အမေရိကန်၏ အီရန်စစ်ကနေ အာရှက ဘာသင်ခန်းစာယူမလဲ
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၈ မြင်ကွင်း
(မိုးမခ) ဧပြီ ၉ ၊ ၂၀၂၆
အမေရိကန်၏ အီရန်စစ်ကနေ အာရှက ဘာသင်ခန်းစာယူမလဲ
ယမန်နေ့ကတော့ ပါကစ္စတန်ကြားဝင်စေ့စပ်မှုနဲ့ အမေရိကန်နဲ့ အီရန်တို့ အပစ်အခတ် ၂ ပတ်ကြာ ရပ်စဲလိုက်တယ်လို့ ကြေညာပါတယ်။ အမေရိကန်၏ အီရန်စစ်က ဖေဖော်ဝါရီ ၂၈ ကနေ ဧပြီ ၇ အထိ တလကျော် ကြာမြင့်ခဲ့ပြီး စစ်ကြောင့် သေကျေပျက်စီးမှုတွေ စွမ်းအင်လုပ်ငန်းတွေ ချေမှုန်းခံရတာတွေ အလွန်မြင့်မားတာကြောင့် ပင်လယ်ကွေ့က အိမ်နီးချင်းနိုင်ငံတွေ အားလုံး ထိခိုက်ခဲ့ပါတယ်။ စစ်စာရိတ်အနေနဲ့ အမေရိကန်နဲ့ အစ္စရေးဟာ နေ့စဉ် ဒေါ်လာ ဘီလျံနဲ့ ချီပြီး ကုန်ကျပါတယ်။
စွမ်းအင်အကျပ်အတည်း ကမ္ဘာတဝှမ်းလုံး ခံစားကြရပြီး၊ အရှေ့အလယ်ပိုင်းက ရေနံ၊ ဓာတ်ငွေ့နဲ့ ဓာတ်မြေဩဇာကုန်ကြမ်းတွေ မှီခိုနေရတဲ့ အာရှတိုက်နိုင်ငံများ၏ ထိခိုက်မှုက အများဆုံးလို့ ဆိုရမှာပါ။ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ဩစတြေးလျနဲ့ အာရှနိုင်ငံအားလုံးက အမေရိကန်-အစ္စရေး နဲ့ အီရန်စစ်ကြောင့် စီးပွားရေး အကျပ်အတည်းဒဏ်ကို ခံစားနေရတာကနေ တိုင်းတပါးက ပထဝီဒေသတခုတည်းကို မှီခိုနေရတဲ့ စီးပွားရေး နိုင်ငံရေး ဗျူဟာကို အမြန်အဆန် စဉ်းစားပြီး ပြန်လည် ပြင်ဆင်မှုတွေ ချမှတ်လုပ်ကိုင်နေကြပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အနောက်အုပ်စု၏ တန်ဖိုးတွေကို မှီခိုပြီး ကြီးပြင်းလာကြတဲ့ ဖွံဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေအဖို့က အနောက်ဩဇာကနေ ကင်းလွတ်အောင် နေထိုင်ဖို့က အဆင်သင့် ဖြစ်သေးတယ်လို့ မဆိုနိုင်ပါဘူး။ အာရှ၏ စီးပွားရေး နိုင်ငံရေးပါဝါကြီးသူ တရုတ်၏ ဩဇာနဲ့ လွှမ်းမိုးမှုကို အာရှနိုင်ငံတွေက ပုဝါတကမ်း လက်တလှမ်းထား ခပ်ခွာခွာ ဆက်ဆံရေးကနေ ပိုပြီး နီးစပ်စွာ ဆက်ဆံဖို့ ပေါ်လစီပြင်ဆင်ရေးကိုလည်း အာရှနိုင်ငံတွေက စဉ်းစားကြရတော့မှာလည်း ဖြစ်ပါတယ်။
အမေရိကန်နဲ့ အနောက်အုပ်စု၏ စံတွေ တန်ဖိုးတွေ၊ မူဘောင်တွေက ကျဆင်းနေလို့ အာရှကရပ်တည်မှုတွေ ဆက်ဆံရေးတွေ ပြင်ဆင်ရသလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ အနောက်အုပ်စုနဲ့ အမေရိကန်က လက်ရှိ အာဏာရ ခေါင်းဆောင်တွေ အစိုးရတွေ၏ မတည်ငြိမ်သော အစွန်းရောက်ပေါ်လစီတွေကြောင့် ဘေးထွက်အကျိုးကို အာရှနိုင်ငံတွေကပါ ခံစားကြရတာဖြစ်ပါတယ်။ အနောက်အုပ်စုက အာဏာရအစိုးရအပြောင်းအလဲတွေ ဖြစ်လာရင် အာရှ၏ အနောက်ပေါ် မှီခိုမှုတွေက ပိုနေမြဲ ကျားနေမြဲ ပြန်ဖြစ်လာဦးမှာလားလို့လည်း မေးခွန်းက ရှိနေပါတယ်။
သို့သော် အပြင်က အပြောင်းအလဲကို မီးစင်ကြည့်ကနေရတဲ့ အာရှနိုင်ငံတွေ၏အဖြစ်လို့ သုံးသပ်ရမယ်ဆို အရှက်ရစရာ ဖြစ်ပါတယ်။ လက်ရှိမှာ ရှေ့သို့တိုးတက်လာမည့် အနာဂတ်နိုင်ငံထိပ်သီးတွေက အာရှနိုင်ငံတွေဖြစ်မယ်လို့ ပညာရှင်တွေက ဟောကိန်းထုတ်ထားတဲ့ အချိန်ပါ။ အမေရိကားနဲ့ ဥရောပမှာ အိုမင်းတဲ့ လူဦးရေအများဆုံးဖြစ်နေချိန်မှာ အာရှနိုင်ငံတွေမှာတော့ ငယ်ရွယ်သောမျိုးဆက်သစ်လူဦးရေက ပိုများလာနေပါပြီ။ လူငယ်တွေ ပိုများတဲ့ နိုင်ငံတွေအဖြစ် အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားတို့အပြင် မြန်မာပြည်ကိုလည်း အနာဂတ်၏ လူငယ်မျိုးဆက်၊ သန်စွမ်းသူ ဦးရေ အများဆုံးနိုင်ငံတွေလို့ ဟောကိန်းထုတ်ထားပါတယ်။
သည်လိုအာရှနိုင်ငံတွေကို emerging country လို့ ခေါ်ဆိုပြီး သူတို့က ကမ္ဘာကြီး၏ အနာဂတ်ကို ဦးဆောင်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ မျက်မျောက်ခေတ်မှာလည်း အနောက်အုပ်စု၏ သက်ကြီးရွယ်အိုတွေ၏ ခေတ်နောက်ပြန်ဆွဲ အစွန်းရောက်လုပ်ရပ်တွေကြောင့် တိုင်းပြည်တွေ တိုးတက်မှုတွေ ကြန့်ကြာကုန်တာ နှောင့်နှေးကုန်တာကို ခံစားနေကြရချိန်လည်း ဖြစ်နေတာမို့ လူငယ်ခေါင်းဆောင်လောင်းတွေက ဒါကို အခွင့်ကောင်းအဖြစ် သတ်မှတ်ပြီး သူတို့ပထဝီဒေသမှာပဲ အခြေစိုက်ပြီး ပိုပြီး တိုးတက် ပိုပြီး သန်မာတဲ့ နိုင်ငံတွေအဖြစ် အာရုံစိုက် ထူထောင်လာကြလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။
အနောက်နိုင်ငံတွေက စစ်စာရိတ်၊ ကျန်းမာရေးစရိတ်၊ ကုန်ဈေးနှုန်း၊ အလုပ်သမားခ ကြီးမြင့်မှု၊ လူနေမှုစာရိတ် အိမ်ဈေး ကြီးမားမှုတွေ၊ ပညာသင်စာရိတ် ခေါင်ခိုက်နေတာကြောင့် အနောက်နိုင်ငံတွေ၏ ဝန်ထုပ်ဝန်ပိုးတွေကို သွားထမ်းနေကြရတဲ့ အာရှနိုင်ငံတွေ အဖြစ်ကနေ ကိုယ့်တိုင်းပြည်တွင်းမှာ စနစ်ဟောင်းတွေ မျိုးဆက်ဟောင်းတွေကို ပြင်ဆင် ပြုပြင်ပြီး မိမိဝန်နဲ့ အားနဲ့ သင့်တော်တဲ့ ကုန်ကျစာရိတ်နည်းတဲ့ ၊ လုပ်ခလစာ သက်သာတဲ့ စာသုံးသူလူတန်းစားတွေ ပိုတိုးအောင် မြှင့်တင်ပြီး ကုန်ထုတ်လုပ်မှုတွေ ကျွမ်းကျင်မှုတွေ မျိုးဆက်သစ်အရင်းအမြစ်တွေကို အသုံးချဖို့ အချိန်ရောက်နေပြီလို့ အနာဂတ်နိုင်ငံခေါင်းဆောင်တွေက မျော်မြင်နေတဲ့ အချိန်လည်း ကျနေပြီ ဖြစ်ပါတယ်။
အမေရိကားအပါအဝင် အနောက်ဥရောပနိုင်ငံတွေက သူတို့ဆီကို ရွှေ့ပြောင်းအခြေချလိုတဲ့ ငယ်ရွယ်သောလူငယ်မျိုးဆက်သစ် တိုင်းတပါးသားတွေကို မလိုလားတဲ့ ပေါ်လစီတွေ ချမှတ်နေချိန်ဖြစ်သလို ကြွယ်၀တဲ့ ဂျပန်၊ ကိုရီးယားနဲ့ အရှေ့အလယ်ပိုင်းက အာရပ်နိုင်ငံတွေကလည်း လူငယ်မျိုးဆက်သစ် တိုင်းတပါးသားတွေကို နိုင်ငံခြားအလုပ်သမားအဖြစ်အသုံးချဖို့ကလွဲပြီး လက်သင့်ခံ ကြိုဆိုတဲ့အနေအထားမရှိတာကိုလည်း အာရှနိုင်ငံတွေအပါအဝင် အာဖရိကနိုင်ငံတွေကလည်း သဘောပေါက်နေကြပါတယ်။
အာရှက လူငယ် လူရွယ် မျိုးဆက်တွေအနေနဲ့ကတော့ အိုမင်းနေပြီဖြစ်တဲ့ စနစ်တွေ နိုင်ငံတွေဆီက ပိုလျံထုတ်ကုန်တွေ စားသုံးကုန်တွေ ဝန်ဆောင်မှုတွေကို မိမိတို့ အကျိုးအတွက် ရယူသုံးစွဲကြဖို့ အာရုံပြုကြရမှာ ဖြစ်ပါတယ်။ အေအိုင်လိုမျိုး နည်းပညာအသစ်ကို အမေရိကနဲ့ အနောက်အုပ်စုတို့က ထုတ်လုပ်နိုင်ပေမယ့် အဲဒါကို လေ့လာ သင်ယူ အသုံးချနိုင်စွမ်းက သူတို့နိုင်ငံတွေ၏ ဘောင်ထက် ကျော်လွန်ပြီး အာရှ၊ အာဖရိက၊ တောင်အမေရိကဆီက လူငယ်မျိုးဆက်သစ်တွေဆီကို ရောက်ရှိလာနေတာ ဖြစ်ပါတယ်။
အရှေ့ဥရောပ၊ ရုရှား၊ တရုတ်နဲ့ အချို့သော အာရှနိုင်ငံတွေထဲရှိ ဥပဒေနဲ့ လက်လှမ်းမမီတဲ့နေရာတွေကနေ အမေရိကန်ဒေါ်လာ ဘီလျံရာချီတဲ့ မတရားသဖြင့် အမြတ်ထုတ်ယူနိုင်စွမ်းရှိတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုလုပ်ငန်းကြီးဖြစ်တဲ့ ကျားဖြန့်ဂိုဏ်းတွေကို ဥပမာမပေးချင်သော်လည်း ဥပမာပေး ပြောချင်ပါတယ်။ တတိယနိုင်ငံတွေက နိုင်ငံသားတွေက အခြေခံလုပ်သားတွေဖြစ်နေပြီး နည်းပညာတွေ စက်ကိရိယာ၊ နက်ဝပ်တွေက အနောက်ကလာတဲ့ အရင်းအမြစ်တွေပါ။ ပြီးတော့ သားကောင်တွေကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံက လူကြီးတွေ သက်ကြီးရွယ်အိုတွေနဲ့ လောဘသားကောင်လူလတ်ပိုင်းတွေကို လိမ်ညာပြီး ငွေကြေးတွေ လိမ်လည်လှည့်ဖြားယူနေကြတာ ဖြစ်ပါတယ်။ အရှေ့ကော အနောက်ကော နိုင်ငံခေါင်းဆောင်တွေ အစိုးရတွေက ကျားဖြန့်ဂိုဏ်းတွေ အကုန်အစင် နှိမ်နင်းနိုင်ဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။ အာရှနိင်ငံက လူငယ်မျိုးဆက်တွေ၏ စွမ်းအင်တွေက မသုံးတတ်ရင် ဘေး၊ သုံးတတ်ရင် ဆေး ဖြစ်နိုင်ပါတယ်။
လူဦးရေမျိုးပွားနှုန်း ကြီးမားတဲ့ အာရှနိုင်ငံတွေက လူငယ်မျိုးဆက်သစ်တွေသည် သားကောင်တွေရှာပြီး အမဲလိုက်တဲ့ မုဆိုးတွေ ဖြစ်မလာဖို့လိုသလို သူတပါးတွေ၏ အမြတ်ထုတ်ခံရတဲ့ သားကောင်တွေ မဖြစ်ဖို့လည်း လိုပါတယ်။ အာရှနိုင်ငံတွေက အနာဂတ်မှာ အမှီအခိုကင်းတဲ့ အင်အားတောင့်တင်းတဲ့ ကိုယ်တိုင်ထုတ် ကိုယ်တိုင်စားသုံး ကိုယ်တိုင်ခံစားတဲ့ မြို့ပြနိုင်ငံတော်သစ်တွေ ဖြစ်လာဖို့ ဆက်ကြိုးပမ်းကြပါစို့။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar