်ရေးပုံရိပ်ကို မြင်နိုင်တယ်။ မဲဆောက်ကို ဖတ်တတ်ရင် တော်လှန်ရေးကို ဖတ်နိုင်မယ်။ ဒါပေမဲ့ တိုးတိုးနေကြသူတွေများတဲ့ မဲဆောက်ပါ။
စာရေးသူ ၂၅ ဦးရဲ့ စာ၊ ကဗျာတွေ စုစည်းထားတဲ့ မိုးမခမဂ္ဂဇင်းလေးကို တအုပ်ကို ယူအက်စ်ဒေါ်လာ ၂.၉၉ နဲ့ အမေဇုန် ကင်းတဲအီးဘုတ်နဲ့ မိုးမခ အွန် လိုင်းဆိုင် အီးဘုတ် ဗားရှင်း ၂ မျိုးလုံး ကြိုက်ရာ မှာ နိုင်ပါတယ်။
ပုံနှိပ်ကိုတော့ မိုးမခနဲ့ m.CDM မီဒီယာကို ရုန်းကန်ရပ်တည်နေကြသူတွေအတွက် ရန်ပုံငွေအဖြစ် တအုပ်ကို ဒေါ်လာ ၄၀ နဲ့ အကန့်အသတ်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
ကြိုတင်မှာကြားလိုသူများအတွက် PayPal Link က သည်မှာပါ။
https://www.paypal.com/ncp/payment/7A5ZWW7UM7E9S
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar