Breaking News

မြန်မာပြည်မှာ ရွေးကောက်ပွဲ ဖြစ်ဖို့ - ၈၈ အရေးတော်ပုံ အနှစ် (၂၀)၊ ၂၁ နွေဦး (၅) နှစ်

မြန်မာနွေဦးခရိုနီကယ် မတ် ၂၆ မြင်ကွင်း

မိုးမခ ၊ မတ် ၂၇ ၊ ၂၀၂၆


မြန်မာပြည်မှာ ရွေးကောက်ပွဲ ဖြစ်ဖို့ - ၈၈ အရေးတော်ပုံ အနှစ် (၂၀)၊ ၂၁ နွေဦး (၅) နှစ်

၁၉၈၈ မှာ လူထုအရေးတော်ပုံ ဖြစ်ပါတယ်။ ၈၈ အရေးတော်ပုံလို့ ခေါ်ကြပါတယ်။ အဲသည်ကနေ အကြမ်းမဖက် လူထုလှုပ်ရှားမှုကြီးရဲ့ ရလဒ်အဖြစ် စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲတရပ် ကျင်းပပေးခဲ့ရပါတယ်။ သည်ရွေးကောက်ပွဲဟာ ပါတီစုံအထွေထွေဒီမိုကရေစီရွေးကောက်ပွဲလို့ အမည်တပ်ကြတာမျိုးလည်း ရှိပါတယ်။ လူထုလှုပ်ရှားမှု သို့မဟုတ် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် အပါအဝင် လူထောင်သောင်းချီပြီး အကျယ်ချုပ် အကျဉ်းချုပ် နည်းမျိုးစုံနဲ့ အကျဉ်းချခံရပါတယ်။ လူ ထောင်နဲ့ချီပြီး စစ်အစိုးရ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးကြရပါတယ်။ ကျောင်းသားတွေ ထောင်ချီပြီး လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ကြပါတယ်။ 

၁၉၀၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အသိအမှတ်မပြုတဲ့အတွက် နောက် အနှစ် ၂၀ လုံးလုံး ၂၀၁၀ ပြည့်နှစ်အထိ စစ်အစိုးရက အာဏာသိမ်းအစိုးရအဖြစ် တိုင်းပြည်ကို အဓမ္မအုပ်ချုပ်ရပါတယ်။ နိုင်ငံတကာက ပိတ်ဆို့အရေးယူထားပါတယ်။ အမျိုးသားညီလာခံကို ၁၉၉၅ ဝန်းကျင်မှာ ကျင်းပပြီး အခြေခံဥပဒေရေးဆွဲဖို့ ကြိုးစားတာ မအောင်မြင်ပါဘူး။ 

လူထုကြီးထဲက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊  ၆၂ က စတဲ့ ၇၄၊ ၇၅၊ ၇၆ မျိုးဆက်တွေ၊ ၈၈ မျိုးဆက်တွေ၊ နိုင်ငံရေးပါတီဝင်တွေ၊ စာရေးဆရာတွေ၊ စာနယ်ဇင်းသမားတွေက စစ်အစိုးရကို ဆန့်ကျင် လှုပ်ရှားကြပါတယ်။ စစ်အစိုးရကို ပြည်သူက မထောက်ခံလို့ စစ်အစိုးရက တရားဝင်အစိုးရတရပ် ဆိုတာမျိုး မရပ်တည်နိုင်ခဲ့ပါဘူး။ ၂၀၀၈ ကျမှ အတင်းအဓမ္မ လူထုဆန္ဒခံယူပွဲ ကျင်းပပြီး စစ်အစိုးရ၏ စိတ်တိုင်းကျ ချုပ်နှောင်ထားတဲ့ အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့ပါတယ်။

၂၀၀၈ ခြေဥပြီးတာနဲ့ စစ်အစိုးရက နောက် ၂ နှစ်အတွင်းမှာ ၎င်းတို့စိတ်တိုင်းကျ ချုပ်နှောင်ထားတဲ့ ရွေးကောက်ပွဲကို ကျင်းပပြီး စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံ လဲထားတဲ့ စစ်တပ်၏ နိုင်ငံရေးပါတီကို လွှတ်တော်ဖွဲ့ခိုင်း၊ အစိုးရ ထောင်ခိုင်းပြီး အာဏာလွှဲလိုက်ပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုရတဲ့ အစိုးရနဲ့ လွှတ်တော်အဖြစ် အသွင်ကူးပြောင်းနိုင်ခဲ့ပါတယ်။ အဲသည်အတွက် ခြေဥကို အတည်ပြုတာ အနှစ် ၂၀ ကြာပြီး ရွေးကောက်ပွဲနဲ့ လွှတ်တော်လုပ်တာ ၂ နှစ်အတွင်း အထမြောက်ခဲ့ပါတယ်။ 

၂၀၁၂ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံအင်အားစုကို လွှတ်တော်နိုင်ငံရေး ကစားကွင်းထဲကို အကန့်အသတ်နဲ့ ခေါ်ယူ နိုင်ခဲ့ပါတယ်။ စစ်တပ်ကော စစ်တပ်နိုင်ငံရေးပါတီကပါ အတိုက်အခံတွေကို ထိန်းချုပ်ထားဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော် သူတို့ ၂၀၀၈ ခြေဥအကန့်အသတ်အတွင်းကနေ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ ရွေးကောက်ပွဲနိုင်ပါတယ်။ လွှတ်တော်ကို သိမ်းပိုက်နိုင်ပါတယ်။ အစိုးရတရပ် ဖော်ဆောင်နိုင်ခဲ့ပါတယ်။ 

၂၀၁၅ ကနေ ၂၀၂၀ (၅) နှစ်တာ ကာလအတွင်းမှာ စစ်တပ်၊ စစ်တပ်ပါတီတို့က တဖက်နဲ့ အာဏာတစိတ်တပိုင်းရ ဒေါ်အောင်ဆန်းစုကြည်ပါတီ ဦးဆောင်တဲ့ လွှတ်တော်နဲ့ အစိုးရတို့ကြား ကြီးမားသော ပွတ်တိုက်မှုတွေ တိုက်ခိုက်မှုတွေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ခြေလှမ်းတွေ ချမှတ်နိုင်ဖို့ ရုန်းကန် ကြိုးပမ်းကြပါတယ်။ လူထုက မျက်စိမှိတ်ပြီး အာဏာရဒီမိုကရေစီဘက်သား အနိုင်ရပါတီကို ထောက်ခံပေမဲ့ အရွေ့ကြီးကြီးမားမား မရခဲ့ပါဘူး။ အဲသည်အခါကျတော့ ၂၀၂၀ ရွေးကောက်ပွဲကို စစ်တပ်၊ စစ်တပ်ပါတီ၊ အခြားနိုင်ငံရေးပါတီများနဲ့ အာဏာရ ဒေါ်အောင်ဆန်းစုကြည်ပါတီတို့က နောက်ထပ်အဆုံးအဖြတ် တိုက်ပွဲတခုလို သဘောထားပြီး ဆင်နွှဲကြပြန်ပါတယ်။ သည်တခါလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးပါတီပဲ လွှတ်တော်အမတ်အများဆုံး အနိုင်ရပြန်တာပါပဲ။

၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲနိုင် ဒေါ်အောင်ဆန်းစုကြည်ပါတီကို အာဏာမလွှဲတော့ပါဘူး။ အာဏာသိမ်းလိုက်ပါတယ်။ သူတို့သဘောအတိုင်း လိုက်နာမဲ့ ရွေးကောက်ပွဲရလဒ် မရလို့ ၂၀၁၅ တုန်းက လက်လျှော့ပေးခဲ့ပေမယ့် ၂၀၂၀ မှာတော့ဖြင့် လုံး၀လက်မခံတော့တာ ဖြစ်ပါတယ်။  အဲသည်လို စစ်အုပ်စု (စစ်တပ်၊ စစ်တပ်ပါတီ၊ စစ်တပ်ကို ထောက်ခံသူတွေ) က အာဏာသိမ်းလိုက်တဲ့အတွက် နိုင်ငံရေးနည်းလမ်းကို အခြေခံတဲ့ အသွင်ကူးပြောင်းရေးကြိုးပမ်းမှု (ဒီမိုကရေစီ) (ဖယ်ဒရယ်) ပြည်ထောင်စုထူထောင်ရေး လမ်းချော်ခဲ့ရပါတယ်။ အဲသည်မှာ တပြည်လုံးအတိုင်းအတာနဲ့ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုနဲ့ စတင်ဆန့်ကျင်ကြရာကနေ နောက်ဆုံး စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများ တရားလက်လွတ် ဖြစ်လာတာကြောင့် တပြည်လုံးက တော်လှန်ပြည်သူတွေ အားလုံးက လက်နက်ကိုင် ခုခံကြတဲ့ ပြည်တွင်းစစ် ချောက်ထဲ ကျဆင်းခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီက ခေါင်းဆောင်များ၊ အမတ်များနဲ့ ထောက်ခံသူ အများအပြားပါဝင်တဲ့ NUG တော်လှန်ရေး အစိုးရအမည်နဲ့ ဦးဆောင်ပြီးတော့ လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲကြတယ်လို့ ဆိုနိုင်ပါတယ်။ ၅ နှစ်တာကာလကြာအောင် တော်လှန်ရေးကို ဆင်နွှဲကြတဲ့ဆီမှာ အရင်းအနှီးများ ကြီးမားသလို ပေးဆပ်မှုတွေကလည်း အတော်မသတ် များပြားခဲ့ပါတယ်။

သို့သော် ၅ နှစ်အကြာမှာတော့ဖြင့် (၂၀၂၅ ဖေဖော်ဝါရီအလွန်) စစ်အုပ်စုက ၎င်းတို့စိတ်တိုင်းကျ အခြေခံဥပဒေကို ကိုင်စွဲပြီး၊ ၎င်းတို့ စိတ်တိုင်းကျ ဖန်တီးထားတဲ့ ရွေးကောက်ပွဲနဲ့ ၎င်းတို့ ကြိုးကိုင်ထားနိုင်မဲ့ နောက်ထပ်လွှတ်တော်တရပ်ကို ပြန်လည် ဖော်ဆောင်နိုင်ခဲ့ပါပြီ။ တဖက်ကလည်း စစ်ကို မလျှော့တမ်း တိုက်နေဆဲပါပဲ။ 

၁၉၈၈ အရေးတော်ပုံတုန်းက စစ်တပ်သည် နောက် အနှစ် ၂၀ ကြာအောင် ခြေဥ၊  ရွေးကောက်ပွဲ နဲ့ လွှတ်တော်ကို ဖြစ်မြောက်အောင် တည်ဆောက်ခဲ့ကြရပေမဲ့ သည်တခါ နွေဦးတော်လှန်ရေး ၅ နှစ်မှာ စစ်ရေးကို တဖက်က ဆင်နွှဲနေရင်းကပဲ၊ ခြေဥ၊ ရွေးကောက်ပွဲနဲ့ လွှတ်တော်ကို ပြန်တည်နိုင်ခဲ့တယ်လို့ မှတ်ချက်ပြုလိုက်ချင်ပါတယ်။  အထူးပြုမီးမောင်းထိုးချင်တာကတော့ - စစ်အုပ်စု စွဲကိုင်ထားတဲ့ ခြေဥဆိုတာ သူတို့ရဲ့ အသက်ကယ်ဆေး၊ သက်ဆိုးရှည်ဆေးတခွက် ဖြစ်နေတယ်ဆိုတာကို ဂရုပြုမိဖို့ပါပဲ။ စစ်အာဏာရှင်စနစ် အခိုင်အမာတည်ဆောက်နေမြဲ၊ နေဆဲဖြစ်တဲ့ စစ်အုပ်စုကို ထာဝရ မဆုပ်မနစ်တော်လှန်နေကြရာမှာ ပိုပြီး ဆက်လို့ အားစိုက်ထည့်ရုန်းကြမှ ဖြစ်မယ်ဆိုတာကို စွဲမြဲကြဖို့ ဖြစ်ပါတယ်။ 

မြေပေါ် နဲ့ မြေအောက် စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေ အနေနဲ့ ရည်မှန်းချက်တူ၊ အကျိုးစီးပွားပဋိပက္ခ ဖြစ်မနေတဲ့ မျှခြေ တခုကို ရှာဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ မျှခြေ မရှိတဲ့အခါမှာ အကျိုးစီးပွားပဋိပက္ခဖြစ်မှု၊ ရှေ့ဆက်မတိုး မဆောင်ရွက်ကြတော့တဲ့ မဟာမိတ် အဖွဲ့တွေ တပ်ပေါင်းစုတွေ အဖြစ် နဲ့ ရှေ့မရောက်တဲ့ အဖြစ်တွေက သမိုင်းတလျှောက် တကြိမ်မက ကြုံခဲ့ကြတာလည်း  သတိမူသင့်ပါတယ်။

ပိုင်းခြေ မတူတဲ့ အပိုင်းဂဏန်းတွေ ကို ပေါင်းခိုင်းတာမျိုး မဟုတ်ဘဲ အပေါ်က တန်ဖိုးတွေပေါင်းနိုင်ဖို့ ပိုင်းခြေတူအောင် မျှခြေ ရှာဖွေကြဖို့က အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ တဖက် စစ်အာဏာရှင်က ပိုင်းခြေတူတဲ့ အမိန့်နဲ့ဖွဲ့ထားကြပြီး အတွင်းပဋိပက္ခတွေကို တသွေးတသံတမိန့်နဲ့ ဖြေရှင်းနိုင်ကြတာမို့ သူတို့စစ်အုပ်စုတွေကြား မျှခြေတူအောင် လုပ်ဆောင်နိုင်ချိန်မှာ တော်လှန်ရေးအင်အားစုတွေဘက်က အဲလို အခြေအနေမျိုး ရှိမနေကြရင်ဖြင့် လမ်းခရီးက ရှည်ကြာမှာ အသေအချာပင် ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar