Breaking News

ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီပြဿနာနဲ့ မြန်မာနိုင်ငံ အကျပ်အတည်း

မြန်မာနွေဦးခရိုနီကယ် - မတ် ၂၉ မြင်ကွင်း

(မိုးမခ) မတ် ၃၀ ၊ ၂၀၂၆

ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီပြဿနာနဲ့ မြန်မာနိုင်ငံ အကျပ်အတည်း 

ပြည်တွင်းစစ်ပွဲ၊ စစ်ရေးမှာ အသာစီးရဖို့ရာ အတွက် မိမိတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေ ရန်သူထိန်းချုပ်ဒေသတွေဆီ ကုန်စည်သယ်ဆောင်မှုတွေကို ကန့်သတ်ပိတ်ဆို့မှု သို့မဟုတ် စနစ်မရှိတဲ့ အခွန်အကောက်ကောက်ခံမှုတွေနဲ့ ပြည်သူလူထုအဖို့ နဂိုကတည်းက ဖြစ်ပွားနေတဲ့ အခြေအနေမှာ ကမ္ဘာ့ရေနံ လောင်စာအကျပ်အတည်းပါ ထပ်ဆင့်လိုက်တဲ့ ဒဏ်ကို မြန်မာနိုင်ငံက ပြည်သူလူထုအနေနဲ့ မနိုင်ဝန်ကို ထပ်မံ သယ်ပိုးကြရတဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။ 

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မှာ အီရန်ကို အစ္စရေးလ်နဲ့ အမေရိကန်ပြည်ထောင်စုတို့က စတင်တိုက်ခိုက်လိုက်ခြင်းက ပင်လယ်ကွေ့ဒေသနဲ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို ဝယ်ယူသုံးစွဲနေကြတဲ့ နိုင်ငံတွေအဖို့ ရေနံနဲ့သဘာဝဓာတ်ငွေ့လောင်စာ သယ်ဆောင်ဖို့ အကျပ်အတည်းနဲ့ ကြုံတွေ့လာကြရတာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ရေနံစိမ်း သုံးစွဲမှုရဲ့ ၅ ပုံ ၁ ပုံကို သယ်ယူရာလမ်းကြောင်း ဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားကို စစ်ပွဲဖြစ်ပွားနေတဲ့ အီရန်က ပိတ်ဆို့လိုက်ပြီးနောက် ၁ လခန့်ကြာမြင့်လာတဲ့အခါမှာ ရေနံ သယံဇာတ မထွက်ရှိဘဲ ပင်လယ်ကွေ့ဒေသက ထွက်ရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို မှီခိုသုံးစွဲနေကြရတဲ့ အရှေ့အာရှ နိုင်ငံတွေမှာ လောင်စာဆီ ပြတ်တောက်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်လာနေကြရပြီ ဖြစ်ပါတယ်။ 

ဒီလို အကျိုးသက်ရောက်မှုတွေကို ခံစားရတဲ့ အရှေ့အာရှ နိုင်ငံတွေအထဲ မြန်မာနိုင်ငံဟာလည်း အဆိုးဆုံးမဟုတ်သည့်တိုင် ဆိုးဆိုးရွားရွား ခံစားရတဲ့ နိုင်ငံတနိုင်ငံဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံက ကမ်းရိုးတန်းဒေသတွေမှာ သဘာဝဓါတ်ငွေ့ ထုတ်ယူရရှိနေတဲ့တိုင် ပြည်တွင်းက စွမ်းအင်အသုံးပြုရာမှာ အနည်းငယ်သာ သုံးစွဲနိုင်ပြီး အများစုကို အိမ်နီးချင်းနိုင်ငံတွေကို ရောင်းချပြီး ရရှိတဲ့နိုင်ငံခြားငွေတစိတ်တပိုင်းကို ရေနံ၊ သဘာဝဓါတ်ငွေ့ရည် ဝယ်ယူသုံးစွဲနေရတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက လိုအပ်တဲ့ ချက်လုပ်ပြီးရေနံ ထွက်ပစ္စည်းတွေကို မလေးရှားနဲ့ စင်ကာပူတို့လိုက တဆင့်တင်သွင်း အသုံးပြုနေခဲ့ရာမှာ အခုလို ပင်လယ်ကွေ့ဒေသက ရေနံတွေ သယ်ယူဖို့ အကြပ်အတည်းဆိုက်ချိန်မှာ မြန်မာနိုင်ငံအဖို့ အရန်သိုလှောင်ထားနိုင်စွမ်း နည်းပါးတာကြောင့် လျင်မြန်စွာ သက်ရောက်မှုကို ခံစားကြရတာမျိုး ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံလို ရေနံသယံဇာတ မရှိတဲ့ထိုင်းနိုင်ငံလည်း လောင်စာဆီ ပြတ်တောက်မယ့်အရေး စိုးရိမ်မှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေရတာ တွေ့နေရပေမဲ့ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လောင်စာဆီ မှောင်ခိုစျေးကွက်နဲ့ လောင်စာဆီ ခွဲတမ်းနဲ့ နေ့အလိုက် သတ်မှတ်ရောင်းချတာမျိုးတော့ မရှိသေးတဲ့ အနေအထား ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နယ်စပ်ဒေသနဲ့ ထိုင်းနိုင်ငံ အလယ်ပိုင်းက ဒေသအချို့မှာတော့ ကားတန်းရှည်တွေနဲ့ လောင်စာဆီ တန်းစီတာမျိုး ဖြစ်ပွားနေတာ ဖြစ်ပေမဲ့ ဆိုးဆိုးရွားရွား အနေအထားမျိုး မဖြစ်သေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်း သတင်းတပုဒ်မှာ ထိုင်းနိုင်ငံအလယ်ပိုင်းက မြို့ငယ်တမြို့မှာ နာရေးမီးသင်္ဂြိုဟ်ဖို့ ဒီဇယ်သွားဝယ်ရာမှာ ရောင်းမပေးလို့ နာရေးအလောင်းကိုပါ ကားနဲ့တင်ပြီး စက်သုံးဆီဆိုင်မှာ သွားဝယ်ခဲ့တဲ့ သတင်းက လူစိတ်ဝင်စားစရာ သတင်းတပုဒ် ဖြစ်ခဲ့ပါတယ်။ ဒီသတင်းကို ကြည့်ခြင်းအားဖြင့် ထိုင်းနိုင်ငံဒေသအချို့မှာ လောင်စာဆီ အခက်အခဲတွေ ကြီးမားနေတာ ဖြန့်ဖြူးရောင်းချရာမှာ ကန့်သတ်မှုတွေက လူအများကို အခက်အခဲဖြစ်ပေါ်စေတာတွေ တွေ့မြင်နိုင်ပါတယ်။ ထိုင်း နဲ့ မြန်မာနယ်စပ် မဲဆောက်မြို့မှာလည်း မြန်မာနိုင်ငံဘက်ကို မှောင်ခိုတင်ပို့ဖို့ သိုလှောင်ထားတဲ့ လောင်စာဆီတွေ ဖမ်းဆီးရမိတဲ့ သတင်းကို ခုရက်ပိုင်းအတွင်း ဖတ်ရှုလိုက်ရပါတယ်။ လောင်စာဆီ အကျပ်အတည်းကို ကြုံတွေ့နေရတဲ့ ထိုင်းနိုင်ငံမှာ မှောင်ခိုရောင်းဝယ်မှုတွေ လုံးဝ မရှိတာတော့ မဟုတ်ပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာတော့ မဟုတ်ပါဘူး။ 

အိမ်နီးချင်း ထိုင်းနိုင်ငံအခြေအနေကို ကြည့်ပြီးနောက် မြန်မာနိုင်ငံအခြေအနေကို ကြည့်ရအောင်ပါ။ မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ ယာဥ်အမှတ် စုံ/မ ခွဲပြီး အသုံးပြုစေကာ လောင်စာဆီ သုံးစွဲမှုကို လျှော့ချဖို့ လုပ်ဆောင်ရာမှာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး နယ်ပယ်အသီးသီးကို ရှုပ်ထွေးတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ အဲဒီနောက် လောင်စာဆီရောင်းချပေးရာမှာ ယာဥ်လိုင်စင်ကို ကျူအာရ်ကုတ်ဖတ်ပြီးမှ ရောင်းပေးတဲ့ စနစ်ပါ ထပ်မံလုပ်ဆောင်ခဲ့ပြီး ယခုလ နောက်ဆုံးပတ်မှာတော့ ယာဥ်အင်ဂျင်ပါဝါအပေါ် မူတည်ပြီး သီတင်းတပတ် ဝယ်ယူခွင့်ခွဲတမ်း သတ်မှတ်တဲ့ စနစ်ကို ထပ်မံလုပ်ဆောင်ခဲ့ပါတယ်။ 

အလုပ်အကိုင် အခွင့်အလမ်းရှားပါးတဲ့ မြန်မာနိုင်ငံအဖို့ အထက်မှာ ဖော်ပြခဲ့တဲ့ လောင်စာဆီ သုံးစွဲမှုချွေတာရေး လုပ်ဆောင်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လောင်စာဆီ တန်းစီပြီး ပြန်လည်ရောင်းချတဲ့ ရာသီပေါ် အလုပ်အကိုင်အဖြစ် ထွက်ပေါ်စေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက ပြည်သူလူထုအဖို့ လောင်စာဆီ သုံးစွဲသူအကြားမှာ အမှန်တကယ်လိုအပ်သူကို ဦးစားပေးဖို့ အတွေးမျိုး၊ ကျင့်သုံးမှုမျိုးထက် မိမိတို့ ဝယ်ယူခွင့်ကို ငွေကြေး အကျိုးအမြတ်တခုအဖြစ် ပြောင်းလဲဖို့ဆီ ဖြားယောင်းသွေးဆောင်ခံရတဲ့ သဘောလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ် ၁၆ နှစ်မတိုင်ခင်ကာလတွေကလည်း လောင်စာဆီ ခွဲတမ်းနဲ့ ဝယ်ယူခွင့်ပြုခဲ့စဥ်က သတ်မှတ်လောင်စာဆီဆိုင်မှာ လစဥ် သတ်မှတ်ပမာဏနဲ့ ကန့်သတ်ဝယ်ယူခွင့်ပြုခဲ့စဥ်က အလားတူ မိမိရရှိတဲ့ ဝယ်ယူခွင့်ကို ငွေကြေး အကျိုးအမြတ်အဖြစ် ပြောင်းလဲခဲ့တဲ့ အဖြစ်တွေ ရှိခဲ့ကြတာမို့ အခု လတ်တလော လောင်စာဆီ အကြပ်အတည်းက သတ်မှတ်လိုက်တဲ့ ခွဲတမ်းနဲ့ ဝယ်ယူခွင့်က တန်းစီနိုင်သူတွေအဖို့ အလုပ်အကိုင် အခွင့်အလမ်းအဖြစ် ပြောင်းလဲပေးလိုက်သလို ဖြစ်စေတာပါ။ 

နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရအပေါ်မှာ မယုံကြည်မှု၊ ကျပ်တည်းတဲ့ လူမှုစီးပွားရေး အခြေအနေတွေက ချမှတ်တဲ့စနစ်တွေ စည်းမျဥ်းစည်းကမ်းတွေကို ပူးပေါင်းဆောင်ရွက်ဖို့ထက် စည်းမျဥ်းစည်းကမ်းတွေရဲ့ အားနည်းချက်နဲ့ ယိုပေါက်တွေကို အလုပ်အကိုင် အခွင့်အလမ်းအဖြစ် အသုံးချကြတာ ဖြစ်ပါတယ်။ 

ပြည်သူလူထုအားလုံးကတော့ အခွင့်အလမ်း အဖြစ်ရယူကြတာမျိုး မဟုတ်ပါဘူး။ အရေအတွက် အချိုးအစားတခုသော လူထုက အလုပ်အကိုင် အခွင့်အလမ်းအဖြစ် အသုံးပြုကြရာမှာ မှောင်ခိုစျေးကွက်ပေါ်ပေါက်လာပြီး ငွေကြေး တတ်နိုင်သူတွေအဖို့ အချိန်ကုန်၊ နေပူခံပြီး တန်းစီဝယ်ယူတာမျိုး မလုပ်တော့ဘဲ ငွေကြေး မတတ်နိုင်သူတွေအဖို့ ညသန်းခေါင်ကစပြီး တန်းစီတာ ဒါမှမဟုတ် နွေလယ်ကောင် နေပူထဲ နာရီများစွာ တန်းစီဝယ်ယူကြရင်း မူးလဲတာ၊ ရုတ်တရက် အသက်ဆုံးရှုံးတာတွေအထိ တွေ့ကြုံနေကြရတာ ဖြစ်ပါတယ်။ 

အခုလို ဖြစ်ရပ်တွေကို ကြည့်ပြီး လူထုကိုလည်း ကိုယ်ချင်းစာနာစိတ်၊ နိုင်ငံသားကောင်းစိတ်၊ လိုအပ်သူကို ဦးစားပေးတဲ့ စိတ်သဘောထား မရှိရကောင်းလားလို့ အပြစ်တင်ရလည်းခက်ခဲတဲ့ အနေအထားဖြစ်ပါတယ်။ လူထုအနေနဲ့ ခက်ခဲကျပ်တည်းတဲ့ ဘဝတွေ၊ မိမိနဲ့ မိသားစုရဲ့ စားဝတ်နေရေးကိုသာ ပထမဦးစားပေး စဥ်းစားရုန်းကန်နေကြရတဲ့ အခြေအနေတွေမှာ တာဝန်သိခြင်း၊ ကိုယ်ချင်းစာနာခြင်းနဲ့ အချင်းချင်းကူညီဖေးမခြင်းဆိုတာတွေအထိ တွေးတော ကျင့်သုံးနိုင်တဲ့ အခြေအနေ ရှိမနေကြပါဘူး။ 

နေ့စဥ်နဲ့အမျှ ဓါတ်ဆီ၊ ဒီဇယ်ဆီ ဝယ်ဖို့ တန်းစီသူ နေပူထဲ မူးလဲ၊ အသက်ဆုံးရှုံးနေကြတဲ့ ခေတ်ပျက်၊ ခေတ်ကျပ်ထဲမှာ မိသားစု ထမင်းစားနိုင်ဖို့ အခွင့်အရေးကို ဝမ်းစာအဖြစ် ပြောင်းလဲကြရတဲ့ ဘဝတွေ၊ အချင်းချင်း ဖေးမကူညီတာထက် မိမိလိုချင်တဲ့အရာကို ဖြတ်လမ်းက ရယူတာတွေ အလွဲသုံးစားလုပ်တာတွေလည်း နေ့စဥ်လူမှုဘဝတွေမှာ ကြုံတွေ့နေကြရဦးမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar