မိုးဉာဏ်(မန္တလေး) - သာစည်ကကြယ်
သာစည်ကကြယ်
မိုးဉာဏ်(မန္တလေး)
(မိုးမခ) မတ် ၂၇၊ ၂၀၂၆
"ကျုပ်တို့ ရှေးကထက် ပိုချစ်ကြရအောင်"
မိဘမေတ္တာမဂ္ဂဇင်း အမှတ်(၃) မိတ်ဆက်ပွဲမှာ ဆရာတင်ညွန့်မြိုင် (သာစည်)က ကျွန်တော့် လက်ကလေးကိုဆုပ်ကိုင်လို့ တခုတ်တရ ပြောခဲ့တာပါ။
ကဗျာဘိုးအေကြီးတစ်ပါးက ဒီလိုဂျပ်ပင်ထိုးလိုက်တဲ့အခါ ပျော်ရွှင်ကြည်နူးမှု၊ စိတ်လှုပ်ရှားမှု တို့က လှိုင်းထန်လာတာပေါ့။
"ဆရာ ဒီလိုပဲ အမြဲ ကျန်းမာအောင်နေဗျာ။ ဆရာကျန်းမာလို့လည်း ဒီအရွယ်ထိ ဒီလိုသွားနိုင်လာနိုင်တာဗျ" ဆိုပြီး ကျွန်တော့် အမြင်အတိုင်း အားပေးစကား ခင်းပေးတော့ ဆရာက ဖြည်းဖြည်းချင်းလျှောက်လာတယ်။
"ကျွန်တော် ကဗျာကြောင့်သာ ကျန်းမာနေတာ၊ တစ်သက်လုံး ကဗျာနဲ့ပဲ နေထိုင်ခဲ့တာပါ။
ကဗျာနဲ့ပဲ ရှင်ချင်တယ်၊ သေရင်လည်း ကဗျာနဲ့ပဲ သေချင်တယ်"
ကျွန်တော့် မဂ္ဂဇင်းစာအုပ်မှာ လက်မှတ်ထိုးပေးဖို့ တောင်းဆိုတော့ ...
"စာတစ်ကြောင်း နှစ်ကြောင်းလောက် ရေးချင်တယ်။ရေးလို့ရမလား" လို့ ဆရာက ခွင့်တောင်းသလို မေးလာပါတယ်။
လူတစ်ယောက်အပေါ်ထားတဲ့ ဆရာ့ရဲ့လေးစားမှု ပြယုဂ်က၊ ကျွန်တော့်အပေါ် စီးမိုးသွားခြင်းဟာ ကျွန်တော် နာယူမိတဲ့ ကဗျာ၊ နှလုံးသွင်းမိတဲ့ တရား ...။
"အိပ်မက်ကို ခူးမယ်
မြစ်ကြီးကို ကူးမယ်။"
တင်ညွန့်မြိုင်(သာစည်)
ဆရာတင်ညွန့်မြိုင်ရဲ့ ရိုးဟန်တွေထဲက တစ်ခုမှာ ကဗျာဆရာတွေနဲ့ တွေ့ရင် သူ့ Note book နဲ့ ဘောပင်ကိုထိုးပေးကာ လက်မှတ်၊ ဖုန်းနံပါတ်ရေးခိုင်းတတ်တာလည်း ဆရာရဲ့ ချစ်စရာဓလေ့ကလေးပေါ့။
မန္တလေးမှာ တွေ့ပြီး နောက် ၂ လလောက်အကြာ ဆရာ ရန်ကုန်ကို ရောက်လာတယ်။
တွေ့ချင်နေတာ ကဗျာတွေကို ယားလို့ ...။
မတ်လ ၃ ရက်၊ ၂၀၂၆ ခုရဲ့ နေ့လယ်ခင်းမှာ ကျွန်တော် ပန်းဆိုးတန်းကို တက်လာခဲ့တယ်။
ဦးခိုင်မျိုးဆီက မှာထားတဲ့ စာအုပ်အဟောင်းကလေးတွေ ယူဖို့ပေါ့။
ဆိပ်ကမ်းသာရောက်တော့ ဆရာနဲ့ အမှတ်မထင် ပြန်ဆုံဖြစ်တယ်။
ဆိပ်ကမ်းသာ အပေါ်ဘလောက်က မြသဇင် လက်ဖက်ရည်ဆိုင်မှာ ကဗျာတွေ ဘေးချင်းကပ်ကြ၊ မျက်နှာချင်းဆိုင်ကြပေါ့။
"မိုးဉာဏ် မင်းဖုန်းနဲ့ပဲ ဓာတ်ပုံရိုက်လိုက်ကွာ။ ဦးခိုင် ဖုန်းမယူခဲ့မိဘူး။"
ဆရာတင်ညွန့်မြိုင်ဖုန်းနဲ့လည်း ဦးခိုင်က ကျွန်တော်တို့ကို အမှတ်တရ ဓာတ်ပုံရိုက်ပေးတယ်။
ကဗျာဆရာတွေဆုံရင် ဘာပြောကြမှာလဲ ကဗျာအကြောင်းပြောကြတာပေါ့။
ထင်းရူးပင်ရိပ်၊ ကဗျာအလှရှာတော်ပုံ၊ ကဗျာ့နရီနဲ့နိမိတ်ပုံ၊ ကြယ်မှုန်တွေနဲ့လင်း စတဲ့မှတ်တိုင်တွေ၊ တခြားစာပေဂိတ်တွေကို ဖြတ်ကျော်လို့ ကဗျာဆရာအောင်ဝေးရဲ့ "ကဗျာအလုပ်ရုံကလေး" ကမ်းကိုကပ်တော့ ဆရာက တယုတယ ဖွင့်ဟတယ်။
"ကဗျာအလုပ်ရုံကလေး(၁) အဖွင့်မှာ ကျွန်တော့် ကဗျာလေးပါတယ်ဗျ"။
ကြွေတယ်ဗျာ။ အသက် (၈၀) ကျော် ကဗျာနတ်တစ်ပါးရဲ့ ကဗျာကို ချစ်တဲ့စိတ်၊ ထားတဲ့တန်ဖိုးက ကျွန်တော့်တွဲကို လာချိတ်မိတာ အံ့သြမဆုံး၊ ဂုဏ်ယူမဆုံး ...။
ကျွန်တော်က ကဗျာဆရာအောင်ချိမ့် ရေးတဲ့ "ချစ်မိတ်ဆွေ" ကဗျာစာအုပ်ကလေးကို လက်မှတ်ထိုးပေးတယ်။
ဆရာကလည်း သူ့ရဲ့ "လရောင်နဲ့မြစ်" ကဗျာ မိတ္ထူစာရွက်လေးနဲ့ မှင်အနက်ရောင်ဘောပင်လေးကို လက်ဆောင်ပြန်ပေးလို့ နှုတ်ဆက်လမ်းခွဲခဲ့ကြတယ်။
ရိုးသားတဲ့ အက္ခရာနဲ့ ပွတ်တိုက်ဆေးကြောလိုက်တဲ့အခါ နှလုံးသားမှာ အစင်ကြယ်ဆုံး ပန်းတွေ ဖူးပွင့်ဝေဆာ ...။
ကျွန်တော် အိမ်ပြန်ရောက်တော့ "ကဗျာအလုပ်ရုံကလေး" ထဲမှာ ဝဿန်ချိုက ဒီလို မိုးခိုနေတာ တွေ့ရတယ်...။
"မိုးခိုတဲ့မိုး"
မြစ်ကိုဖောင်ပေါ်တင်ပြီး
စုန်လာတဲ့ ငါ့အဖို့
ကမ်းပါးပေါ်က ငှက်တစ်ကောင်
သူ့တောင်က ခါချလိုက်တဲ့
ကျေးဇူးတရားတွေ
ကမ်းလုံးလျှံခမ်းနား။ ။
တင်ညွန့်မြိုင်(သာစည်)
သာစည်ကကြယ်ဟာ ကဗျာကို နံရိုးနဲ့လှော်ခဲ့တယ်။ ကဗျာနဲ့ရှင်ပြီး ကဗျာနဲ့သေခဲ့သူကို သတိရစွာဖြင့် ဦးညွှတ်လျက် ....။ ။
မိုးဉာဏ်(မန္တလေး)
2026
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
