မောင်ဘဦး - စီတန်းခြင်း - တန်းစီခြင်း သုခုမ
မောင်ဘဦး - စီတန်းခြင်း - တန်းစီခြင်း သုခုမ
မိုးမခ ၊ မတ် ၂၄ ၊ ၂၀၂၆
မနက် ၃ နာရီခွဲ နှိုးစက်မြည်သည်နှင့် ကမန်းကတန်း အိပ်ရာထ၊ မျက်နှာသစ်ပြီးသကာလ ဓာတ်ဆီသွားတန်းသည်။ ဟိုရောက်တော့ ၄ နာရီတိတိ...။ ကိုယ့်ရှေ့မှာ အိုးဝေ၊ သံဖရိန်ဆိုက်တွဲနှင့် ကားမျိုးစုံ... စုစုပေါင်း ၄၂ စီးတိတိ ရောက်ရှိနေနှင့်ပြီ။ ဟာ... မဟုတ်သေး...။ သံဖရိန်ဆိုက်တွဲက နောက်တွဲကြီးနဲ့ တန်းစီထားတာ...။ လင်းအားကြီးလောက်မှ နောက်တွဲနတ်ကို ဖြုတ်ကာ နေရာမှတ်ထားသည်ကိုး...။ မနက်လင်းတော့ ဖြုတ်ထားသည့် နောက်တွဲနေရာတွင် ဆိုက်တွဲဆိုင်ကယ် ၁ စီး ရောက်နေလေပြီ။ ညကြီးသန်းခေါင် တစ်ယောက်တည်းလာပြီး တန်းစီကာ မိုးလင်းတော့ ၂ စီးစာ...။ ရွှေမြန်မာ သာကီဝင်မျိုးတို့မှာက သည်လို လူပေါ်လူဇော်လုပ်ဖို့ရာအတွက် ဉာဏ်ထွက်ကြသည်လေ...။ သည်လို လူပေါ်လူဇော် လုပ်ရတာကိုပင် ဂုဏ်ဆာချင်ကြသေးသည်။ မိဘမောင်ဘွားများနှင့် ပတ်ဝန်းကျင်ကလည်း ဤသို့ လူပေါ်လူဇော်လုပ်တတ်သူကိုပင် 'လူရည်လည်ပါပေသည်' ဟု ထောပနာပြုကြပါလေသည်။ အားကျကြပါလေသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ရာတွင် လူပေါ်လူဇော်လုပ်တတ်သူ၊ ရုံးကန္နား သွားလာတတ်သူ၊ စခ၊ ရခတို့နှင့် ပုလဲနံပသင့်အောင် ပေါင်းသင်းတတ်သူကိုပင် ရွေးချယ်တတ်ကြသည် မဟုတ်ပါလော။ စကားမစပ်... မောင်ဘဦး၏ မဟေသီသည်လည်း အားကျသူတွေထဲတွင် အဝင်အပါ...။
"...သူများတွေများ ဆီသွားတန်းတာနဲ့ကို နေ့တွက်တွေကိုက် သူဌေးဖြစ်ကုန်ကြပြီတော်ရေ့... ရှင်လည်း တစ်ရက်တလေ စမ်းကြည့်ပါလား... ဆေးခန်းလည်း မပျက်ပါဘူး...။ တော့်မုံရွာမှာက ဆီတစ်ဘူး ကိုးထောင် တစ်သောင်း...၊ ပြီးတော့ တစ်ဂါလန်ကို ၄ လီတာပဲ ပေးကြတာ...။"
ချင်းတွင်းမြစ် တစ်ဖက်ကမ်း လက်ပန်းတောင်းကြေးနီထုတ်ဧရိယာတစ်ဝိုက်တွင် လျှပ်စစ်မီးများ လင်းထိန်ကာ ချင်းတွင်းရေပြင်အထိ ရောင်ပြန်လာဟပ်နေသော်ငြား၊ မုံရွာကျောက်ဆောင်ဆိပ်ကမ်းနားက တာဘောင်ကြီးပေါ်တွင်မူ မှောင်သေးသဖြင့် ကားမှန်ကို လော့ချ၊ ထိုင်ခုံကို နောက်လှန်၊ တရားစာများကို ရွတ်လိုက်ဖတ်လိုက်၊ မှေးကနဲ ငိုက်လိုက်ဖြင့်... မနက် ၅ နာရီ... မိုးလင်းပြီ။ ၆ နာရီ... လမ်းလျှောက်ထွက်လာကြသည့် ဇနီးမောင်နှံ၊ ဆိုင်ကယ်မိုဘိုင်းဈေးသည် တစ်ယောက်စ နှစ်ယောက်စကို ကွက်ကြားလင်းနေသည့် လမ်းမီးတိုင်မှိန်မှိန်အောက်တွင် မြင်နေရသည်။ သည့်နောက်တော့ တဖြည်းဖြည်း လူသွားလူလာ များများလာ...။ ဟော... ၇ နာရီ...။ သွားကြသူ လာကြသူတို့ဖြင့် စည်ကားလာလေပြီ။ မြစ်ရေပြင်ထဲ မော်တော်ဆိပ်အနီး မြစ်သဲ၊ မြစ်ကျောက်ထုတ်စက်ကြီးပင် စတင်လည်ပတ်သံ ကြားရပါလေပြီ။ ၈ နာရီ... ဒစ်စဝိုင်း (မူရင်း) ပြ၊ ဓာတ်ဆီဆိုင်မှ စာရင်းလာကောက်သွားပါပြီ။ ၉ နာရီ... ကားတန်း စတင်ရွေ့ပါပြီ။ ၁၀ နာရီမတ်တင်းတိတိတွင်ကား ဆီတိုင်ကီပေါက်ထဲသို့ စက်သုံးဆီဆိုင် ပန့်၏ခေါင်း ထည့်စိုက်ပါပြီတည်း။
မနက် ၄ နာရီမှ မနက် ၁၀ နာရီ... ဆိုတော့... ၆ နာရီတိတိအချိန်တာ၊ တစ်ရက်တာ၏ ၁/၄ တိတိ ပါကလား။
"...မင်္ဂလာပါ..."
"...မင်္ဂလာပါ သမီးရေ..."
"...ပိုက်မမီလို့ ရှေ့နည်းနည်းလေးလောက်...၊ ရပါပြီရှင့်...။ ဓာတ်ဆီလား ဒီဇယ်လားရှင်... 92 လား 95 လားရှင်... ဘယ်လောက်ဖိုး ထည့်ပေးရမလဲရှင်...။ ၄ ဂါလန်... ဆိုတော့... ဒီမှာ ကြည့်လိုက်ပါဦးရှင့် 4.546092 L × 4 G = 18.184368 လီတာပါရှင့်...။ တစ်လီတာဈေးနှုန်းက ၇၀၀ ကျပ် ပါရှင့်...၊ ဆိုင်အဝင်ဝမှာလည်း နေ့-ညမြင်ရအောင် လိုက်ဘောက်စ်နဲ့ ဖော်ပြထားပါတယ်...။ ၄ ဂါလန် 12729.0576 ကျပ် ကျပါတယ်...၊ သောင်းနှစ်ထောင်ပဲ ပေးပါရှင့်...၊ 92 ရွမ် အတိအကျပါ...၊ အာမခံပါတယ်၊ လူကြီးမင်း သုံးကြည့်ရင် သိမှာပါ။ ...ဒါက သောက်ရေသန့်ဘူးပါရှင့်...၊ ဆိုင်နာမည် ဖုန်းနံပါတ် လိပ်စာနဲ့ ဆိုင်ခွဲတွေလည်း ရေသန့်ဘူးတံဆိပ်မှာ ပါပါတယ်ရှင့်...၊ ဖုန်းဆက်မှာရင်လည်း အိမ်တိုင်ရာရောက် လာပို့ပေးပါတယ်ရှင့်...၊ နောက်လည်း အားပေးပါဦးရှင့်...၊ သွားလမ်းသာလို့ ပြန်လမ်းလှပါစေရှင်...။"
"...ပွမ် ပွမ် ပွမ်... တီ တီ တီ...။ ရှေ့က 'မအေဘေး'... အိပ်ပျော်နေရသလားဟ...။"
ဟိုးယခင် 'ဒီမိုတမို' ခေတ် ကားဝယ်ပြီးစ၊ ဆီသွားထည့်စဉ်က ကြုံတွေ့ခဲ့ရသော အတွေးလေးများသည်ကား... '...အညာဒေသ တပေါင်းလနံနက်ခင်း အအေးဓာတ်ကလေးဖြင့် နေလို့ထိုင်လို့ ကောင်းနေခြင်းမှ... အညာမြေ တပေါင်းလနေ့လယ်ခင်း နေမင်းကြီး၏ ပူလောင်ခြင်းကဲ့သို့...'၊ ရုတ်တရက် နောက်မှ ဆူညံသွားသော ကားဟွန်းသံများကြောင့် ရုတ်ချည်း ရပ်တန့်ပျောက်ကွယ်သွားရလေတော့၏။ ဟုတ်သားပါလား။ အတွေးနယ်ချဲ့မှုကြောင့် ရှေ့ကကား ဆီထည့်ပြီးသွားသည်ကိုပင် အခိုက်အတန့်မျှ မေ့လျော့သွားခဲ့၏။ မိမိနောက်မှ သူတို့လည်း စိတ်ရှည်ဇွဲသန် သည်းညည်းခံ အိပ်ရေးပျက်ခံကာ ဆီလာတန်းကြရသည်လေ။
"ရှေ့ကကားနဲ့က ရန်ဖြစ်ထားလို့ ကွာနေတာလား... နောက်ဆုတ်... ပိုက်မမီဘူး၊ များသွားပြီ ရှေ့ပြန်တိုးဦး... ဆီမထည့်ဖူးဘူးလား...။ 92-95 တွေ လုပ်မနေနဲ့၊ ဘယ်ဈေးလဲ မေးမနေနဲ့... 92 သုံးသောင်းဖိုးပဲ ရမယ်...။ မကျေနပ်ရင် အပြင်မှာ တစ်ဂါလန် လေးငါးသောင်းနဲ့ သွားဝယ်...။ အပြင်မှာက တစ်ဂါလန် ၄ လီတာပဲ...။ ဒစ်စဝိုင်းပြဦး... မိတ္တူဆို ပြန်တော့...။ ဆီပေါက်မဖွင့်ဘဲ ဘယ်ထဲသွားထည့်ရမှာလဲ...။"
ဆီတိုင်ကီပေါက်မှာ ကားနောက်က ဖင်မှာမို့ ပန့်ရှေ့တည့်တည့် အံကျရပ်ပေးလိုက်ငြား နောက်သို့ အဆုတ်ခိုင်း၍ ဆုတ်လိုက်ရာ များသွားသည်ဆိုပြန်၍ နဂိုနေရာအတိုင်း ရှေ့သို့ ပြန်တိုးရလေ၏။ ဆီတိုင်ကီပိတ်မှာမူ ပန့်စက်ရှေ့ရောက်ကတည်းက သော့ဟပေးထားပြီးသား။ သို့သော်ငြား "...ဒို့သာ မရှိရင်... မင်းတို့အားလုံး ဒုက္ခရောက်သွားမယ်..." ဟူသည့် 'ငါမှ ငါ၊ ငါတို့မှ ငါတို့' - မာနတံခွန် စိတ်ကြီးဝင်သည့်စိတ်မျိုး ကိန်းဝပ်နေသရွေ့ကား... ကြီးကြီးငယ်ငယ်မဟူ တစ်ပါးသူအပေါ် အမြဲလိုလို အထင်သေးကာ ကြံဖန်ရစ် ကြံဖန်အပြစ်မြင်၊ ကြံဖန်ဒုက္ခ ပေးနေကြဦးမည်သာ ဖြစ်ပါလေ၏။
စစ်အာဏာမသိမ်းခင် ဆေးခန်းဘေးနားအိမ်မှ စာမေးပွဲ တစ်ဗိုင်းဗိုင်းကျကာ တစ်နေကုန် လက်တောက်ခုံမှာရှိသော ကလေးအား ၎င်း၏မိခင်မှ စက်သုံးဆီအရောင်းဆိုင်သို့ လိုက်လံတောင်းပန်၍ အပ်ပေးသည့်အဖြစ်ကို သတိရမိ၏။ စာမေးပွဲ တစ်ဗိုင်းဗိုင်းကျ၊ လက်တောက်ခုံ၊ အရက်ဝိုင်း၊ ဖဲဝိုင်းတို့တွင် အချိန်ကုန်နေသူတို့၏ မာန်မဲခြင်း ငေါက်ငန်းခြင်းတို့ကို ဆရာဝန်ကြီးပင်လျှင် ခံနေရလေပြီတည်း။ ပြောပါရစေတော့... မိမိသည်ပင် 'အက်ဖ်အေ - ဖတ်စ် အဆစ်စတင့် ဆာဂျင်' ဘဝ၊ ဆရာ့ဆရာကြီးတွေ ခရီးလွန်နေကြစဉ်က 'ငါကွ' ဟူ၍ တစ်ယောက်တည်း ဗိုလ်လုပ်ခဲ့သေးသည်ပဲလေ...။
"...ကျုပ်တို့မန္တလေးတော့ ဒစ်စဝိုင်းကို စကင်ဖတ်ပြီးမှ ဆီပေးတယ်။ ကား ၁၂ လီတာ လေးသောင်းခွဲဖိုး... ဆိုင်ကယ်တစ်စီး ၂ လီတာလို့ ပြောတာပဲ ၈ ထောင်။ 'အက်စ်ဂျီဂျီ' စစ်ကိုင်းမှတ်ပုံတင် ကိုယ်ပိုင်ကားတွေ မပေးဘူး၊ အဲ... နံပါတ်အနီ အငှားယာဉ်တွေတော့ ပေးတယ်။ ဆီဆိုင်ကောင်လေးပြောတာကတော့ ပီဒီအက်ဖ်တွေဆီ ရောက်မှာစိုးလို့တဲ့။ သူတို့ဆီဆိုင်တွေခေါ်စည်းဝေးပြီး 'ဘရစ်ဖင်း (Briefing)' ပေးတဲ့စကား နေမှာပေါ့။ ဒါပေမဲ့ မဟုတ်လောက်ပါဘူး... သူတို့ဆီမှာ အရံဆီကို ပြတ်လုလုမို့ နေမှာ။ ည ၁ နာရီ ဆီသွားတန်းတာ မနက် ၆ နာရီ စရောင်းတယ်ဗျ...။ မန္တလေးက မနက် ၆ နာရီ ဆီပေးတယ်... အလုပ်မပျက်တာပေါ့ဗျာ။ ဒီမုံရွာက ခု ၈ နာရီထိုးတာတောင် ကားတန်း ရွေ့မှမရွေ့သေးတာ..."
အရေးထဲ ဆီတန်းစီနေတုန်း လမ်းသွားလမ်းလာ ကားချင်းတိုက်သည်ကို မြင်တွေ့ရ၏။ တံခါးတဖက် ပိန်ရှုံ့လျက်။ အသက်တော့ မသေ။ ညှိကြနှိုင်းကြ သိန်း ၅၀ နှင့် ပြတ်လေ၏။
"...စောစောကတည်းက ပြတ်ကြရမှာ၊ ခေတ်ကာလက ကောင်းတာ မဟုတ်ဘူး... ကြားကနေ ခွေးဝင်ဆွဲသွားမှ ဟုတ်နေမယ်...။"
တလောလေးက ခွေးဂိတ်တစ်ခုရှေ့မှ မသွားမဖြစ်၍ ဖြတ်သွားရရာ၊ မဆီမဆိုင် ဂိတ်စောင့်ပျူခွေးမှ ယာဉ်မောင်းလိုင်စင်၊ အုံနာဘွတ်၊ ဝှီးတက်စ်၊ ဒစ်စဝိုင်း... မူရင်းအပြခိုင်း၍ ပြခဲ့ရဖူးပါ၏။ မကြည့်တတ်ကြည့်တတ် ဟိုလျှောက်လှန် သည်လျှောက်လှန်၊ ၁၀ မိနစ်နီးပါး အချိန်ဖြုန်းပြီးမှ 'တစ်သောင်း' တောင်းလေ၏။ ဒစ်စဝိုင်း၊ ဝှီးတက်စ်၊ ယာဉ်မောင်းလိုင်စင်၊ အမှန်အကန် ပြည့်စုံပါသော်ငြား ပေးလိုက်မှသာ သွားခွင့်ရတော့၏။ နောက်မှ ကြားသိရသည်ကား ထိုအရာများ မပါလျှင် သို့မဟုတ် မိတ္တူသာပါလျှင် သိန်းချီ ပေးရသည်ဟူ၏။
"...ငွေတစ်သောင်းနဲ့ ကားရောလူပါ ဆွဲထားမှာနဲ့ 'စာ' ရတာပေါ့ဗျာ။ လူပါ ပါလို့ကတော့ သိန်း ၅၀-၁၀၀ အောက်ထစ်ပါပဲ...။ အလုပ်က ပျက်ဦးမယ်...။ နောက်ဆို စောစောသာ ဖြတ်...။"
ကညန ဒစ်စဝိုင်းသည်ကား ယာဉ်ထိန်းရဲသာမက၊ ပျူစောထီးခေါ် တစ်လုံးထိုးရိုင်ဖယ်လေးနှင့် ကျည် ၁ တောင့် ၂ တောင့်လောက် ပေးရုံဖြင့် မြောက်ကြွမြောက်ကြွ ဖြစ်နေသော ယခင်အခါ... လမ်းဘေးမှာနေ၊ ကြုံရာစား၊ ကလေကချေ ပ.စ ခွေးဝဲစားတို့နှင့် ယခု ဆီပန့်ကိုင် ကလေးများအထိ စစ်ဆေးခွင့် ရရှိနေကြလေပြီတကား။
အထက်ပါအတိုင်း ယနေ့နံနက်စောစော ဆီထုတ်သွားလိုက်ရာ အပြန်တွင် ခေါင်းကိုက် သွေးတိုးနေသဖြင့် မနက်ပိုင်းဆေးခန်းဖွင့်ချိန် ပျက်ကွက်ရပါလေတော့၏။
စစ်အာဏာသိမ်းပြီးခါစ အစိုးရ၊ ပုဂ္ဂလိက ဘဏ်တွေမှ အပ်ငွေကို သတ်မှတ်နှုန်းဖြင့်သာ ထုတ်ပေးခဲ့စဉ်ကလည်း စီတန်းခြင်း အနုပညာသုခုမကို တွေ့ကြုံခံစားလိုက်ရပါသေး၏။ ထိုစဉ်က ဘဏ်ဝန်ထမ်းများသည်လည်း ယခု စက်သုံးဆီဆိုင်ဝန်ထမ်းများကဲ့သို့ပင် ငေါက်ချင်ငန်းချင် မချေငန်ချင်ကြပါလေ။ မိမိတို့အပ်နှံထားသလောက် မိမိတို့အပေါ် မချေငန်ခြင်း ခံကြရပါလေ၏။ စီတန်းခြင်းပြုကြရလေကတည်းက ဟိုးယခင်ကာလ၏ ကပ်စတမ်မာတွေအပေါ် ဝန်ထမ်းများ၏ ယဉ်ကျေးပျူငှာမှုများ ရွေ့လျားပြောင်းလဲ ပျောက်ကွယ်ကုန်ကြလေပြီ...။
ကညနရုံးသို့ မော်တော်ယာဉ်သက်တမ်းတိုး သွားစဉ်ကမူ စီတန်းခြင်းအနုပညာ ပို၍ မြောက်လှပါလေ၏။ မိမိကားမှာ မန္တလေးလိုင်စင် ဖြစ်ရာ မန်း-ကညနရုံးသို့ မနက် ၃ နာရီ သွားရောက်တန်းစီရပါ၏။ ညအိပ်စောင့်ကြသည့်ကားများမှာ အစီး ၅၀၀ ကျော်မည်ထင်၏။ မန်း-ကညန ကုန်းတက်ကြီး ဟိုဘက် မီးပွိုင့်ကိုပင် ကျော်သေး၏။ မီးပွိုင့်တွင် ညာကပ်၍ စီတန်းရ၏။ စီတန်းသည့်ကားများမှာ မီးပွိုင့်စိမ်းသော်လည်း ရပ်ကြလေ၏။ မီးပွိုင့်နီနေသော်လည်း သွားကြပြန်၏။ ကားမှန်ရှေ့ ဝိုင်ဘာ-ရေသုတ်တံတွင်ကား မန်းစည်ပင်၏ ၁၀၀၀ တန် ကားရပ်ခွင့်ပြေစာလေးများ ကိုယ်စီနှင့်...။
စီတန်းထားသောကားများ ယာဉ်စစ်ဆေးရန် ကညနရုံး၏ အရှေ့ဘက်အပေါက်မှ ကွေ့၍ဝင်ခါနီးတွင်...
"...ဟိုး ရပ်ထား-ရပ်ထား။ မြန်မြန်လာ၊ ဒီကြားထဲ ဝင်လိုက်..."
ဘယ်လောက်ပေးရသည်မသိ။ ညအိပ်တန်းစီနေကြသော ကားတန်းကြားထဲသို့ ခုလေးတင်မှ ရောက်ရှိလာသည့်ကားကို ထည့်လေ၏။ နောက်မှ သိရသည်မှာ ၎င်းအတွက် နှစ်သောင်းပေးရသည်ဆို၏။
"...ခဲခြစ်နေရာလေးတော့ ဖုန်လေးဘာလေး ကြိုသုတ်ပေးဦး..."
သတ်မှတ်သည့်အခွန်နှုန်းထားများအပြင် ဝင်ပေါက်ကတည်းက 'လုံခြုံရေး' ဆိုသော စစ်ယူနီဖောင်းဝတ်၏ ငွေတောင်းခြင်းမှစ၍ ခဲခြစ်၊ ဓာတ်ပုံရိုက်အထိ တောင်းသလောက် ပေးပါငြား အငေါက်အငန်းခံရခြင်းမှ မလွတ်ခဲ့။
'...ပြည်သူတစ်ဦး၏ တာဝန်ကို သိတတ်စွာ၊ ကျေပွန်စွာ အခွန်လာရောက် ထမ်းဆောင်ကြပါပေ၏။ ဤအခွန်ဖြင့်ပင် မိမိတို့အတွက် လစာ ထောက်ပံ့ကြေး စသည် ရရှိနေခြင်းဖြစ်ပါလေသည်...' ဟူသော အတွေး မြင်သိဖို့ဝေးစွ။ အပိုကြေး မျိုးမျိုးမြက်မြက်မပေးက ကြိမ်းလိုက်မည် မာန်လိုက်မည် ထဲကပါတည်း။
လဝကရုံးသို့ 'မွေးတိုး-သေလျော့'၊ နိုင်ငံသားစိစစ်ရေးကတ် လဲလှယ်စဉ်ကမူ ပို၍ပင် ဆိုးရွားလှ၏။ ငေါက်ရုံငန်းရုံမက လက်မှတ်ထိုးလေးတစ်ချက်ရဖို့ အခေါက်ခေါက်အခါခါ လနှင့်ချီကာ သွားခဲ့ရဖူး၏။ နောက်ပိုင်း သူ့ပွဲစားနှင့်သူ အမြတ်ငွေပေး၍ ခိုင်းချိန်တွင်မတော့ 'ချွင်-ချပ်'၊ အိမ်မှာထိုင်၍ အလွယ်တကူပင် ရခဲ့ပါလေသည်။ ပြောလက်စမို့ ဆက်ပြောရ 'အမိအဖ၊ အဘိုးအဘွား မြန်မာပြည်သား... မှတ်ပုံတင်ရဖို့ ရှားသည်...' တဲ့။ 'တီလုပ်၊ ကုလား လူမျိုးခြား၊ ကတ်ပွားများတောင် ထားနိုင်သည်...' တဲ့။
သားငယ်ကို ဆရာအတတ်သင် အလယ်တန်းကျောင်းသို့ ကျောင်းသွားအပ်နှံစဉ်ကလည်း ရွှေမန်းတင်မောင် နှစ်ပါးသွားဘောက်ပြားထဲကလို 'ထိုနည်း၎င်း...၊ ထိုနည်း၎င်း...။'
အို... ထိုတင် ဘယ်က... နေပြည်တော်၊ မန္တလေး၊ ရန်ကုန်သို့ ခရီးသွားစဉ် လမ်းဂိတ်များသည်လည်း 'ထိုနည်း၎င်း' ပါတည်း...။
"...၅/... က မှတ်ပုံတင်နဲ့တင် မရဘူး... ရဲစခန်း ထောက်ခံစာပါမှ ရမယ်..."
"...မသွားမဖြစ်လို့ပါ ဆရာရယ်၊ ထောက်ခံစာ ပြန်ယူရအောင်ကလည်း ခရီးတစ်ဝက်ကျိုးနေပြီ..." အဖေမခေါ်ရရုံတမယ် 'ဆရာ' ချင်း မိုးမွှန်အောင် ခေါ်ကာတောင်းပန်ရင်း၊ တစ်သောင်းတန်လေး ၂ ရွက်ကို ထပ်၍ ခေါက်ချိုးချိုးကာ ထိုးလိုက်လေမှ ခရီးဆက်ခွင့် ရပါလေတော့သည်။
စီတန်းခြင်း - တန်းစီခြင်း အနုပညာထဲတွင် အဆိုးရွားဆုံးကား မုံရွာ-မန္တလေး ဟိုက်ဝေးအကြား၊ ရေပိုးစားဂိတ်အနီးတွင် လက်ပန်းတောင်းကြေးနီကားကြီးများ ဖြတ်သန်းစဉ် လူသားတံတိုင်းအဖြစ် ကားများကို စီတန်း-တန်းစီ၍ ရပ်ခိုင်းထားခြင်းပေတည်း။ ကြေးနီကားများ ရှောင်သွားရုံ၊ ဖြတ်သန်းစဉ် ခေတ္တခဏ ရပ်တန့်တန်းစီရခြင်းမဟုတ်ဘဲ၊ ကြေးနီကားကြီးများ မုံရွာတစ်ဖက်ကမ်းမှ စတင်ထွက်လာပြီ... မှစ၍ ၎င်းတို့ စစ်ကိုင်းတပ်မ ၃၃ ရှေ့သို့ ရောက်ရှိသွားပြီ... အထိ ၄-၅ နာရီ ကြာအောင် တန်းစီရပ်ထားရခြင်း ဖြစ်ပါ၏။
စင်စစ်သော်ကား စစ်အာဏာသိမ်း၊ ဆန္ဒပြပြည်သူတွေကို ဦးခေါင်းတည့်တည့်သို့ ပစ်ခတ်နှိမ်နင်းစဉ်ကာလ၊
"...မအေ-ိုးတွေ မိုက်တဲ့ကောင် ထွက်ခဲ့... သေရဲတဲ့ကောင် ထွက်ခဲ့ကြစမ်း..." မူးရူးအော်ဟစ်ဆဲဆို ရမ်းသမ်းပစ်ခတ် သတ်ဖြတ်ခဲ့စဉ်ကတည်းက အနှီအနှာ စီတန်း-တန်းစီ နှိပ်စက်ခြင်းများ စတင်ခဲ့ကြပါသည်လေ...။
စီတန်းခြင်း-တန်းစီခြင်း သုခုမနှင့်အတူ မြန်မာ့ဓလေ့ရိုးရာ 'ကြီးသူကို ရိုသေ - ရွယ်တူကို လေးစား - ငယ်သူကို သနား' ယဉ်ကျေးသိမ်မွေ့ ပျူငှာမှု မေတ္တာတရားများ ပျောက်ကွယ်သွားရပါလေ၏။
စင်စစ်သော်ကား 'ရှေ့ဆောင်နွားလား အကောက်သွား၍ - နောက်နွားတစ်သိုက် အကောက်လိုက်ကြသည်' သာတည်း။
"...ဒို့သာ မရှိရင်... မင်းတို့အားလုံး ဒုက္ခရောက်သွားမယ်..." ဟူသည့် 'ငါတို့မှ ငါတို့ - မာနတံခွန် စိတ်ကြီးဝင်'... ရစ်ချင်စိတ်က ကိန်းဝပ်နေသရွေ့ကား... ကြီးကြီးငယ်ငယ်မဟူ တစ်ပါးသူအပေါ် အမြဲလိုလို အထင်သေးကာ ကြံဖန်ရစ် ကြံဖန်ဒုက္ခ ပေးနေကြဦးမည်သာ ဖြစ်ပါလေ၏။
ကြည့်ပါလေ...။ ပြည်သူ့ထံမှ အခွန်အခ လစာရိက္ခာ ရယူစားရသဖြင့် ပြည်သူ့ဝန်ကို ထမ်းကြရန် 'ဝန်ထမ်း' ဟူသည်ကို... "...စစ်တပ်သည် ဝန်ထမ်း မဟုတ်..." တဲ့။
"...ဒို့စစ်တပ်သာ မရှိလျှင် ဘာဖြစ်သွားမည် ညာဖြစ်သွားမည် စသည် 'ငါတို့သာအဓိက၊ ငါတို့သာပဓာန' ဘရိန်းဝပ်ရှ်၏ အကျိုးဆက်ကား... ရှေ့ဆောင်နွားလား၏ အဖြောင့်မသွား-အကောက်သွားရာ နောက်သို့ ရွေ့လျားပြောင်းလဲ လိုက်ပါကုန်ကြခြင်းပေတည်း။
မည်သို့ပင်ဖြစ်စေကာမူ၊ 'ငြိမ်းစုစီ' နှင့် ဖမ်းဆီးခြင်းမခံရလေသော 'စီတန်းခြင်း-တန်းစီခြင်း သုခုမ' သည်ကား 'ဘဝတစ်သက်တာအကယ်ဒမီဆုကြီး' နှင့်ပင် ထိုက်တန်လှပါပေသတည်း။
မောင်ဘဦး
(၁၃၈၇ ၊ နှောင်းတန်ခူးလဆန်း ၅)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar