ကိုလေအိုး - အတိုင်ပင်ခံ သတင်းထောက်
ကိုလေအိုး - အတိုင်ပင်ခံ သတင်းထောက်
မိုးမခ ၊ မတ် ၂၅ ၊ ၂၀၂၆
အတိုင်ပင်ခံ ဆိုလို့ နိုင်ငံနဲ့ချီပြီး မမြင်ကြပါနဲ့ခင်ဗျာ။ သတင်းထောက်ဘဝ မကြာခဏ ကြုံဆုံရတာက သတင်းရင်းမြစ်တွေကတဆင့် သတင်းထောက်ကို တိုင်ကြတာပါ။ တယ်လီဖုန်း သတင်းထောက် ဘဝမှာ အမြဲတမ်းသတင်းရင်းမြစ်တချို့ ရှိရပါတယ်။ ဖေ့စ်ဘွတ်တွေ မပေါ်ခင်က သတင်းအစအနတွေဟာ အမြဲတမ်းသတင်းရင်းမြစ်တွေဆီက ရတတ်ပါတယ်။ အမြဲတမ်း သတင်းရင်းမြစ်တွေဟာ များသောအားဖြင့်တော့ အန်အယ်လ်ဒီတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြတယ်။
သူတို့က မီဒီယာတွေနဲ့ ပြောဆိုဆက်ဆံတာရှိတယ် ဆိုတာ သိထားကြတဲ့ သူတို့ရဲ့ပတ်ဝန်းကျင်က မိတ်ဆွေတချို့ ဟာ သူတို့မှာ ပြဿနာတခုခု ရှိပြီဆိုရင် မီဒီယာကို ပြောပါရစေဆိုပြီး အပူကပ်ကြတယ်။
သတင်းထောက်ကလည်း ကိုယ့်သတင်းရင်းမြစ်မျက်နှာရှိတော့ နားထောင်ပေးရပါတယ်။
တယ်လီဖုန်း သတင်းထောက်နဲ့ စကားပြောပြီဆို ပြောတဲ့သူရဲ့အသံဟာ သတင်းထောက်ရဲ့ ကွန်ပျူတာပေါ်က အသံဖမ်း အပလီကေးရှင်းစက်ထဲ အော်တိုရောက်ပါတယ်။ ဒီအချက်ကို မသိကြတဲ့ တချို့ သတင်းပေးတွေက သတင်းကိစ္စ ပြောဆိုပြီးရင် ကျနော့်အသံတော့ မသုံးပါနဲ့နော်လို့ ဆိုတတ်ကြတယ်။
သတင်းထောက်ကျင့်ဝတ်အရ မသုံးကြပါဘူး။ တချို့ကလည်း အသံဖျက်သုံးပေးပါ ဆိုလာရင် အသံဖျက်သုံးရပါတယ်။ စောစောကပြောတဲ့ ပြဿနာရှိလို့ ရင်ဖွင့်လာပြီဆို သူတို့ ပြောနေတဲ့အကြောင်းအရာတွေက သတင်းလုပ်လို့ မရမှန်း သတင်းထောက်က သိနေပေမဲ့ အချိန်ပေးပြီး နားထောင်ရတယ်။ ပြီးတော့ သူတို့ပြောတဲ့ အသံဖိုင်ကို ပြန်နားထောင်ပြီး ဒီဟာလေးကတော့ ရင်ဖွင့်သံအခန်းက သုံးလို့ရနိုင်ပါတယ်လို့ ဆုံးဖြတ်ပြီး သက်ဆိုင်သူထံ အသံဖိုင် လွှဲပေးရတယ်။ သတင်းစာမှာဆိုရင်တော့ အယ်ဒီတာ့ထံ ပေးစာပေါ့။လူထုအော်သံ ပေါ့။
ဒါမျိုးက သတင်းသမားဘဝမှာ မလွှဲမရှောင်သာ ကြုံရတတ်တာမျိုးပါ။ စကားကြုံလို့ ပြောပြရရင် စာရေးဆရာ မြသန်းတင့်ရဲ့ ပထမဆုံး ပုံနှိပ်စာလုံးနဲ့ မြင်ရတဲ့စာဟာ သတင်းစာထံပေးစာ အခန်းမှာပါ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးလို့ မြန်မာပြည်ကို အဂ်လိပ်တို့ ပြန်ဝင်လာချိန်မှာ မန္တလေးမှာ လူထုဦးလှက လူထုသတင်းစာ ထုတ်တယ်။ အဲဒီအချိန်မှာ မြသန်းတင့် ဖြစ်လာမဲ့ မောင်မြသန်းက မန္တလေးကို ရောက်နေတယ်။ သူက လူထုသတင်းစာနဲ့ ဂျာနယ်ကို ဆောင်းပါးတွေ၊ ဝတ္ထုတွေ ရေးရေးပို့တယ်။
လူထုသတင်းစာမှာ ပါမလာသေးပါဘူး။ တနေ့တော့ မန္တလေးမြို့က လမ်းတွေ ဗွက်ထူတဲ့အကြောင်း သတင်းစာကို ရေးပို့လိုက်တာမှာ အဲဒီပေးစာ လူထုသတင်းစာမှာ ပါလာတယ်။ ပုံနှိပ်စာလုံးနဲ့ သူ့စာ မြင်တော့ အသက် ၁၆-၁၇ နှစ်လောက်ပဲ ရှိသေးတဲ့ မောင်မြသန်း ဝမ်းသာတာပေါ့။လူထုသတင်းစာအယ်ဒီတာ လူထုဦးလှတောင် ဒီတုန်းက အသက် ၃၀ လောက်ပဲ ရှိသေးတယ်လို့ မြသန်းတင့်ရေးတဲ့ “ဦးလှ လျှောက်သောလမ်း” ဆောင်းပါးမှာ ဖတ်ရပါတယ်။
အစောပိုင်း ရေးထားချက် ပြန်အစဖော်ရရင် သတင်းထောက်ဆိုတာ ဘာလုပ်ပိုင်ခွင့်မှ မရှိပေမဲ့ ကိုယ့်သတင်းရင်းမြစ်တွေကတဆင့် ရောက်လာတတ်ပြီး မပြေလည်တာတွေ အတိုင်အတော ထူတာလည်း နားထောင်ပေးရပါတယ်။ ဒီလို တိုင်ကြတောကြတဲ့ထဲ တခါတလေ အကောင်ကြီးကြီး အမြီးရှည်ရှည် လူတွေတောင် ပါလာတတ်ကြပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက် မြေယာပြသနာပေါင်း သောင်းခြောက်ထောင်တက်တော့ သတင်း ထောက်ဆီ ရောက်လာတဲ့ မြေယာပြဿနာပေါင်းက တသောင်းထက် မနည်းဘူး။
မြေသိမ်းခံရတဲ့ တောင်သူတွေကလည်း မီဒီယာကို ပြော၊ မြေသိမ်းခံရတဲ့ တောင်သူတွေဘက်က လိုက်ပြီးအကျိုးဆောင်ပေးနေသူတွေကလည်း မီဒီယာကို ပြော၊ ဒီထဲ ထူးထူးခြားခြား အစိုးရကို ထိန်းကျောင်းတယ် ဆိုတဲ့ လွှတ်တော်ဥက္ကဋ္ဌဆိုသူကလည်း မီဒီယာကို တကူးတက ဆက်သွယ်ပြောတာလည်း ကြုံရပါတယ်။
တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဆိုသူက မီဒီယာကို ပြောတာကတော့ သတင်းဖြစ်တော့တာပေါ့။ သူပဲအပြောကောင်းလို့လား၊ သတင်းထောက်ကပဲ သတင်းရေးတာ တည့်သွားလို့လား၊ မပြောတတ်ဘူး။
နောက်တော့ အဲဒီလွှတ်တော်ဥက္ကဋ္ဌ ဆိုသူကို အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ပြောင်းရွှေ့နေရာချထားခံရတယ်။ ဒါမျိုးတွေက မြန်မာရာဇဝင်မှာ အဆန်းတော့မဟုတ်ဘူး။ ပါလီမန်ခေတ် လို့ ဆိုတဲ့ ဦးနု ဝန်ကြီးချုပ် ဖြစ်တုန်းက သူ ခန့်တဲ့ ပြန်ကြားရေးဝန်ကြီးနဲ့ သူနဲ့မတည့်ကြတော့ ဝန်ကြီး ဆိုသူ နုတ်ထွက်ခဲ့ရဖူးတယ်။
ဦးနုကို ဘဝရှင်မင်းတရားကြီးလို့ ပြောလို့ တဲ့။ သူ ခန့်တဲ့ ပြန်ကြားရေးဝန်ကြီး ဆိုသူကလည်း ဒီတုန်းက သတင်းစာထုတ်ဖို့ သတင်းစာ စက္ကူတောင်းတဲ့ စာရေးဆရာ၊ သတင်းစာဆရာ ဗန်းမော်တင်အောင်ကို “ဟာ…မီးခဲပါလား၊ မီးခဲ လာပြီ” လို့ ပြောဆိုသုံးနှုန်းဖူးတာပဲ။ ရောက်တတ်ရာရာတွေပါနော်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar