Breaking News

ငြိမ်းဝေ - ဒုံသမိချောင်းပေါ်က ကြယ်နီ ၉

Art- Than Htay Maung 
ဒုံသမိချောင်းပေါ်က ကြယ်နီ ၉

ကျောက်ဖြာရွာထိပ် မိုင်းကွဲခြင်းနှင့် လူသားမိုင်းရှာကိရိယာများကို 

နှလုံးသားဖြင့် ဓါတ်ပုံရိုက်ခြင်း

ငြိမ်းဝေ

(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၆ 


၁။

ကာဘိုင်သေနတ်လွယ်ပြီး စကားပြောစက်ကိုင်ထားသူ တပ်ကြပ်ကြီး ဖါးတေးနှင့် လွယ်အိတ်တလုံးလွယ်ထားသူကျနော် ကျောက်ဖြာရွာထိပ်ကိုရောက်တော့ နေကအတော်စောင်းနေပြီ။


ရွာထိပ်ကုက္ကိုပင်ကြီးအောက်တွင် လူနှစ်ယောက်က ကျနော်တို့ကို ကြိုနှင့်နေ၏။ သူတို့နှစ်ဦးမှာ ကျောက်ဖြာရွာ ကာလသားခေါင်းဆောင်နှင့် KNU အမာခံရွာသားတဦး ဖြစ်၏။ ကာလသားခေါင်းက မြန်မာလိုပြောတတ်ပြီး  အသက် ၅၀ အရွယ် ကျန်တယောက်က မြန်မာလိုမပြောတတ်ပါ။ ( အမှန်မှာ တပ်ကြပ်ကြီးဖါးတေးမှာ ဗိုလ်အဆင့် တိုးမြှင်ခံထားပြီးဖြစ်သဖြင့် ဗိုလ်ဖါးတေး ဖြစ်သော်လည်း လူတွေက တပ်ကြပ်ကြီးဖါးတေးဟူ၍သာ နှုတ်ကျိုးနေကြဆဲ။)


ရွာထိပ် ‌ဒုံသမိချောင်းဘေးက တဲတလုံးတွင် ကျနော်တို့ နားကြ၏။ တပ်ကြပ်ကြီးဖါးတေးနှင့်ကျနော်က  ခဏတဖြုတ်တိုင်ပင်ကြပြီး မနက်ဖြန်မနက်ပိုင်း လုပ်ဆောင်ရမည့်အလုပ်များကို ရွာခံနှစ်ဦးကို အသေအချာရှင်းပြကြ တာဝန်ခွဲကြ၏။ 


မနက်ဖြန်မနက် ခွန်နှစ်နာရီမတိုင်ခင် ကျောက်ဖြာရွာနှင့်မလှမ်းမကမ်း တောင်ကုန်းပေါ် ကျနော်တို့လေးယောက် နေရာယူကြရမည်ဖြစ်သည်။ တောင်ကုန်းပေါ် ခြုံနွယ်များကြားမှကြည့်လျင် အောက်ခြေ၌ ကားလမ်းကို အတိုင်းသား မြင်နိုင်သည်ဟု ဆို၏။


နဝတ စစ်တပ် စစ်ကားတန်းများ မရောက်လာခင် ကျောက်ဖြာရွာသားတချို့ တံပျက်စည်းကိုယ်စီဖြင့် ကားလမ်းပေါ် အရင်ရောက်လာကြမည်ဖြစ်သည်။ သူတို့သည် သေနတ်အဆင်သင့်ကိုင်ထားသည့်  နဝတစစ်သားများရှေ့မှောက်တွင် ရွာအထွက်မှစပြီး သတ်မှတ်ထားသ ည့်နေရာရောက်သည်အထိ ကားလမ်းပေါ် တံပျက်စည်း လှည်းကြရမည်ဖြစ်သည်။ အကယ်၍ ကားလမ်းပေါ်တွင် တစုံတယောက်က ကားမိုင်းလာမြှုပ်ပြီး မိုးထောင် မိုင်းမြှပ်ထားပါက တံပျက်စည်းလှည်းကြရသည့် ရွာသားများ မိုင်းထိကြမည်သာဖြစ်ပြီး သူတို့စစ်ကားများ ဘေးလွတ်မည်ဖြစ်သည်။ တနည်းအားဖြင့်ပြောရလျင် ကားလမ်းပေါ်တွင် “မိုင်းရှာကိရိယာ”ဖြင့် မိုင်းမရှာဘဲ ဒေသခံရွာသားများကို “ လူသားမိုင်းရှာကိရိယာ”အဖြစ် အတင်းအဓမ္မ ခိုင်းစေခြင်း ဖြစ်သည်။ ကျနော်က ထိုမြင်ကွင်းကို တောင်ကုန်းပေါ်မှတဆင့် ဓါတ်ပုံခိုးရိုက်မည်ဖြစသည်။ ထို့ပြင် ကာလသားခေါင်းဆောင်က စစ်ကား အနည်းဆုံး ဆယ်ကားအထိ ကားနံပါတ်များ အသေအချာရေးမှတ်ပေးကြဖို့ကိုလည်း တာဝန်ပေးလိုက်၏။ 

ကျနော်မှာ တာဝန်များခွဲဝေပေးနေသည့်ကြားမှ ဓါတ်ပုံရိုက်ဖို့ ကင်မရာထဲတွင် ဓါတ်ခဲမရှိသည်ကိုတွေးကာ တော်တော့်ကို စိတ်မသက်မသာ ဖြစ်မိသည်။ သို့သော် မတတ်နိင်ပါ။ သတင်းထောက်တယောက်အဖို့ ကင်မရာဖြင့် မှတ်တမ်းမတင်နိုင်သော်လည်း မျက်စေ့ဖြင့်မြင်ခွင့်ရလျင်လည်း လုံလောက်တာပါပဲလေဟုတွေးကာ စိတ်ကို မနည်းဖြေရ၏။


မနက်ဖြန်မနက် ဆောင်ရွက်ကြရမည့်အစီစဉ်များ အသေအချာ စီစဉ်သတ်မှတ် တာဝန်ခွဲပြီးကြသောအခါ ညကိုးနာရီခန့် ရှိပြီဖြစ်သည်။ တပ်ကြပ်ကြီးဖါးတေး နှင့် အသက်ခတ်ကြီးကြီးလူက တခြားအိမ်တွင် သွားအိပ်၏။ ကာလသားခေါင်းဆောင်က အိမ်ချင်းကပ်လျက်အိမ်တွင် အိပ်၏။ ကျနော်က အိမ်ရှင် ကရင်အဖိုးအိုနှင့်အတူ သ ည်တဲပေါ်တွင်ပင် အိပ်ရမည်ဖြစ်သည်။ ကြမ်းပြင်ပေါ် လှဲချလိုက်တော့ ဗမာလို ဆဲဆိုအော်ဟစ်သည့်အသံကို ကြားရသည်။ လွန်ခဲ့သည့် နာရီဝက်ခန့်တုန်းကလည်း ဗမာလို အော်ဟစ်ဆဲဆိုသည့်အသံ ကြားခဲ့ရသေးသည်။ သည်အသံမှာ ချောင်းတဖက်ကမ်း နအဖစစ်တပ်စခန်းမှစစ်သားများ ဆဲဆိုနေကြခြင်းဖြစ်ပြီး အကယ်၍ ကြည့်ချင်ပါက မနက်ဖြန်တွင် သည့်ဘက်ကမ်းမှ ချောင်းကြည့်လို့ရသည့်နေရာ လိုက်ပြမည်ဟု ပြောသော်လည်း ကျနော်က မကြည့်သေးဟု ပြန်ပြောထားခဲ့၏။ ယခုလည်း ထပ်ကြားရခြင်း ဖြစ်သည်။


ဘယ်အချိန်က အိပ်ပျော်သွားသည်မသိ အိပ်ရာမှနိုးတော့ ငှက်မွှေးမီးမြှိုက်သည့်အနံ့ရ၏။ ညနေက ထမင်းမစားခဲ့ရသဖြင့် ဗိုက်ဆာနေပြီဖြစ်သည့်အတွက် အိပ်ရာမှထ မီးဖိုလေးဘေး သွားထိုင်တော့ မီးဖိုဘေးတွင် အိမ်ရှင်အဖိုးအိုက ငှက်ကလေးတကောင် မီးကင်စားနေ၏။ ကျနော့်ကိုလည်း စားပါဟု ပေး၏။ ကျနော်လည်း ဟန်မဆောင်နိုင်တော့ဘဲ အမွေးနှုတ်ထားသည့် ငှက်ကလေးနှစ်ကောင်ကို မီးကင်ပြီးစားလိုက်၏။ ထိုအခါကြမှ အနည်းငယ်ဗိုက်ပြ ည့်သလိုဖြစ်ကာ ထပ်မံအိပ်ပျော်သွားပြန်လေသည်။


၂။

မနက် ရှစ်နာရီခန့်တွင် ရွာထိပ်မှ လူသံများကြားရ၏။ ကျနော်တို့က ခြုံပုတ်များထဲကတဆင့် ရွာဆီကို စောင့်ကြည့်ကြ၏။

ချက်ချင်းဆိုသလို ကားလမ်းပေါ် လူနှစ်ဆယ်ခန့် တံပျက်စည်းကိုယ်စီလှည်းရင်း တောင်ကုန်းနား ရောက်လာကြ၏။ နအဖစစ်သားနှစ်ယောက်က သေနတ်အဆင်သင့်ကိုင်ကာ လမ်းဘေးခတ်ကွာကွာမှ လိုက်လာ၏။ ကျနော်က တောင်ကုန်းအောက် ကားလမ်းပေါ်ကလူအုပ်ကို တအံ့တဩ ကြောင်ပြီးကြည့်နေမိ၏။ လူအုပ်ထဲတွင် ယောက်ျားတဦးမျှမပါ။ အသက်ကြီးရင့်သူ အမျိုးသမီးကြီးများနှင့် ငယ်ရွယ်သည့်ကလေးဆယ်ယောက်ခန့် ဖြစ်၏။


ကျနော့်မှာ ကိုယ့်မျက်စေ့ကိုပင် မယုံနိုင်လောက်အောင် ကြောင်ပြီးကြည့်နေမိသည်။


“ ဆရာကြီး ဆရာကြီး ရိုက်လေ ဓါတ်ပုံရိုက်တော့လေ”


တပ်ကြပ်ကြီးဖါးတေးက ခန္ဓာကိုယ်ချင်းတွန်းကာ သတိပေးကာမှ ကျနော့်မှာ လက်ထဲကကင်မရာဖြင့်ထိုးချိန်ကာ ကင်မရာခလုပ်ကိုဆယ်ကြိမ်မျှနှိပ်ရတော့သည်။ ဘေးချင်းကပ်ထိုင်နေကြသူအားလုံးက ကင်မရာခလုပ်နှိပ်နေသောကျနော့်ကို အကြေနပ်ကြီးကြေနပ်စွာ ကြည့်နေကြမည်ကို လှည့်မကြည့်ဘဲ ကျနော်သိပါသည်။


တောင်ကုန်းအောက်ကလူအုပ် ဝေးသွားပြီး လူသံပျောက်သည့်အချိန် ရွာထဲမှ လူတယောက်ထွက်လာသည်ကိုတွေ့ရ၏။။ ထိုသူမှာ ကျနော်တို့ပုန်းခိုနေရာ တောင်ကုန်းဆီကိုကြည့်၏။ ထိုသူက ပုဆိုးတထည်ကို ခေါင်းပေါင်းပြီး  စေါင်တထည်ကိုမူ ခါးတွင်ပါတ်ထား၏။ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး ထိုသူမှာ ကျနော်တို့ရှိရာတောင်ကုန်းဆီ ဦးတ ည်ပြီးလျှောက်လာလေသည်။ “ အဲဒါ ကျောက်ဖြာရွာသူကြီး ဦးကျောက်လုံးပဲ”ဟု တပ်ကြပ်ကြီးဖါးတေးက ပြောလေသည်။ 


သူကြီးဦးကျောက်လုံးက ထွက်ကြည့်နေသော တပ်ကြပ်ကြီးဖါးတေးကိုကြည့်ကာ “ ဟေ့ ဘယ်မလဲဟ မင်းတို့ဓါတ်ပုံဆရာ”ဟု မေးလေသည်။ ကျနော်ကလည်း မဝေခွဲတတ်သည့်တိုင် “ ကျနော်ပါပဲ”ဟု ဖြေရင်း ခြုံပုတ်ထဲက ထွက်လိုက်ရ၏။


“ အေး မင်းတို့ ဒီနေရာကနေ ဓါတ်ပုံစောင့်ရိုက်လို့ကတော့မဖြစ်ဘူး၊ ဒီကောင်တွေ ကားတန်းမဆင်းခင် ကားလမ်းအတိုင်း ကင်းထိုးချင်ထိုးမှာ တော်ကြာ မင်းတို့နဲ့တိုးပြီး ပစ်လားခတ်လားဖြစ်ရင် တရွာလုံး မင်းတင်ရှို့ခံရမှသေချာတယ်။ ဒီလိုလုပ်  ရွာထဲက ကားလမ်းနဲ့အနီးဆုံးနေရာ ငါစီစဉ်ပေးမယ်၊ ဒီနေရာကတော့ ဓါတ်ပုံမရိုက်နဲ့ ငါရှာပေးတဲ့နေရာကနေ ကြိုက်သလောက်ရိုက်စမ်း၊ ငါတာဝန်ယူတယ်၊ ဒါပေမယ့် ဓါတ်ပုံဆရာတယောက်တည်းပဲရမယ်၊ အချိန်သိတ်မရှိဘူး လိုက်မယ်ဆို ငါနဲ့အတူ အခုလိုက်ခဲ့ ငါတာဝန်ယူတယ်၊ ဘာမှမဖြစ်စေရဘူး ”


ကျနော်က တပ်ကြပ်ကြီးဖါးတေးကို ကြည့်သည်။ တပ်ကြပ်ကြီးဖါးတေးကလည်း ကျနော့်ကိုကြည့်သည်။


“ ကျနော်လိုက်မယ်သူကြီး”ဟု အဖြေပေးကာ ကျနော်က ကင်မရာနှင့် အသံဖမ်းစက်ထည့်ထားသောလွယ်အိတ်ကို သူကြီးကိုပေးလိုက်၏။ သူကြီးကလည်း စောင်ထဲတွင်ထည့်လိပ်ကာ သူ့ခါးတွင် ပါတ်ထားလိုက်၏။ ကျနော်တို့နှစ်ယောက် တောင်ကုန်းပေါ်ကအဆင်းတွင် မျက်နှာငယ်ငယ်ဖြင့် ကျန်ရစ်ခဲ့သော တပ်ကြပ်ကြီးဖါးတေးကို ပြုံးပြခဲ့ရသေး၏။


တောင်ကုန်းအောက်ခြေရောက်တော့ ကျနော်က သူကြီးကို မေးခွန်းတခုမေး၏။


“ ရွာထဲမှာ စစ်သားတချို့တော့ ရှိမယ်ထင်တယ်နော်သူကြီး”

“ ဟာ ရှိတာပေါ့ ကားတန်းဆင်းတဲ့အချိန် ရွာထဲမှာ စစ်သားက ရွာသားထက်တောင် များမလားဘဲ လုံခြုံရေးအင်အားဖြည့်ထားတာလေ”


ကျနော်က အသံမပြုတော့ဘဲ သူကြီးနောက်မှ ငြိမ်ပြီး လိုက်လာ၏။


“ ခင်ဗျား စိတ်မပူနဲ့ မသကာ ခင်ဗျားကိုဆွဲသွားရင်လည်း ကျုပ်ရအောင်ပြန်ဆွဲထုတ်မယ်၊ လမ်းမှာ သူတို့နဲ့တွေ့ရင်လည်း  ကျုပ်ဖါသာကျုပ် ကြည့်ရှင်းမယ်၊ ကျုပ်နောက်က လေးငါးဆယ်လှမ်းသာ ခွါပြီးလိုက်”


ရွာထဲဝင်လာတော့ သူကြီးက အိမ်ပေါ်ကလူတယောက်ကို ကရင်လိုစကားလှမ်းပြောလိုက်သေး၏။ အိမ်တအိမ်ကလူတ‌ေယာက်ကမူ သူ့ရွာသားမဟုတ်သည့်ကျနော့်ကို စူးစမ်းသလို ကြည့်သေး၏။ ကျနော်က ပုဆိုးအကျီအဟောင်းများဝတ်ကာ တုတ်တချောင်း လက်ကကိုင်ထား၏။ 

တနေရာအရောက်တွင် နအဖစစ်သားနှစ်ယောက် မျက်နှာချင်းဆိုင်က လျှောက်လာ၏။ တပ်ကြပ်လုပ်သူစစ်သားက သူကြီးကို နှုတ်ဆက်၏။ သူကြီးက အိန္ဒြေမပျက် ပြန်လည်ပြုံးပြ၏။ 


တဲသာသာအိမ်တလုံးပေါ် ကျနော်တို့ ရောက်လာကြသည်။ အိမ်ပေါ်တွင် အသက် နှစ်ဆယ်အရွယ်မိန်းကလေးတဦးနှင့်သူကြီးတို့ ကရင်လို စကားအနည်းငယ်ပြော၏။


“ ကဲ ခင်ဗျားဒီအိမ်မှာခဏနေခဲ့၊ ကျုပ် တအောင့်နေပြန်လာမယ်၊ ဟိုမှာတွေ့လား ကားလမ်း၊ ဒီကောင်တွေ ဈေးဆိုင်မှာဝိုင်းနေကြတာ”ဟုဆိုပြီး သူကြီးက အိမ်ပေါ်ကဆင်းလေသည်။ အိမ်ရှင်မိန်းကလေးက သကြားတပန်းကန်၊ ရေနွေးတအိုးကိုင်ကာ အခန်းထဲဝင်၏။ ကျနော့်ကို လက်ဟန်ခြေဟန်နှင့် အခန်းထဲတွင်နေရန် ပြော၏။ ထို့နောက် အိမ်ပေါ်မှဆင်း၏။  အိမ်အောက်တွင် နှီးထိုင်ပြီး ဖြာနေလေသည်။


အခန်းထဲတွင် ကျနော်တယောက်တည်း ထိုင်နေစဉ် နအဖစစ်သားနှစ်ယောက် အိမ်အောက်တွင်ဝင်ထိုင်ပြီး အိမ်ရှင်မိန်းခလေးနှင့် ကရင်လိုတလုံးစနှစ်လုံစပြောရင်း ရယ်နေကြ၏။ အိမ်ရှင်မိန်းခလေးက ပျူပျူငှာငှာ ပြန်လည်ဆက်ဆံသည့်အသံကိုလည်း ကြားနေရ၏။


ထိုစဉ်မှာပင် နွေခေါင်ခေါင် မိုးချုန်းသံများ ကြားလိုက်သလိုရှိသဖြင့် အာရုံစိုက်ထားစဉ် မိုးချုန်းသံများမှာ အဆက်မပြတ်ကြားနေပြီး အသံတွေလည်း နီးလာလေသည်။ အိမ်အောက်က စစ်သားနှစ်ယောက်မှာ ကားလမ်းဘက် ပြေးသွားကြ၏။ ဘယ်ကထွက်လာမှန်းမသိ စစ်သားနှစ်ဆယ်ခန့်မှာ ကားလမ်းပေါ် တက်လာကြ၏။ အစိမ်းရောင်စစ်ကားကြီးများမှာ ဝန်စည်စလှယ်မပါ သည်အတိုင်း လူအလွတ်နှင့် ရွာထဲသို့ ဝင်လာကြလေသည်။ ကားတွေနှင့်အတူ ဖုံလုံးကြီးများက နောက်မှပါလာပြီး ကားလမ်းကိုပင် မမြင်ရတော့ချေ။ 


စစ်ကားတချို့မှာ ဆက်မမေါင်းဘဲ လမ်းပေါ်တွင်ရပ်၏။ နောက်မှပါလာသောစစ်ကားက လမ်းဖယ်ပေးဖို့ ဆဲဆိုအော်ဟစ်ရင်း ကျော်တက်သွားကြ၏။


အခုနက ကြားလိုက်ရသည့် မိုးချုန်းသံများမှာ အမှန်တကယ်တော့ စစ်ကားတန်း ဆင်းချလာသည့် ကားသံများ ဖြစ်သေည်။


ထိုစဉ်မှာပင် အိမ်ပေါ်သို့ ကာလသားခေါင်းဆောင် တက်လာ၏။ ကျနော့်ကိုအပြင်ထွက်လာဖို့ ခေါ်၏။ ဓါတ်ပုံရိုက်ရန်လည်း ကိုယ်ဟန်လက်ဟန်ဖြင့် အချက်ပြနေလေသည်။ ကျနော်လည်း သူ့ဘေးနားအသာသွားထိုင်ကာ စစ်သားများ စစ်ကားကြီးများကို ဖလင်မပါသောကင်မရာဖြင့် ဆယ်ပုံမျှ ရိုက်၏။


အိမ်ပေါ်ကို သူကြီးဦးကျောက်လုံး တက်လာပြန်သည်။ “ ကဲကဲ ဒီလောက်ဆို ခင်ဗျားလည်း ပုံတော်တော်ရပြီပေါ့၊ လာလာ ဒီကောင်တွေအလုပ်ရှုပ်နေတုန်း ကျုပ်တို့ ရွင်ပြင်ပြန်ထွက်မယ်”ဟုဆိုကာ ကျနော့်ဆီကလွယ်အိပ်ကိုယူ၏။ အိမ်ပေါ်က ဆင်း၏။ ကျနော်လည်း ကာလသားခေါင်းဆောင်ကိုပင် နှုတ်မဆက်အားပဲ အိမ်ပေါ်က အမြန်ဆင်းရ၏။


ကျနော်တို့နှစ်ယောက်က ဖင်တပြန်ခေါင်းတပြန်ဆောက်ထားသော အိမ်များကြား လူသွားလမ်းအတိုင်း သတိကြီးကြီးထားကာ လျှောက်လာကြ၏။ အိမ်ဆယ်လုံးမျှ ဖြတ်ကျော်လာခဲ့သောအခါ ရွာထိပ်ဆီက မိုင်းကွဲသံကြီး ထွက်ပေါ်လာလေသည်။ ခွေးဟောင်သီများ အော်ဟစ်သံများ တရွာလုံး ဆူညံသွားရ၏။ မိုင်းပေါက်ကွဲသံကြီး ထွက်ပေါ်လာစဉ်က 

ကျနော်တို့နှစ်ယောက် အလိုလို မြေကြီးပေါ် ဝပ်နေမိကြသေး၏။ 


“ လာလာ မြန်မြန်လာ၊၊ ကျုပ် လူတယောက်လွှတ်ပေးမယ်၊ သူနဲ့အတူရွာပြင်မှာ‌ေစာင့်‌ေနတဲ့ ဖါးတေးဆီကိုသာသွား၊ ဒီအချိန်မှာ ဒီကောင်တွေ ကျုပ်ကိုလိုက်ရှာနေမှာသေချာတယ်”ဟုဆိုကာ ဘုန်းကြီးကျောင်းဝင်းတခုထဲဝင်၏။ ဦးဇင်းတပါးအား ကရင်လို တစုံတရာပြောပြီး ကျနော့်လွယ်အိတ်ကလေး ပြန်ပေးကာ ကျနော့်ကို အပ်သွားလေသည်။ တိုဦးဇင်းနှင့်အတူ အခန်းတခုထဲ ထိုင်စောင့်နေစဉ် လူတယောက် ကျနော့်ကိုလာခေါ်၏။ ရွာပြင်ရောက်သောအခါ စိတ်ပူနေသော တပ်ကြပ်ကြီးဖါးတေးနှင့်အတူ မနေ့ညနေက ကျနော်တို့ကို ရွာပြင်ထွက်ကြိုသည့် ကရင်အဖိုးကြီးကို တွေ့ရ၏။


နာရီပိုင်းအတွင်း အဖြစ်အပျက်များမှာ ဆက်တိုက် ဖြစ်ပွားလာခဲ့သဖြင့် ကျနော့်မှာ ဘာဖြစ်လို့ ဖြစ်မှန်းမသိအောင် ထူပူရှုပ်ထွေးလျက် တပ်ကပ်ကြီးဖါးတေးနှင့် ကရင်အဖိုးကြီနောက်မှ ခတ်မြန်မြန်လိုက်လာခဲ့ရလေသည်။



ငြိမ်းဝေ

( အပိုင်း ၉ သို့ ဆက်လက်ဖတ်ရှုပါရန် )

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar