Breaking News

ကိုလေအိုး - အယ်ဒီတာဗိုလ်ချုပ်ကြီး

ကိုလေအိုး - အယ်ဒီတာဗိုလ်ချုပ်ကြီး

မိုးမခ ၊ ဧပြီ ၁၀ ၊ ၂၀၂၆


၁၉၉၂ ခုနှစ်လောက်က လေယာဉ်တစ်ဆင့်၊ ရဟတ်ယာဉ်တစ်ဆင့်စီးပြီး အဆင့်မြင့်မြင့် သတင်းလိုက်ခဲ့ဖူးတယ်။ ရန်ကုန်ကနေ နမ့်ခမ်းကို စစ်တပ် လေယာဉ်ပျံစီး၊ နမ့်ခမ်းကမှ “ပန်တဝိ” ဆိုတဲ့ တောင်ထိပ်ကရွာကို ရဟတ်ယာဉ် တဆင့်စီးပြီး သတင်းခရီးနှင်ခဲ့ရတာပါ။ ဒီတုန်းက သတင်းကြီးခါစ အက်စ်တူးလို့ ခေါ်ကြတဲ့ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦး ဦးဆောင်တဲ့ ခရီးလည်း ဖြစ်တယ်။ အဲဒီခေတ်ထုံးစံအတိုင်း အက်စ်တူးနောက်မှာ ဝန်ကြီး၊ ဝန်လေး နောက်တော်ပါတွေအစုံနဲ့ပေါ့။

ရန်ကုန်လေဆိပ်မှာ နှင်းထူထူကျနေလို့ လေယာဉ်ထွက်ချိန် နောက်ကျတာ မှတ်မိနေတယ်။ လေယာဉ်ထွက်ပြီး လေယာဉ်ငြိမ်လို့ မိနစ်နှစ်ဆယ်လောက် ကြာတော့ သတင်းထောက်တွေ စုဝေးထိုင်နေကြတဲ့ လေယာဉ်နောက်ပိုင်းကို ဗိုလ်ချုပ်ကြီးတင်ဦး ရောက်လာတယ်။ ပြီးတော့ “အခုသွားကြမယ့် ပန်တဝိရွာမှာ မနေ့ညက ရှမ်းသူပုန်က ပအိုဝ်းရွာသားတွေကို သေနတ်နဲ့ပစ်သတ်သွားကြတယ်။ လူ ၆၀ လောက် သေတယ်။ ရှင်းရှင်းပြောရင်တော့ ရှမ်းက ပအိုဝ်းကို သတ်တာပဲ။

ဒါပေမဲ့ ကျနော်တို့က ဒီလိုသတင်းထုတ်လို့ မဖြစ်ဘူး။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်သွားလိမ့်မယ်။ 'ရှမ်းလက်နက်ကိုင်တပ်ဖွဲ့က အပြစ်မဲ့ရွာသားတွေကို အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်' ဒီလိုပဲ သတင်းထုတ်ရလိမ့်မယ်”။ ဗိုလ်ချုပ်ကြီးက သတင်းအဖွဲ့ကို ဒီလို မှာတာဟာ တကယ်တော့ အယ်ဒီတိုရီယယ်လိုင်း ချပေးသွားတာပါပဲ။ သတင်းခေါင်းစဉ်ပါ ချပေးသွားသေးတယ်။ “ရှမ်းလက်နက်ကိုင်တပ်ဖွဲ့က အပြစ်မဲ့ရွာသားတွေကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်”။

ပန်တဝိရွာက ပေလေးထောင်ကျော်မြင့်တဲ့ တောင်ထိပ်မှာတည်ထားတဲ့ ပအိုဝ်းရွာပါ။ ရွာလယ်က ပေ ၃၀ လောက် မြင့်တဲ့ တောင်ကုန်းပေါ်မှာ စစ်တပ်ရှိတယ်။ ရှမ်းတပ်ဖွဲ့က တောင်ကုန်းကို ပိတ်ဆို့ထားပြီး ရွာထဲဝင်၊ တွေ့တဲ့သူ ပစ်သတ်သွားတာ သတင်းအဖွဲ့ ရွာရောက်တဲ့အချိန်အထိ မီးလောင်ထားတဲ့ အနံ့ဆိုးတွေ ရနေတုန်းပါပဲ။ ဒီတုန်းက စစ်တပ်အရာရှိတစ်ယောက် ပြောတာ မှတ်မိနေတာက ပန်တဝိရွာတည်ထားတဲ့ တောင်ထိပ်ကို ညဦးပိုင်းကတည်းက မရပ်မနား တက်ရင်တောင် မိုးလင်းမှ ရွာကို ရောက်ပါသတဲ့။

ရွာမှာ ဗမာစကားပြောတတ်တဲ့သူကလည်း ကျောင်းဆရာလုပ်နေတဲ့ တစ်ယောက်ပဲ ရှိတယ်။ သူကပဲ ဗိုလ်ချုပ်ကြီးတွေ ပြောတာဆိုတာ အားလုံး ရွာသားတွေကို ပြန်ပြောပြရတယ်။ ဒီတုန်းက နောင်မှာ ဒုတိယကာချုပ်ဖြစ်လာမယ့် ဗိုလ်ချုပ်မောင်အေးဟာ ရှမ်းအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးပဲ ရှိပါသေးတယ်။ အဲဒီဗိုလ်ချုပ်ကြီးတင်ဦးကပဲ ၁၉၉၃ ခုနှစ်မှာ တစ်ခါ အယ်ဒီတာ လုပ်ပြန်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ လုပ်ခဲ့တဲ့ တပ်မတော်နေ့မှာ ဒီတုန်းက ဦးစောမောင် နေရာ တက်ခဲ့တဲ့ ဦးသန်းရွှေက မိန့်ခွန်းပြောမှာပါ။

အစိုးရသတင်းအဖွဲ့သားတွေဟာ ဒီလိုနေ့တွေဆို အစမ်းလေ့ကျင့်တဲ့နေ့တွေကတည်းက ကြိုတင်သွားရောက်ပြီး စစ်ကြောင်းချီ လေ့ကျင့်ကြပုံတွေ သွားရောက် ကြည့်ရှုလေ့လာမှတ်သားရတယ်။ တိုက်ရိုက်လွှင့်တဲ့အခါ နောက်ခံပြောဆိုပေးနိုင်ဖို့ စစ်ကြောင်းမှူး နာမည်တွေ ဘာတွေ ကြိုပြီး တောင်းခံထား၊ စုဆောင်းထားရတယ်။ တစ်နှစ်နဲ့တစ်နှစ် သိပ်မထူးပေမယ့် စစ်ကြောင်းမှူးလုပ်တဲ့သူ အပြောင်းအလဲတော့ ရှိတတ်တယ်။ သတင်းစဉ်က သတင်းရေးတဲ့ဆရာဆို မနှစ်က အခမ်းအနားသတင်းဟောင်း ရှာယူလာတယ်။

ပြီးတော့ လူနာမည်တွေပြောင်းတာမေးပြီး အစားထိုးရေးတယ်။ စစ်ကြောင်းနာမည်တွေက ပြောင်းတာမှ မဟုတ်တာ၊ လူအင်အားကလည်း ထိုနည်းလည်းကောင်း၊ အဲ့ဒီနှစ်ကတော့ ကာကွယ်ရေးဦးစီးချုပ်က အသစ်ဖြစ်နေတယ်။ ဒါနဲ့ နောက်ဆုံးအစမ်းလေ့ကျင့်တဲ့နေ့ရောက်တော့ မနက်အစောကြီး ဦးဝိစာရလမ်းက တော်လှန်ရေးပန်းခြံထဲကို ဗိုလ်ချုပ်ကြီးတင်ဦး ရောက်လာတယ်။ ကွင်းထဲက အလေးပြုခံစင်မြင့်နား သူ့ကားရပ်ပြီး ကားပေါ်ကဆင်းတာနဲ့ သတင်းသမားတွေရှိတဲ့ တိုက်ရိုက်လွှင့်တဲ့ကားနားကို သူလျှောက်လာတယ်။

ပြီးတော့ ဒီတုန်းက နာမည်ကြီး တီဗီနောက်ခံပြောသူကို နာမည်တပ်ခေါ်ပြီး “ဒီနှစ် တပ်မတော်နေ့မိန့်ခွန်းကို တီဗီမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအသံနဲ့ တိုက်ရိုက်မလွှင့်ဘူး၊ ဦး--- ကပဲ Retell သဘောမျိုး ပြောပေးပါ”။ တကယ်တော့ ဒီလိုမျိုးအပြောင်းအလဲလုပ်တာကို အဆင့်ဆင့် စာနဲ့ပေနဲ့ ညွှန်ကြားပြောဆိုရမှာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကတော့ လက်တွေ့သမားထင်ရဲ့၊ တီဗီမှာ နောက်ခံပြောမယ့်သူကို တိုက်ရိုက်လာပြောသွားတယ်။ အယ်ဒီတာ ဂိုက်လိုင်းချပေးတယ် ခေါ်မလား။

ဒီကတည်းက တပ်မတော်နေ့ရောက်တိုင်း တီဗီမှာ ဦးသန်းရွှေ အသံ မကြားရတာ သူ အနားယူသွားတဲ့အထိပါပဲ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar