Breaking News

မောင်လူမွှေး - မြန်မာ့ဆရာမ နှစ်ဦး

မောင်လူမွှေး - မြန်မာ့ဆရာမ နှစ်ဦး

မိုးမခ ၊ ဧပြီ ၉ ၊ ၂၀၂၆


ငယ်ဆရာမတစ်ယောက်ရဲ့ Facebook စာမျက်နှာကို ကြည့်မိတိုင်း မောင်လူမွှေးတစ်ယောက် ဝမ်းသာပီတိ ဖြစ်ရတယ်။ ဆရာမကို လေးစားစိတ်ပေါ်ပြီး စိတ်ထဲမှာ ကြည်နူးရတယ်။ ဆရာမဟာ မောင်လူမွှေးအဖေရဲ့ ကျောင်းနေဖက်သူငယ်ချင်း ဖြစ်ခဲ့သလို၊ မောင်လူမွှေး ငါးတန်းတုန်းက သင်္ချာသင်ပေးခဲ့တဲ့ ဆရာမလည်း ဖြစ်တယ်။ ဆရာမဟာ သင်္ချာကို သေသေချာချာ သင်တယ်။

ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေနေ့တွေဆိုလည်း ကျောင်းကို အချိန်ပိုခေါ်ပြီး သင်တယ်။ ဆရာမဟာ အခကြေးငွေမယူဘဲ အချိန်ပိုတွေ သင်ခဲ့တာ မောင်လူမွှေးတို့ အသက်နဲ့အမျှပဲလို့တောင် ပြောနိုင်ပါတယ်။ တပည့်တွေအပေါ် မျှော်လင့်ခြင်းကင်းတဲ့ စေတနာထားမှုနဲ့ ဆရာမ သင်ခဲ့တယ်။ ငွေကြေးမယူဘဲ တပည့်တွေကို စေတနာသန့်သန့်နဲ့ နှစ်ပေါင်းများစွာ သင်ခဲ့တာဖြစ်မယ်။ မောင်လူမွှေးတို့ငယ်ငယ်ကတော့ ဆရာမဟာ အသက်သုံးဆယ်ကျော် အပျိုအရွယ်။ အခုပြန်တွေ့တော့ အသက်ခြောက်ဆယ် အပျိုကြီးအရွယ် ဖြစ်နေပြီ။

ဆရာမရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ အဝေးရောက် တပည့်တွေဆီကနေ လှမ်းပြီးကန်တော့ကြတဲ့ ငွေကြေး၊ စားစရာမုန့်၊ ဖုန်းဘေလ် စတဲ့ ဓာတ်ပုံလေးတွေကို လတိုင်း လတိုင်း အမြဲမြင်တွေ့ရပါတယ်။ မတူညီတဲ့ တပည့်တွေဆီကနေ သူတို့အဆင်သင့်တဲ့အချိန် ပေးပို့ကြရာက ဆရာမဆီကို တစ်လ သုံးလေးကြိမ်တော့ အနည်းဆုံး ရောက်နေတာ ဖြစ်ပါတယ်။ မောင်လူမွှေး ခရီးသွားရင်း ဆရာမနဲ့ဆုံတော့ ဆရာမက စက်ဘီး ဟီးရိုးဘီးအဟောင်းကြီးကို စီးလို့ပါ။ သွက်သွက်လက်လက်နဲ့ ကျန်းမာရေးကောင်းတဲ့ ဆရာမကို တွေ့ရတာ ဝမ်းသာတယ်။ လမ်းပေါ်မှာမို့ ဆရာမနဲ့ စကားပြောချိန် အကြာကြီးမရလိုက်တာ၊ ဆရာမကို ဂါရဝပြုဖို့ ငွေကြေးအဆင်မသင့်တာတွေကြောင့် မောင်လူမွှေးတစ်ယောက် အားမလိုအားမရ ဖြစ်ခဲ့ရပါတယ်။

ဆရာမနဲ့တွေ့တဲ့အကြောင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုကို ဦးဆောင်နေတဲ့သူတစ်ဦးကို ပြောပြတော့ "ဆရာမ ကျန်းမာရဲ့လား" လို့ သူက လှိုက်လှိုက်လှဲလှဲကြီး မေးတယ်။ ဆရာမနာမည် ကြားလိုက်တာနဲ့ သူ့မျက်လုံးတွေဟာ အရောင်တောက်ပြီး သူ့မျက်နှာဟာ လင်းလက်သွားတာ သိပ်သိသာတယ်။ သူလည်း ဆရာမတပည့်တွေထဲက တစ်ယောက်ပေပဲကိုး။ ဆရာမဟာ တပည့်တွေကို လင်းလက်စေတဲ့၊ တပည့်တွေကို အရောင်တောက်စေတဲ့ ဆရာမဆိုတာ လက်တွေ့ မြင်တွေ့နေရတယ်။

မောင်လူမွှေး ပညာရေးခရီးထွက်ရင်း နောက်ထပ် လေးစားရတဲ့ ဆရာမတစ်ဦးကို ဆုံခွင့်ရခဲ့ပြန်ပါတယ်။ အဲဒီဆရာမကတော့ မောင်လူမွှေးထက် နှစ်ပိုင်းလေးပဲ အသက်ကြီးတယ်။ ကျေးလက်တောရွာမှာ ဆယ်စုနှစ်တစ်ခုနီးပါး နေထိုင်ခဲ့ပြီး သူ နေတဲ့ကျေးရွာရဲ့ ပညာရေးကို မြှင့်တင်ပေးခဲ့တဲ့ အထက်တန်းပြဆရာမတစ်ယောက် ဖြစ်တယ်။ ဂုဏ်ထူးရှင်တွေကို မွေးထုတ်ပေးခဲ့တဲ့ ဆရာမတစ်ယောက် ဖြစ်တယ်။ အလုပ်အပေါ် လေးစားမှုကို တပည့်တွေကို လက်တွေ့သင်ပြပေးခဲ့တဲ့ ဆရာမဖြစ်တယ်။ ကိုယ့်အိမ်မှာ ထမင်းချက်စားစရာမလိုအောင် ရွာက လေးစားခြင်းခံခဲ့ရတဲ့ ဆရာမဖြစ်တယ်။

စစ်တပ်က အာဏာသိမ်းတော့ မြို့ပေါ်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ ဆရာမဟာ လွတ်မြောက်နယ်မြေက သူဆယ်စုနှစ်တစ်ခုနီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ ရွာကလေးကို ပြန်လာခဲ့တယ်။ အထက်တန်းပညာရေးကို ဦးဆောင်ပြီး ပညာရေးမှာ သူ့ဘဝကို လုံးဝမြှုပ်နှံထားတာ တွေ့ရတယ်။ သူလည်း မောင်လူမွှေးဆရာမလို အပျိုကြီးတစ်ယောက် ဖြစ်တယ်။

မြို့ပေါ်မှာ စစ်တပ်က သူ့ကို ဖမ်းဆီးဖို့လုပ်တော့ အဖေကိုခေါ်ပြီး ရွာကို ပြေးခဲ့တယ်။ ဆရာမရဲ့အဖေဟာ ဆရာမနေတဲ့ ရွာကလေးမှာပဲ ခေါင်းချသွားခဲ့ပြီ ဖြစ်တယ်။ အခု ဆရာမတစ်ယောက်တည်း။ ကိစ္စတော့ မရှိပါ။ ဆရာမနောက်မှာ တစ်ရွာလုံးနီးပါးရှိတာ၊ ဆရာမအနားမှာ တပည့်တွေနဲ့ ကျောင်းသားမိဘတွေ ဝိုင်းဝိုင်းလည်နေတာကို မောင်လူမွှေး တွေ့မြင်ခဲ့ရတယ်။ ယဉ်ကျေးသိမ်မွေ့ ထက်မြက်တဲ့ ဆရာမတစ်ယောက်ကို မိတ်ဆွေဖြစ်ခွင့်ရခဲ့လို့ မောင်လူမွှေး ဂုဏ်ယူမိတယ်။

မောင်လူမွှေးရဲ့ ငယ်ဆရာမရော၊ မိတ်ဆွေဆရာမရောဟာ စစ်တပ်က အာဏာသိမ်းတာကို လက်မခံဘဲ CDM ဝင်ခဲ့ကြတဲ့ ဆရာမတွေ ဖြစ်တယ်။ ဆရာမနှစ်ယောက်စလုံးဟာ သူတို့ တာဝန်ထမ်းဆောင်ခဲ့ရာ အထက်တန်းကျောင်းကို စွန့်ခွာခဲ့ပြီး ခက်ခဲတဲ့ တော်လှန်နယ်မြေက ကျေးရွာတွေမှာ စာသင်နေကြတယ်။

မောင်လူမွှေးရဲ့ ဆရာမ CDM ဝင်တော့ ပင်စင်ယူခါနီးပြီ။ သူသာ CDM မဝင်ခဲ့ရင် အခုချိန်ဆို ဆရာမဟာ ပင်စင်ရနေပြီပါပြီ။ ဒါပေမဲ့ ဆရာမဟာ ပင်စင်ယူရင်ရမယ့် လုပ်သက်ငွေကြေး၊ ပင်စင်လစာတွေကို စွန့်ခဲ့တယ်။ သားထောက်သမီးခံ မရှိပေမဲ့ ဆရာမဟာ ရဲရဲကြီးစွန့်ခဲ့တယ်။ ပင်စင်မရပေမဲ့ နှစ်ပေါင်းများစွာ စေတနာထားသင်ကြားခဲ့တာကြောင့် တပည့်များစွာက ဆရာမကို ပြန်ကြည့်ကြတယ်။ ဆရာမဟာ ရာထူးကို အားကိုးစရာမလိုတဲ့၊ နာသုံးနာပြည့်တဲ့ ပညာတတ်ဆရာမစစ်စစ်ဆိုတာ လက်ရှိအချိန်က သက်သေပြနေပါတယ်။

မောင်လူမွှေး မိတ်ဆွေဆရာမ ဆို သူနေတဲ့ရွာမှာ သူ့ဆွေမျိုးတစ်ယောက်မှ မရှိသလို သူ ပိုင်ဆိုင်တဲ့ မြေတစ်လက်မလည်း မရှိပါဘူး။ စစ်တပ် လက်အောက်ခံဝန်ထမ်းတွေ ရနေတဲ့လစာလောက်လည်း သူနေတဲ့ရွာက လစာမပေးနိုင်ပါဘူး။ ဒါပေမဲ့ မေတ္တာကို အပြည့်အဝ ပေးကြတယ်။ ဂရုစိုက်စောင့်ရှောက်မှုကို အပြည့်အဝ ပေးကြတယ်။ နှစ်ပေါင်းများစွာ စေတနာထားသင်ခဲ့တဲ့ တပည့်ဟောင်းများစွာနဲ့ မိဘတွေ၊ လက်ရှိသင်နေရတဲ့ တပည့်သစ်တွေနဲ့ မိဘတွေနဲ့ ဆရာမဘဝဟာ စိမ်းလန်းနေတယ်။

မောင်လူမွှေးတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဆရာ၊ ဆရာမတွေဟာ ငွေကြေးထက် တပည့်တွေရဲ့ ရှေ့ရေးကိုကြည့်ပြီး ပညာသင်ကြားခဲ့ကြတဲ့ အစဉ်အလာ ရှိပါတယ်။ တပည့်တွေကလည်း သူတို့ကို စေတနာရှေ့ထား သင်ကြားပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေကို တတ်နိုင်တဲ့အချိန်မှာ ဂါရဝပြန်ပြုကြတာ အစဉ်အလာ ဖြစ်တယ်။ စံနမူနာပြစရာ မြန်မာ့ဆရာမစစ်စစ်ကြီး နှစ်ဦးကို မောင်လူမွှေးနှလုံးသားက အမြဲလေးစား ဂါရဝပြုနေမှာ ဖြစ်ပါတယ် ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar