Breaking News

မောင်လူမွှေး - ရွာကလေးတွေရဲ့ ကျန်းမာရေး



မောင်လူမွှေး - ရွာကလေးတွေရဲ့ ကျန်းမာရေး

မိုးမခ ၊ မတ် ၂၇ ၊ ၂၀၂၆


တော်လှန်နယ်မြေက ရွာကလေးတွေရဲ့ ကျန်းမာရေးကို ဘယ်သူတွေက စောင့်ရှောက်ပေးနေသလဲ။ ဟုတ်ကဲ့ အမှန်အတိုင်း ဖြေပါ့မယ်။ ရွာကလေးတွေရဲ့ ကျန်းမာရေးကို CDM သူနာပြုဆရာမတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ ဆေးသင်တန်း တက်ရောက်ဖူးပြီးသား လူငယ်တွေနဲ့ ရပ်ရွာမှာ ဆေးထိုးအပ်ကိုင်တတ်တဲ့သူတွေက စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်ခင်ဗျာ။

"တကယ်တော့လေ ငါတို့မှာ ဆေးကုခွင့် မရှိဘူး။ အခုအချိန်မှာတော့ မကုလို့လည်း မရတော့တဲ့အနေအထားကြောင့် ကုပေးနေရတယ်။ ကျန်းမာရေးဗဟုသုတကလည်း နည်းလိုက်ကြတာ။ စိုးရိမ်စရာကြီးနော်" လို့ ရွာကြီးတစ်ရွာမှာ ဆေးခန်းဖွင့်ထားတဲ့ သူနာပြုဆရာမကြီးက ပြောပါတယ်။ သူဟာ လုပ်သက်ပင်စင်ယူခဲ့တဲ့ ဝါရင့်သူနာပြုဆရာမကြီးတစ်ယောက် ဖြစ်ပြီး ဆေးရုံကြီးတွေက ဆရာဝန်ကြီးတွေရဲ့ လက်အောက်မှာ ဆယ်စုနှစ်ချီပြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်လို့ အတွေ့အကြုံနဲ့ ပညာရင့်ကျက်သူ ဖြစ်ပါတယ်။ ဝါရင့်သူနာပြုဆရာမကြီးတစ်ယောက်ပီပီ တည်ငြိမ်အေးဆေးမှု၊ ရောဂါအမည်အမှန်ကို သိပြီး ကုသပေးနိုင်မှု၊ ကလေးတွေကို ကိုင်တွယ်ကုသရာမှာ သိမ်မွေ့ကျွမ်းကျင်မှုတွေကို မြင်တွေ့ရပါတယ်။

သူလို ဝါရင့်သူနာပြုဆရာမကြီးတစ်ယောက်တောင် ဆေးလောကမှာ တရားဝင် ဆေးကုသခွင့်မရှိဘူး။ ဆရာဝန်တွေရဲ့ ကုသရေးလမ်းညွှန်မှုအတိုင်းသာ လုပ်ဆောင်ပေးရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင် CDM ဆရာမလေးတွေ၊ တော်လှန်နယ်မြေက ဆေးသင်တန်းဆင်း လူငယ်လေးတွေ၊ "ရမ်းကု"၊ "အပ်ပုန်း" လို့ ခေါ်ခဲ့ကြတဲ့သူတွေမှာ ဘယ်လိုလုပ် ဆေးကုသခွင့်ရနိုင်မှာလဲ။ ဒါပေမဲ့ အခုလက်တွေ့အချိန်မှာတော့ ရွာကလေးတွေရဲ့ ကျန်းမာရေးအတွက် သူတို့ကိုပဲ အားကိုးနေရတာ ဖြစ်ပါတယ်။

ဆရာဝန် ဆိုတာ မောင်လူမွှေးတို့ ကျေးရွာလေးတွေအဖို့ မမြင်ဖူးတာတောင် ကြာပြီလို့ ဆိုရမယ်။ ဆရာဝန်ရှိတဲ့နေရာ၊ ဆေးခန်းဆို အာဏာသိမ်းစစ်တပ်က ပစ်မှတ်အဖြစ်ထားပြီး လေကြောင်းတိုက်ခိုက်ပါတယ်။ မောင်လူမွှေး မိတ်ဆွေညီငယ် ဆရာဝန်တစ်ယောက်ဆို ဗုံးကြဲခံရတာ နှစ်ကြိမ်ရှိပြီ။ မတူညီတဲ့ ဒေသနှစ်ခုက သူကုသပေးနေခဲ့တဲ့ ဆေးရုံ၊ ဆေးခန်းနှစ်ခုစလုံးကို ကြဲခံခဲ့ရတာဖြစ်တယ်။ ကံကောင်းထောက်မလို့ သူ အခုထိ အသက်ရှင်နေသေးတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်လူမွှေးတို့ဒေသက ဆရာဝန်တစ်မိသားစုလုံး အသက်ဆုံးခဲ့ရတယ်။ ဆရာဝန်ရှိတဲ့ ဆေးခန်းတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်နေတော့ ဘယ်ဆရာဝန်အများစုက ရပ်ရွာမှာ ဆေးခန်းဖွင့်ရဲပါ့မလဲ။

ရပ်ရွာပြည်သူတွေအတွက် သတ္တိရှိရှိ ဆေးခန်းဖွင့်ရဲတဲ့ ဆရာဝန်တွေလည်း ရှိနေပါသေးတယ်။ အမျိုးသမီးဆရာဝန်တစ်ယောက်ဆို ဆေးဝယ်ခိုင်းတာကလွဲပြီး ကျန်တဲ့ စမ်းသပ်၊ ကုသခ တစ်ပြားတစ်ချပ်မှ မယူဘဲကို ကုသပေးတာပါ။ ဆေးကလည်း သူ ရောင်းတာမဟုတ်ပါဘူး။ သူညွှန်းတဲ့ဆေးတွေကို ဆေးဆိုင်တွေမှာ သွားဝယ်ရတာ ဖြစ်ပါတယ်။ အဲဒီအာဂ အမျိုးသမီးဆရာဝန်ရဲ့ ဆေးကုသရာနေရာကိုလည်း စစ်တပ်က ညအချိန် ဗုံးကြဲပါတယ်။ ဗုံးဒဏ်ကြောင့် ထိခိုက်မှု ကြီးကြီးမားမား မရှိခဲ့ပေမဲ့ ဆရာမ နေတဲ့ ရပ်ရွာက သူတို့ဆီမှာ ဆေးခန်းမဖွင့်စေချင်တော့ပါဘူး။ မီးအိမ်ရှင်ဆရာမဟာ အဝေးကို ထွက်သွားခဲ့ပါတယ်။ ရွာတွေရဲ့ ကျန်းမာရေး ကြီးကြီးမားမား ဖြစ်ခဲ့ရင် တစ်ခုတည်းသော အားကိုးရာဟာ ပျောက်ကွယ်သွားခဲ့ရပါတယ်။

ဒီနေရာမှာ မောင်လူမွှေးရဲ့ တပည့်မလေးတစ်ယောက်ကို သတိရမိပါတယ်။ မောင်လူမွှေး တပည့်မလေးဟာ မြန်မာမှာရော၊ စင်ကာပူမှာပါ သူနာပြုသင်တန်းတက်ခဲ့တဲ့ သူနာပြုဆရာမလေးပါ။ သူဟာ သူနေတဲ့မြို့နယ်ရဲ့ ပ.က.ဖ ဆေးတာဝန်ခံတာဝန်ကို ထမ်းဆောင်တယ်။ စစ်ရှောင်တွေကို အခမဲ့ ဆေးကုသပေးတယ်။ ရွာကလူတွေဆို ကုသခမယူဘဲ ဆေးဖိုးပဲယူတယ်။ သူ့ဆေးခန်းကလေးဖွင့်ပြီး ဆေးကုသခဲ့တဲ့ နေရာ ရှစ်နေရာစလုံးကို စစ်တပ်က လိုက်ပြီး ဗုံးကြဲပါတယ်။ အဲဒီတော့ ဘယ်ရွာကမှ သူတို့ရွာနီးဝန်းကျင်မှာ ဆေးခန်းဆောက်မှာကို မလိုလားကြတော့ပါဘူး။ ဒီတော့ မောင်လူမွှေး တပည့် သူနာပြုဆရာမလေးခမျာ ရွာလှည့်ဆေးကုရသူ ဖြစ်သွားပါတော့တယ်။

တကယ်တော့ CDM သူနာပြုဆရာမ ဆိုတာ ရပ်ရွာတိုင်းရှိတာ မဟုတ်ပါဘူး။ ရွာကြီးတွေမှာသာ အများအားဖြင့် ရှိတတ်ကြတာ ဖြစ်ပါတယ်။ ရွာလေးတွေအနေနဲ့ တော်တော်တန်တန် ရာသီဖျား ကျန်းမာရေးကိစ္စအတွက် ရပ်ရွာမှာ တော်လှန်ရေးကာလ ဆေးသင်တန်းဆင်းလေးတွေနဲ့ ဆေးထိုးအပ်ကိုင်သူတွေကိုသာ အဓိက အားကိုးနေရတာဖြစ်ပါတယ်။ ရပ်ရွာက လူအများစုကလည်း ဆေးထိုးအပ်နဲ့ ဆေးထိုးခံရမှ ရောဂါပျောက်တယ်လို့ ယုံကြည်ကြတော့ သူ့အရပ်နဲ့ သူ့ဇာတ် ကိုက်နေတာပါပဲ။

ဟိုအရင်ကဆိုရင်တော့ ဆရာဝန်မဟုတ်ဘဲ ဆေးထိုးအပ်ကိုင်ပြီး ဆေးကုသူတွေဟာ အန္တရာယ်များတယ်၊ လူသတ်သမားတွေ ဆိုပြီးတောင် သမုတ်ခဲ့ကြတာတွေရှိပါတယ်။ လက်ရှိအချိန်မှာတော့ နောက်လာမယ့် အကျိုးဆက်တွေ ဘယ်လိုပဲရှိရှိ ဖျားတဲ့ နာတဲ့ဒဏ်ကို မခံနိုင်လို့ သူတို့နဲ့ပဲ ကုသနေကြရတာပါ။ ဘာပဲဖြစ်ဖြစ် လက်ရှိ ဖျားနာနေတာကတော့ ပျောက်သွားကြတာက များတာကိုး။

ကျန်းမာရေးမှတော့ မဟုတ်ပါဘူး။ မောင်လူမွှေးတို့ တော်လှန်နယ်မြေက ပညာရေး၊ အုပ်ချုပ်ရေး စတာတွေဟာလည်း ဒီလိုပဲ လည်ပတ်နေကြရတာပါ။ ကျန်းမာရေးမှာ ရမ်းကုတွေကြောင့် သေကြတဲ့ လူတွေ ရှိတယ်။ ဖွင့်ပြောလို့လည်း အဆင်မပြေဘူးလို့ CDM ဆရာမတစ်ဦးက ပြောပြဖူးပါတယ်။ နိုင်ငံရေးရမ်းကုတွေ၊ တော်လှန်ရေးရမ်းကုတွေကြောင့် သေကြရတဲ့သူတွေလောက်တော့ မများလောက်ပါဘူး ဆရာမရယ်လို့ မောင်လူမွှေး စိတ်ထဲကနေ ပြန်ပြောမိခဲ့ပါတယ် ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar