Breaking News

ကိုလေအိုး - နာရေးသတင်းထောက်

ကိုလေအိုး - နာရေးသတင်းထောက်

မိုးမခ ၊ မတ် ၃၀ ၊ ၂၀၂၆


ဖုန်းသတင်းထောက်ဘဝမှာ နာရေးသတင်းတွေလည်း ရေးရတတ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးရှိ ထင်ရှားကျော်ကြား လူသိများသူတွေ ဆုံးပြီဟေ့ဆိုရင် နာရေးသတင်းလိုက်ရတယ်။ ဖေ့စ်ဘွတ်တွေ မပေါ်ခင်ကတော့ ဆုံးပြီကြားရင် တကယ်ဆုံးတာ ဟုတ်၊ မဟုတ်နဲ့ ဘာရောဂါနဲ့ ဆုံးသလဲဆိုတာကို ကျန်ရစ်သူမိသားစု ဖုန်းရှာပြီး ဆက်သွယ်မေးမြန်း သတင်းရေးရတယ်။ ပြီးတော့ သူ့အသိုင်းအဝိုင်းက သူ့အကြောင်း ပြောနိုင်ဆိုနိုင်သူ တစ်ယောက်၊ ဒါမှမဟုတ် နှစ်ယောက်ရှာပြီး သူရှိစဉ်က အလုပ်လုပ်ခဲ့ပုံတွေ ဘာတွေမေးပြီး သတင်းရေးရတယ်။

ဖေ့စ်ဘွတ်တွေ ပေါ်လာတော့ ထင်ရှားသူ တစ်ယောက်ယောက် ဆုံးပြီဆို ဆုံးပြီဆိုပြီး ရေးတင်သူတွေ ရှိလာတော့ နာရေးသတင်းလိုက်ရတာ ပိုလွယ်သွားတယ်။ ဆုံးတဲ့အကြောင်း ရေးတင်သူထံ မက်ဆင်ဂျာက ဆက်သွယ်ပြီး မိသားစုဖုန်း၊ အသိုင်းအဝိုင်း ဖုန်းတောင်းပြီး ဖုန်းဆက်သတင်းရေးပေါ့။ ဒီနေရာမှာ ဆုံးပါးသွားသူနဲ့ သူ့အကြောင်းမေးဖို့ သတင်းရင်းမြစ် ရှာရတာဟာ သတင်းထောက်ရဲ့ အရည်အချင်းက စကားပြောပါတယ်။ ကောင်းတာကတော့ နာရေးသတင်းရေးတဲ့သူဟာ အသက်အရွယ်အားဖြင့် လူလတ်ပိုင်းဖြစ်ပြီး ဖြတ်သန်းမှုတစ်ခုခုရှိရင် ပိုသင့်တော်တယ်။

ငယ်တဲ့သတင်းထောက်တွေဆို ဆုံးပါးသွားသူနဲ့ သူတို့ရဲ့ဖြတ်သန်းမှုက “အဟ” ကွာတော့ သတင်းလိုက်ခိုင်းမိရင် ကမောက်ကမ ဖြစ်တတ်ပါတယ်။ မဆိုင်ပေမဲ့ ဥပမာတစ်ခုပြောရရင် စာရေးဆရာ၊ ကဗျာဆရာ ဒဂုန်တာရာ ဆုံးပြီးတဲ့နောက် သူ့ဂုဏ်ပြုစာစုတွေ စုစည်းပြီး ထုတ်ဝေတော့မယ်ဆိုရင် ဒဂုန်တာရာအကြောင်းကို တာရာမင်းဝေ ရေးလို့ အဆင်မပြေပါဘူး။ ဒဂုန်တာရာနဲ့ ဖြတ်သန်းမှု မနီးမဝေးရှိပြီး သူ့လိုပဲ စာတောမှာ ပျော်မွေ့ဖူးတဲ့ ဆရာ “အံ့မောင်” က “ဘာကြောင့် ဒဂုန်တာရာလဲ” လို့ ရေးမှ ဖတ်ကောင်းပြီး အဆင်ပြေပါတယ်။

ဒီသဘော ပြောတာပါ။ တယ်လီဖုန်းသတင်းထောက်ဘဝ ဆယ်နှစ်ကျော်ကြာ ဖြတ်သန်းမှုအတွင်း နာရေးသတင်းတွေ အတော်ရေးခဲ့ရတယ်။ တချို့ ကြယ်ပွင့်အနုပညာရှင်ကြီးတွေ ဆုံးတာမျိုးဆို နာရေးသတင်းအပြင် သတင်းမှတ်တမ်းတစ်ပုဒ်ပါ ထုတ်လွှင့်ပေးခဲ့ဖူးတယ်။ မှတ်မိနေတာက ဆရာမောင်ဝံသ ဆုံးတုန်းက နာရေးသတင်းရေးခဲ့ဖူးသလို သတင်းမှတ်တမ်းလည်း ရေးသားထုတ်လွှင့်ခဲ့ဖူးတယ်။ မောင်ဝံသ ဆိုတာက စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမားလည်း ဖြစ်တော့ ဆရာ့နာရေးအတွက် ကောမန့်ပေးတဲ့သူ ဆိုတာ အလွယ်တကူ မေးယူပြီး ရေးလို့မရပါဘူး။ ဒီတုန်းက မောင်ဝံသ လိုပဲ စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမားဖြစ်တဲ့ ဆရာဦးဝင်းတင်ကို မေးပြီး နာရေးသတင်း ရေးခဲ့ရတယ်။

“ကိုဝံသက လောကဓံကို ကတ္တီပါလက်သီးနဲ့ ရင်ဆိုင်သွားတဲ့သူဗျ” ဆိုတဲ့ ဆရာဦးဝင်းတင်ရဲ့ ကောမန့်ကို အခုထိ မှတ်မိနေပါတယ်။ နောက်နာရေးသတင်းတစ်ပုဒ် ရေးဖြစ်လို့ အမှတ်ရနေတာကတော့ ရုပ်ရှင်မင်းသား၊ အဆိုတော် ဇော်ဝမ်း ဆုံးတဲ့နာရေးပါ။ သင်္ကြန်မင်းသားလို့ပါ နာမည်ကြီးတဲ့ ဇော်ဝမ်း နာရေးသတင်းရေးဖို့ ကြုံလာတော့ စောစောကပြောသလို ဖြတ်သန်းမှု မနီးမဝေးနဲ့ အနုပညာလှုပ်ရှားမှုချင်းတူသူ ရှာတော့ “သုမောင်” ကို သွားတွေ့တယ်။ သုမောင်ဆီ ဖုန်းဆက်လိုက်တော့ ကိုယ်ကတောင် သေချာမမေးရသေးဘူး။ သူက ခုလို ကရားရေလွှတ် စပြောတာ မှတ်မိနေတယ်။

“တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ ရွှေမန္တလေးဂျာနယ်မှာ သူ့အကြောင်း အခန်းဆက်ဆောင်းပါး ရေးနေတုန်း သူ ဆုံးတဲ့သတင်း ကြားရတာ၊ ညကဆုံးတာ အိမ်က ကျနော် စိတ်မကောင်းဖြစ်မှာစိုးလို့ ဒီမနက်မှ ပြောတယ်၊ ကျနော် သူ့ကို ပြောတယ်၊ သူ ပြန်သောက်နေတယ် ကြားလို့၊ မင်းက ငါ့လို စိတ်ကိုထိတာ မဟုတ်ဘူး၊ ကလီစာတွေကို ထိထားတာဆိုတော့ ပြန်မလုပ်သင့်ဘူးလို့၊ သူ နားမထောင်ဘူးဗျာ...”။ 

ဒီတုန်းက သုမောင်၊ ဆွေဇင်ထိုက် စတဲ့ အနုပညာရှင်တချို့ကို ဆက်သွယ်မေးမြန်းပြီး ရေဒီယိုသတင်းမှတ်တမ်းတစ်ခု ထုတ်လွှင့်ခွင့်ရခဲ့ပါတယ်။

“မင်းက ငါ့လို စိတ်ကို ထိတာ မဟုတ်ဘူး၊ ကလီစာတွေကို ထိထားတာဆိုတော့ ပြန်မလုပ်သင့်ဘူး” လို့ သူ့သူငယ်ချင်း ဆုံးတော့ ပြောခဲ့တဲ့ သုမောင်လည်း နောက်တစ်နှစ်လောက်မှာ သူ့သူငယ်ချင်းနောက် လိုက်သွားတယ်။ အလားတူ ရေဒီယိုအဆိုတော်ကြီး “မျိုးမြင့်လေး” ဆုံးတော့ အဆိုတော် သန်းမြတ်စိုးကို ဆက်ပြီး နာရေးသတင်း လုပ်ခဲ့တယ်။ 

“ရေဒီယိုအမျိုးသားအဆိုတော်တွေမှာ ‘လေးတစ်ခေတ်’ ဖြစ်ခဲ့ဖူးတယ်။ မျိုးမြင့်လေး၊ ဇော်မင်းလေး၊ တင်ဦးလေး၊ သန်းထွန်းလေး၊ မြင့်ဦးလေး၊ သန်းဖေလေး စသဖြင့်” မှတ်သားဖွယ် ပြောပြခဲ့တာတွေ မှတ်မိနေပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar