ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းအမှောင်ချမှု၊ AA နဲ့ တရုတ်နိုင်ငံကိုယ်စားလှယ် သီးခြားတွေ့ဆုံဖို့ရှိ
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၂၀ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၁ ၊ ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းအမှောင်ချမှု၊ AA နဲ့ တရုတ်နိုင်ငံကိုယ်စားလှယ် သီးခြားတွေ့ဆုံဖို့ရှိ
သင်္ကြန်အပြီး နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့် ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌ နဲ့ သမ္မတဟောင်း ဦးဝင်းမြင့်ကို လွတ်ငြိမ်းခွင့်ပေးလိုက်ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်မြောက်ရေး၊ ၄င်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သိရှိဖို့ တောင်းဆိုမှုတွေ အရှိန်မြင့်လာခဲ့တာတွေ့ရပါတယ်။
နှစ်ဆန်း ၁ ရက်နေ့မှာကတည်းက ပြည်တွင်းရှိ NLD ပါတီက ခေါင်းဆောင်အချို့က ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နဲ့ ပတ်သက်လို့ ထူးခြားမှုသတင်း တစုံတရာထွက်ပေါ်လာရင် အဆင်သင့်ဖြစ်နေစေဖို့ ရန်ကုန်ကနေ နေပြည်တော်ကို ကြိုတင် သွားရောက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့တော့ ဘာသတင်းအချက်အလက်မှ ထွက်ပေါ် ခဲ့တာ မရှိပေမယ့် သမ္မတဟောင်း ဦးဝင်းမြင့်ကို ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၀၁ အရ ပြစ်ဒဏ်ကြွေးအဖြစ် သတ်မှတ်ပြီး လွှတ်ပေးခဲ့တာကြောင့် လွတ်မြောက်တဲ့နေ့မှာပဲ NLD ပါတီခေါင်းဆောင်အချို့ ဦးဝင်းမြင့်နဲ့ တွေ့ဆုံနိုင်ခဲ့ကြပါတယ်။
စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာ သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြောင်းလဲလာနေပြီဆိုတဲ့ အမြင်မျိုးလိုချင်တာကြောင့် ဦးဝင်းမြင့်ကို လွှတ်ပေးခဲ့တယ်ဆိုတာ အငြင်းပွားစရာ မရှိတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။
ဦးဝင်းမြင့်ကို လွှတ်ပေးပြီးတဲ့အနေအထားကို ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးတဲ့ အခင်းအကျင်းမျိုးနဲ့ နိုင်ငံတကာက ရှုမြင်လာစေဖို့ လှည့်စားလိုတဲ့ ရည်ရွယ်ချက်လည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်လို့ အခု ကြေညာတဲ့ ပြစ်ဒဏ်လျော့ပေါ့ခွင့်မှာ နှစ်အနယ်းငယ် လျော့နည်းသွားတယ်ဆိုတဲ့ အကြောင်းကလွဲရင် ကျန်းမာရေး၊ ဘယ်နေရာမှာထားရှိတယ်ဆိုတဲ့ သတင်းအစအန တခုမျှ ထုတ်ပြန်ခြင်းမရှိတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ထောက်ခံကြတဲ့ မြန်မာလူထုနဲ့ နိုင်ငံတကာ အစိုးရတွေကို စိုးရိမ်မှု ဖြစ်ပေါ်စေတာလည်း ဖြစ်ပါတယ်။ အင်္ဂလန်မှာနေထိုင်တဲ့ သားဖြစ်သူကလည်း ၄င်းရဲ့ မိခင်နဲ့ ပတ်သက်လို့ ကျန်းမာစွာရှိ မရှိ သက်သေပြဖို့ အာဏာသိမ်းစစ်အစိုးရကို တောင်းဆိုခဲ့ပြီး အာဆီယံအလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ ရဲ့ နိုင်ငံခြားရေးဝန်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ အရေးကြီးကြောင်း လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှာသာ မြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ ပြည်တွင်းစစ် ပြဿနာတွေကို အဖြေရှာရာမှာ လမ်းစတခုဖြစ်လိမ့်မယ်လို့ ယူဆနေကြတာလည်း ဖြစ်ပါတယ်။
ဒီလို အနေအထားမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ နှိုးဆော်တဲ့ လှုပ်ရှားမှု တရပ် လူမှုကွန်ရက်တွေကနေ တဆင့် ပြန့်နှံ့လာတာလည်း တွေ့ရပါတယ်။
စစ်အာဏာသိမ်းမှု ဖြစ်ပွားချိန်မှာ အမြင့်ဆုံး တာဝန်ဖြစ်တဲ့ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူခဲ့သူ ဦးဝင်းမြင့် ကိုတောင် လွှတ်ပေးနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တခုတလေမျှ မထုတ်ပြန်ခြင်းက သံသယ ဝင်စရာအဖြစ်နဲ့ ထောက်ခံသူလူထုက စဥ်းစားလာကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ ဦးဝင်းမြင့်ကို လွှတ်ပေးပြီး NLD ပါတီခေါင်းဆောင်ပိုင်းကို NUG, PDF တွေကို မထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုလာစေမယ့် အခြေအနေမျိုးကို မျှော်လင့်နေတာလို့ ယူဆနိုင်ပါတယ်။ ဦးဝင်းမြင့်နဲ့ NLD ခေါင်းဆောင် အချို့တွေ့ဆုံမှုတွေကို တားဆီးခြင်း မရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဝေဖန်ပြောဆိုမှု၊ မှတ်ချက်ပေးမှုတွေကို ဆက်လက် လုပ်ဆောင်ခြင်း မပြုအောင် ဒေါက်တာမျိုးညွန့်ကို နာရီအတန်ကြာ ခေါ်ယူမေးမြန်းခဲ့တာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ ဆက်ပြီး မှတ်ချက်ပေးတာ ပြောဆိုတာတွေ မလုပ်ဖို့ တားဆီးလိုတဲ့ သဘော၊ ခြိမ်းခြောက်လိုတဲ့ သဘောလို့ ယူဆရပါတယ်။ လွတ်မြောက်လာတဲ့ ဦးဝင်းမြင့် အနေနဲ့လည်း NLD ပါတီရဲ့ NUG, PDF နဲ့ ပတ်သက်တဲ့ သဘောထားတွေကို လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုဖို့ ပြောပိုင်ခွင့် မရှိသေးသလို သူ့တဦးချင်းရဲ့ အမြင် သဘောထားမျှကိုပင်လျင် လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုလိုမှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ NUG, PDF ကို စည်းရုံးရေး၊ စစ်ရေး အားလျော့သွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲပြီး အစိုးရဖွဲ့စည်းအပြီး စွန့်စားမှု အနည်းငယ်ရှိတဲ့ ခြေလှမ်းတလှမ်းကို လှမ်းလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ NUG ရဲ့ ဥပဒေကြောင်း တည်ရှိပိုင်ခွင့်၊ အသိအမှတ်ပြုမှုကို လျော့ပါးသွားစေဖို့ ဦးဝင်းမြင့်ကို လွှတ်ပေးပြီး သူ့အနေနဲ့ လက်နက်ကိုင် လမ်းကြောင်းကို ထောက်ခံအားပေးခြင်း မရှိဘူးဆိုတဲ့ ပြောဆိုမှုမျိုးကို မျှော်လင့်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။
အခုလို အနေအထားမှာ ဦးဝင်းမြင့် အနေနဲ့ စစ်အာဏာရှင်တွေ ဘက်က လိုချင်တဲ့ ပြောဆိုမှုမျိုး မပြောဆိုမိအောင်၊ တဖက်က ဝါဒဖြန့်ချိဖို့ အကွက်ရစေမယ့် အဓိပ္ပါယ် ၂ ခွသက်ရောက်စေမယ့် ပြောဆိုမှုတွေ မဖြစ်ရအောင် အထူးသတိပြုနေရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာတခုက အာရက္ခတပ်တော် Arakan Army နဲ့ တရုတ်နိုင်ငံကိုယ်စားလှယ်တို့ မကြာခင် ရက်ပိုင်းအတွင်း သီးခြားစီတွေ့ဆုံဖို့ ရှိတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ သတင်းဖေါ်ပြမှုတွေအရ တရုတ်နိုင်ငံကိုယ်စားလှယ်တွေနဲ့ MNDAA, UWSA, SSPP/SSA တိုင်းရင်းသား လက်နက်ကိုင် ၃ဖွဲ့တို့ ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့က လားရှိုးမြို့မှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပြီး တရုတ်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းကြီးတခု ဖြစ်တဲ့ “ခေတ်သစ်ပိုးလမ်းမ” လို့ ခေါ်ဆိုတဲ့ စီမံကိန်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအရှေ့မြောက်ဒေသမှာ လှုပ်ရှားနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၃ဖွဲ့နဲ့ တွေ့ဆုံတဲ့ သဘောလို့ ဖေါ်ပြထားကြတာဖြစ်ပါတယ်။
ဒီခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာ မြန်မာနိုင်ငံနဲ့ တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်ကာ မြန်မာနိုင်ငံ အလယ်ပိုင်းကတဆင့် ရခိုင်ပြည်နယ် ကျောက်ဖြူထိဆက်သွယ်မယ့် ရထားလမ်း နဲ့ပတ်သက်ပြီး ဒီနယ်မြေတွေမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့နဲ့တွေ့ခဲ့တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
အလားတူပဲ တရုတ်နိုင်ငံ အနေနဲ့ လက်ရှိ ရခိုင်ပြည်နယ် ကျောက်ဖြူမှာ စစ်တပ်နဲ့ ရင်ဆိုင်တိုက်ခိုက်မှုဖြစ်ပွားနေတဲ့ AA လက်နက်ကိုင် အဖွဲ့နဲ့လည်း မတွေ့မဖြစ် တွေ့ဆုံဖို့လိုအပ်လာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်သလို တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နယ်မြေတွေရော မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အနောက်ဘက် ရခိုင်ပြည်နယ်အထိ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေခြင်းက တရုတ်နိုင်ငံအဖို့ ဒီအတားအဆီးဖြစ်နေတဲ့ အခြေအနေတွေကို ၄င်းလက်ထဲမှာ ရှိတဲ့ ဖဲချပ်တွေကို အသုံးပြုပြီး အဖြေရှာဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာ မြန်မာနိုင်ငံက ယူနန်ပြည်နယ်ကနေ ပင်လယ်ထွက်ပေါက် တခုဖြစ်လို့ အရေးပါသလို ရခိုင်ပြည်နယ်က ပင်လယ်ထွက်ပေါက်မှာ ဆိပ်ကမ်းဖြစ်နေတဲ့ အချက်၊ ရခိုင်ပြည်နယ်ထဲက ကုလားတန်မြစ်ကို အသုံးပြုပြီး အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက် ဒေသရဲ့ ပင်လယ်ထွက်ပေါက် မြစ်ကြောင်း သယ်ယူပို့ဆောင်ရေး စီမံကိန်းရှိနေခြင်းက ပိုပြီးအရေးပါတဲ့ ပထဝီအနေအထား ဖြစ်နေတာပါ။
ဒီအချက်တွေအပေါ်မူတည်ပြီး တရုတ်နိုင်ငံအနေနဲ့ AA ကို ဘယ်လို အပေးအယူလုပ်မလဲ၊ ဗဟို အစိုးရဖြစ်တဲ့ အာဏာသိမ်းစစ်အစိုးရနဲ့လည်း မျက်နှာမပျက်စေဘဲ AA နဲ့ ဆွေးနွေးညှိနှိုင်းမှု အပေးအယူ သဘောတူညီမှုတွေ ရှာဖွေနိုင်မလား ဆိုတဲ့အချက်တွေက စိတ်ဝင်စားစရာ အချက်တွေ ဖြစ်လာနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar