ငြိမ်းဝေ - ဒုံသမိချောင်းပေါ်က ကြယ်နီ ၁၁ (နိဂုံးပိုင်း)
ဒုံသမိချောင်းပေါ်က ကြယ်နီ ၁၁
(နိဂုံးပိုင်း)
၆၀ မမ လက်နက်ကြီးပစ်သံများအောက်က မိဆိုင်းတောင်ပေါ်ဘုရားပွဲ
ငြိမ်းဝေ
(မိုးမခ) ဧပြီ ၂၇၊ ၂၀၂၆
၁။
“
ဆရာငြိမ်း နောက်သုံးရက်လောက်ရှိရင် မိဆိုင်းဘုရားပွဲကို
ဗဟိုကလူကြီးတွေလာမယ်တဲ့ အဲဒါ မနက်ဖြန် မိဆိုင်းရွာ အရောက်ပြန်လာပါလို့
ပဒိုကိုလေး စက်နဲ့ပြောတယ် ”
“ သွားမယ်လေ ဖြစ်နိုင်ရင် ကနေ့ပဲ သွားကြမလား”
ကျနော်က သတင်းပေးသူ တပ်ကြပ်ကြီးဖါးတေးကို ခရီးအမြန်ထွက်ဖို့ ပြန်ပြောလိုက်၏။
ကျနော်က
မိဆိုင်းတောင်ဘုရားပွဲကို သတင်းကြားကတည်းက စိတ်ဝင်စား၏။
မိဆိုင်းတောင်ဘုရားမှာ သည်ဒေသ၌ ကျိုက်ထီးရိုးဘုရားပွဲပြီးလျင်
ဒုတိယအကျော်ကြားဆုံး ဖြစ်သည်ဟု ဆို၏။ အဆင်ပြေချင်တော့ ဦးကသေးဖိုးက
ကျနော်မှာထားသော ဖလင်တလိပ်ကို ကျောက်ဖြာရွာသူကြီးမှတဆင့် ယူလာပေးသဖြင့်
ကျနော့်မှာ ခရီးထွက်ဖို့ တက်ကြွနေ၏။
မနက် ရှစ်နာရီခန့်တွင် တပ်ကြပ်ကြီးဖါးတေး၊ ဦးကသေးဖိုးနှင့်ကျနော်တို့ နေပူကျဲတဲအောက်တွင်ပင် ခရီးပြင်း နှင်ခဲ့ကြ၏။
တပ်ကြပ်ကြီးဖါးတေးပြောသည့်
ပဒိုကိုလေးဆိုသူမှာ သထုံခရိုင် KNU အတွင်းရေးမှူးဖြစ်သည်။ ကျနော်နှင့်
သိကျွမ်းပြီး တွေ့ဖူးပြီသူဖြစ်သည်။ ပြီးတော့ ကျနော်၏ ဒုတိယအကြိမ် တပ်မဟာ ၁
ခရီးစဉ်အတွက် အင်တိုက်အားတိုက် အကူအညီပေးနေသူဖြစ်သည်။
မိဆိုင်းဘုရားပွဲပြီးသည့်အခါ
မာနယ်ပလောသို့ ကျနော်ပြန်မည်ဖြစ်သည်ကို ဦးကသေးဖိုးက သိနေ၏။ တချိန်လုံး
မျက်နှာ မကောင်းရှာပါ။ ခက်တာက သူက ဗမာစကားမပေါက်သဖြင့် သူ့ကို ကျနော်က
ဖြောင့်ဖျစကားပြောချင်သော်လည်း မပြောတတ်ပြန်။ ကျနော်လည်း
စိတ်မကောင်းဖြစ်ရ၏။
ဦးကသေးဖိုး၏တဲတွင်
လေးညတိတိ ကျနော်အိပ်ခဲ့ရ၏။ ကျောက်ဖြာရွာထိပ် မိုင်းပေါက်ပြီး
သဲထိတ်ရင်ဖိုဖွယ်နေ့ရက်များကို အတူတူဖြတ်ကျော်ခဲ့ကြသည်။ ရွှေကွယ်ရွာ
အရိုးကောက်ပွဲတွင် အတူတူ ပြေးကြလွှားကြရ၏။ ကျောက်ဖြာရွာ မိုင်းခွဲခံရမှု
အဖြစ်သနစ်အလုံးစုံကို တပ်ကြပ်ကြီးဖါးတေး ကြားခံစကားပြန်လုပ်ပြီး
ကျနော်တို့တတွေ ထပ်ကာတလဲလဲ ပြောကြဆိုကြ ငြင်းခုန်ခဲ့ကြ၏။ အမှန်မှာမူ
သူနှင့်ကျနော် တွေ့ဆုံချိန်မှာ နည်း၏။ သို့သော် တွေ့ဆုံရသည့်
အဖြစ်အပျက်များကမူ အင်မတန်စိတ်လှုပ်ရှားဖို့ ကောင်းခဲ့၏။ ထို့ကြောင့်
အခုလို ကျနော် ပြန်ရတော့မည်ကိုသိသောအခါ သူ့ခမျာ မျက်နှာမကောင်း ရှာတော့။
သို့နှင့် သူ့တဲတွင် မနေရစ်ခဲ့ဘဲ မိဆိုင်းဘုရားပွဲအထိ လိုက်မည်ဟုဆိုကာ
ကျနော်တို့နှင့်အတူ ပါလာခြင်းဖြစ်သည်။
ညနေလေးနာရီခန့်တွင်
မိဆိုင်းရွာထဲ ကျနော်တို့ ဝင်လာနိုင်ခဲ့ကြ၏။ ရွာထိပ်နှင့် ရွာထဲက လမ်းဘေး
သစ်ပင်ဟူသမျှတွင် မိဆိုင်းရွာဆရာတော်ဘုရား၏ ဘုရားပွဲနှင့်သက်ဆိုင်သော
ကြေညာချက်အမိန့်စာရွက်များ နေရာအနှံ့ကပ်ထားသည်ကို တွေ့လာရ၏။ ၁၁
ကြိမ်မြောက် မိဆိုင်းတောင်ပေါ်ဘုရား ဗုဒ္ဓပူဇနိယပွဲကို နှစ်ရက်တိတိ
ကျင်းပမည်ဖြစ်ကြောင်း၊ မော်လမြိုင်မှ နာမည်ကြီး ဇာတ်အဖွဲ့က
နှစ်ည ကပြမှာကြောင်း၊ ထူးခြားသည့်အချက်မှာ ယင်းပွဲတော်ရက် နှစ်ရက်အတွင်း
ပွဲဈေးခင်းနှစ်ညအတွင်း မည်သည့်အဖွဲ့အစည်းမျှ
ယူနီဖောင်းဖြင့်သော်လည်းကောင်း လက်နက်ကိုင်ဆောင်ပြီးသော်လည်းကောင်း မလာရဟု
ရေးထား၏။ သည်ဒေသတဝိုက်တွင် မိဆိုင်းတောင်ပေါ်ဘုရား ကျောင်းထိုင်ဆရာတော်မှာ
အင်မတန်ဩစာညောင်း၏။ ကျနော်က သစ်ပင်တွင်ကပ်ထားသည့် ဆရာတော်၏
အမိန့်ကြော်ညာစာရွက်တချို့ကို ဓါတ်ပုံရိုက်၏။ ဆရာတော်ဘုရား၏အမိန့်ဟု
အသေအချာ ရေးကပ်ထားသည့်အချက်မှာ ထိရောက်တိကျလှ၏။
အိမ်တအိမ်ရှေ့ရောက်တော့
အုန်းသီးများကို တပ်ကြပ်ကြီးဖါးတေးက မော့ကြည့်၏။ အိမ်ရှင်ကိုပြောကာ
ဦးကသေးဖိုးက အုန်းပင်ပေါ် ကျွမ်းကျင်စွာတက်ပြီး အုန်းသီးနှစ်လုံးခူး၏။
အောက်ရောက်တော့ ကျနော်တို့သုံးယောက် အုန်းသီးနုနုနှစ်လုံးကို စားကြ
အုန်ရေသောက်ကြ၏။ သို့သော် ဗိုက်က မပြည့်ချင်ကြ။ ထို့ကြောင့်
တခြားအိမ်တအိမ်ရှေ့ နေရာရွှေ့ကာ အုန်းသီးနှစ်လုံး ထပ်ခူးရ၏။
ကျနော်က
အုန်းသီးစားရင်း ကျနော်ကြားဖူးသည့်အကြောင်းတခု တွေးမိသည်။ KNU
စစ်သားများသည် ပိုင်ရှင်ထံခွင့်မတောင်းဘဲ အုန်းသီးမခူးရ၊ ခူးလျင်လည်း
တပင်ကို အုန်းသီးနှစ်လုံးထက် ပိုမခူးရဆိုသော စည်းကမ်းချက်ကို
လိုက်နာကြကြောင်း ကျနော်တွေးမိသွားခြင်း ဖြစ်သည်။ ထို့ပြင် တပ်မဟာ ၁
တပ်မဟာမှူးအပေါ် အောက်ခြေတပ်သားများက လေးစားမှုရှိကြသည့် အချက်တချက်ကိုလည်း
တဆက်တည်းတွေးမိ၏။
ကျနော်
မဲပလိရွာတွင် ခေတ္တဝင်ခိုနေစဉ်က KNU စစ်သားလေးတဦးနှင့် သိခဲ့ဖူး၏။ တနေ့တွင်
ထိုစစ်သားလေးက ကျနော့်ကို အင်မတန်ဝဖြိုးသော မြေကြွက်ကြီးတကောင် လာပေး၏။
ကျနော်ကအားနာပြီး “မင်းတို့ပဲ စားကြပါကွာ၊ ငါတေန့ကပဲ တေကာင်ရလို့
ကြော်စားပြီးပါပြီ“ဟု ငြင်းလိုက်၏။ အမှန်တကယ်တော့ ကျနော်က
ကြွက်သားအင်မတန်ကြိုက်သူဖြစ်၏။ ထိုအခါ KNU စစ်သားလေးပြောလိုက်သောစကားက
ကျနော့်ကို စိတ်ထဲစွဲသွားစေ၏။ “ ဟင့်အင်း ဆရာကြီးစားပါ၊ ဒီနေ့က
တပ်မဟာမှူးမွေးနေ့၊ ငါတို့ သပ်သပ်လွတ်ပဲစားတယ်”ဟူသော စကားက မမျှော်လင့်ဘဲ
ကျနော့်စိတ်ထဲ စွဲထင်ကျန်ရစ်စေလိုက်၏။ ထိုအခါကြမှ တပ်မဟာ ၁ KNU
စစ်သားများသည် တပ်မဟာမှူး၏မွေးနေ့တိုင်း အသက်သတ်လွတ် စားကြသည်ဟူသော
သတင်းစကားကို တွေးမိသွားခြင်းဖြစ်သည်။
ကျနော်တို့သုံးယောက်
ရွာပြင်ပြန်ထွက်ရပြန်သည်။ ဗဟိုမှလာကြမည့်အဖွဲ့နှင့် တပ်မဟာမှူးမှာ
မနက်ဖြန်ညနေကြမှ မိဆိုင်းတောင်ပေါ်ဘုရားဆီ ရောက်လာကြမည်ဟု စက်သတင်းကြောင့်
ရွာအပြင်ဘက် သင့်တော်ရာနေရာတွသွားင်အိပ်ရန် ဆုံးဖြတ်ကြခြင်း ဖြစ်သည်။
တောအုပ်ကလေးလိုဖြစ်နေသော
သရက်ပင်များကြားတွင် ညအိပ်ရန် နေရာရွေးလိုက်ကြ၏။ တပ်ကြပ်ကြီးဖါးတေးက
ကျနော်ငြင်းနေသည့်ကြားမှ ခါးဝက်မရှိတရှိသရက်ကိုင်းတွင် ကျနော့်အတွက်
စစ်ပခက်ဆွဲပေး၏။ သူနှင့် ဦးကသေးဖိုးက သရက်ပင်ခြေရင်းတွင်အိပ်ရန် စီစဉ်ကြ၏။
ကျနော်က အတန်တန်ငြင်းသော်လည်း သူတို့က လက်မခံကြ။ ပခက်ကလည်း တခုသာ ပါကြ၏။
လရောင်ကလည်း သရက်ပင်အုပ်ပေါ် ခြေချစပြုလာသေည်။
ည
ကိုးနာရီခန့်တွင် တပ်ကြပ်ကြီးဖါးတေးက လူသုံးလေးယောက်ကို သွားခေါ်လာ၏။
ထိုအထဲတွင် လက်နက်ကြီးကျည်ဆံ လက်မောင်းတွင် ထိမှန်ထားသည့်လူတယောက်နှင့်
တလိုင်းကရင်ရွာက ထွက်ပြေးလာသူတဦး ပါလာ၏။ သူတို့ကို ကျနော်နှင့်တွေ့ပေးရန်
ခေါ်လာပေးခြင်း ဖြစ်သည်။
လက်နက်ကြီးကျည်
ထိထားသူမှာ အသက် နှစ်ဆယ်ခန့်အရွယ် ကျုံထောင်ရွာသား ဖြစ်၏။ မနက်တုန်းက
အဖေါ်တချို့နှင့်အတူ ဘုရားပွဲသို့အလာ လမ်းတွင် နအဖစစ်သားများနှင့်
ပက်ပင်းတိုးသဖြင့် ထွက်ပြေးကြရကြောင်း၊ တော်တော်ဝေးကာမှ စစ်သားများက
လက်နက်ကြီးဖြင့်ပစ်ရာ ကံဆိုးစွာ လက်နက်ကြီးကျည်ဆံ
ထိမှန်ခံရခြင်းဖြစ်ကြောင်း သိရ၏။
ထိုသူမှာ
ဘယ်ဘက်လက်ကိုကွေးပြီး ပုဆိုးတထည်ဖြင့် လည်ပင်းတွင် သိုင်းထား၏။ ကျနော်က
ဓါတ်မီးဖြင့်ထိုးကြည့်သောအခါ အဝတ်များဖြင့်ပါတ်ထားသောလက်မောင်းမှာ
သွေးစို့နေသည်ကို တွေ့၏။ လက်မှာ အနည်းငယ်လှုပ်လို့ရသဖြင့်
လက်မောင်းအရိုးကို ကျည်မထိဟုတော့ ယူဆရ၏။ ထို့ပြင် ထိုသူမှာ
လက်မောင်းကနာနေသည့်တိုင် စကားကောင်းကောင်း ပြောနိုင်၏။
လူနာ၏အခြေအနေကိုကြည့်ကာ
အနီးဆုံး ဆေးရုံဆေးခန်းသွားပြဖို့ ကျနော်ပြောရ၏။ သို့သော် အကယ်၍
ဆေးရုံဆေးခန်းသွားပြလို့ စစ်တပ်ကသိသွားလျင် သူ့ကိုသတ်ပစ်မှာဖြစ်ကြောင်း
ထို့ကြောင့် ရွာကအရပ်ဆရာနှင့်သာ ပြမည်ဟု ဆို၏။ ထို့ပြင် ဘုရားပွဲ
ဇာတ်ပွံကိုတော့ အလွတ်မခံနိုင်ကြောင်း၊ ဇာတ်ပွဲကြည့်ပြီးမှ
ရွာပြန်မည့်အကြောင်း ကျနော့်ကို ပြော၏။
နောက်တယောက်မှာ
တလိုင်းကရင်ရွာမှ အသက် ၆၀ ခန့်အရွယ် အဘိုးအိုတယောက်ဖြစ်၏။ ထိုသူမှာ
မနက်ခတ်စောစော ဘုန်းကြီးကျောင်းကို ဆွမ်းသွားချက်သည်ဟု ဆိုသည်။ ထိုအချိန်
ကျောင်းဝင်းထဲတွင်တပ်စွဲထားသော နအဖစစ်သားထဲက စစ်သားနှစ်ယောက်
ကျောင်းပေါက်ဝတွင် အရက်ထိုင်သောက်နေသည်ကို အဝင်ကတည်းက တွေ့၏။ ဆွမ်းချက်ပြီး
ပြန်အထွက်အထိလည်း ထိုစစ်သားနှစ်ယောက် အရက်သောက်နေသည်ကို တွေ့၏။
ကျောင်းပေါက်ဝတွင် ဖိနပ်ချစီးနေစဉ် စစ်သားတယောက်က သူ့ကိုခေါ်ကာ
ဘာပြုလို့သူတို့နှစ်ယောက်ကို ခေါင်းငုံ့ပြီး အရိုအသေမပေးသလဲဟု ဒေါသဖြင့်
မေး၏။ အသွားရောအပြန် သူတို့ကို မခန့်လေးစားလုပ်သည်ဟုဆိုကာ
ရွာသားများရှေ့တွင် ထိုင်ထထုပ်ခိုင်း၏။ ထိုင်ထလုပ်ပြန်တော့လည်း
နားစွက်မဆွဲဟုဆိုကာ တုတ်ဖြင့်ရိုက်၏။ ရွာသားများရှေ့တွင်မို့ သူ့မှာ
ရှက်လည်းရှက်ရ၏။ ထို့ပြင် ရွာတွင်မနေရဲတော့သဖြင့် တောင်ပေါ်ဘုရား ဆရာ တော်ဘုရားထံလာနေရန် ရွာမှထွက်လာခဲ့ခြင်းဖြစ်ကြောင်း ကျနော့်ကိုရှင်းပြ၏။
သူတို့နှစ်ယောက်စလုံးနှင့် ပြောဆိုထားသည်များကို အသံဖမ်းက်ဖြင့်
ဖမ်းယူထားလိုက်သည်။ လာတွေ့သူများ ပြန်သွားကြသောအခါ ညဉ့်နက်လှပြီ ဖြစ်သည်။
ပခက်ပေါ်တက်ပြီး
အိပ်မည်အပြုတွင် ကက်ဆက်ဖြင့်ဖွင့်သော ကရင်သီချင်းသံ သဲ့သဲ့ကြရ၏။
ရွာအရှေ့ဘက် ပွဲဈေးခင်းဆီက သီချင်းသံဖြစ်မည်ဟု တပ်ကြပ်ကြီးဖါးတေးက
ပြောလေသည်။
၂။
ကျနော်တို့သုံးယောက်
တောင်ပေါ်စတက်တော့ မာနယ်ပလောဌာနချုပ်မှဧည့်သည်များ ယွန်းစလင်းချောင်း
ကျော်လာပြီဟု သိရ၏။ တောင်ပေါ်ဘုရားတက်ကြသော လူအုပ်မှာ ကက်ဆက်သံများ
ဆူညံလျက်ရှိ၏။ ထူးခြားသည်မှာ အုပ်စုလိုက် တောင်ပေါ်တက်ကြသူအားလုံး
ကလေးလူကြီးမကျန် မျက်နှာတွင် ပေါင်ဒါများ ဖွေးဖွေးဖြူအောင်သုပ်ထားကြ၏။
ထို့ပြင် လူပျိုလူရွယ် အမျိုးသားအမျိုးသမီးတိုင်းလိုလို ကရင်သီချင်းများကို
ကက်ဆက်ဖြင့် ဂုဏ်ယူဝံ့ကြွားစွာ ဖွင်လာကြ၏။
တောင်ပေါ်တက်သည့်လမ်းမှာ
ပြုပြင်ထားသဖြင့် လူလေးငါးယောက်မျှ တန်းစီတက်လို့ရသည်က များ၏။ ပြီး
တောင်တက်လမ်းအစအဆုံး ပြေပြစ်၏။ တတောင်ဆစ်ချိုး တောင်ကွေ့နေရာများတွင်
လူတိုင်းထိုင်နားလို့ရသည့် ဝါးတန်းလျားများ ထိုးထား၏။ ဈေးဆိုင်လေးများလည်း
ရှိ၏။ ထို့ပြင် လမ်းချိုးလမ်းကွေ့တိုင်လိုလို ကုသိုလ်ဖြစ်ရေအိုးစဉ်လေးများ
ရှိ၏။
တောင်ေပါ်တက်သည့်လူအုပ်မှာ
အဖွဲ့လိုက်တက်ကြသည်ဟု ထင်ရ၏။ သူ့လူအုပ်နှင့်သူ ဆယ်ယောက် ဆယ့်ငါးယောက်
စုတက်ကြဟန်တူ၏။ ထူးခြားချက်မှာ ငယ်ရွယ်သည့် ကာလသမီး ကာလသားတိုင်း
ကက်ဆက်ကိုယ်စီ ဆွဲလျက်ဖွင့်လျက်တက်ကြသည်ကို တွေ့ရ၏။
တောင်ပေါ်စတက်လို့
မိနစ်နှစ်ဆယ်ခန့်ရှိသောအခါ တပ်ကြပ်ကြီးဖါးတေးက လူသွားလမ်းခွဲတခုတွင်
လမ်းခွဲပြီး ကျန်နေခဲ့၏။ သူက တောင်ခါးလည်တနေရာက စခန်းတခုဆီ သွားရမည်
ဖြစ်သည်။ သူ့မှာ ကာဘိုင်သေနတ်ပါနေသဖြင့် အခုလို ဘုရားပွဲနေ့တွင်
လက်နက်ကိုင်ပြီး တောင်ပေါ်တက်လို့မရသဖြင့် လမ်းခွတ်လပ်တွင် နေခဲ့ရခြင်း
ဖြစ်သည်။ ကျနော်နှင့် ဦးကသေးဖိုး နှစ်ယောက်တည်းသာ တောင်ပေါ် ဆက်တက်ကြ၏။
နေ့လည်
နှစ်နာရီခန့်တွင် ကျနော်တို့နှစ်ယောက် တောင်ပေါ်ဘုရား
ရင်ပြင်ဆီရောက်လာကြ၏။ အံ့ဩဖို့လည်းကောင်း ပျော်ဖို့လည်းကောင်းသည်မှာ
တောင်ထိပ်တွင် မာနယ်ပလောမှ အထူးဧည်သည်များ ကျနော်တို့ထက်အရင်
ရောက်နှင့်နေကြပြီဖြစ်သည်။ အားလုံးလိုလို
သိကျွမ်းရင်းနီးကြသူများဖြစ်သဖြင့် ကျနော့်ကိုတွေ့တော့ ဝမ်းသာအားရ
ကြိုဆိုနှုဆက်ကြ၏။
မာနယ်ပလော
ဗဟိုဌာနချုပ်မှ ရောက်လာသောအဖွဲ့မှာ KNU တခုတည်းမဟုတ်။
မဟာမိတ်အဖွဲ့ပေါင်းစုံ ဖြစ်သည်။ KNU နိုင်ငံခြားရေးတာဝန်ခံ ဒေါက်တာမာတာက
ခေါင်းဆောင်လာခြင်းဖြစ်သည်။ NLD L.A မှ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်
အဘဦးမြင့်အောင်လည်းပါ၏။ ပိုပြီးဝမ်းသာရသည်မှာ DVB မှ
ရွှေဗဟိုစည်စတူဒီယိုတာဝန်ခံ ကိုစိုးဟန် ပါလာခြင်းဖြစ်သည်။ ကိုစိုးဟန်က
ပဒိုကိုလေးနှင့်အတူ ကျနော့်ကို လာတွေ့၏။ တွေ့တွေ့ချင်း ကျနော့်၏ တပ်မဟာ ၁
ခရီးစဉ်အပေါ် ချီးကျူးကား ဆို၏။ ခရီးစရိတ် မဆိုစလောက် ပေးခဲ့မိခြင်အတွက်
တောင်းပန်ကြောင်းလည်း ပြော၏။ နောက်ထပ်ပြီး ခရီးစရိတ် ဘတ်တထောင်လည်း
ထုတ်ပေးလေတော့သည်။
ကျနော်က
ဘတ်ငါးရာပဲ ယူထားလိုက်၏။ ကျနော်၏ တပ်မဟာ ၁ ခရီးစဉ်မှာလည်း
ပြီးဆုံးတော့မည်ဖြစ်ကြောင်း ပြောပြရ၏။ ကျနော်၏ တပ်မဟာ ၁ ခရီးစဉ်အပေါ်
နယ်မြေတာဝန်ရှိသူများက ကြေနပ်အားရနေကြကြောင်း ကိုစိုးဟန်က တဖွဖွပြောလေသည်။
ဒေါက်တာမာတာက
မိဆိုင်းတောင်ပေါ်ဘုရား ကျောင်းထိုင်ဆရာတော်ဘုရားထံ လှူဖွယ်ဝတ္ထုများ KNU
ကိုယ်စား လှူဒါန်းသည်ဟု သိရ၏။ ထိုအချိန်က တပ်မဟာ ၁ နယ်မြေတွင်
ဘာသာရေးနှင့်ပါတ်သက်သော အထင်အမြင်လွဲမှားမှုများ စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။
KNU ဗဟိုမှ အခုလို ကွင်းဆင်းပြီး ဘာသာရေးခေါင်းဆောင်များနှင့်ထိတွေ့သည်မှာ
ကောင်းသည်ဟု ကျနော်မြင်၏။
ထိုညက
တောင်ပေါ်ဘုရားတဝိုက်တွင် လူပရိသတ်နှင့် နေရာထိုင်ခင်းက မမျှတသဖြင့်
အိပ်စရာနေရာ အခက်အခဲ ဖြစ်ကြရ၏။ မြေနေရာကလည်း တော်တော်ကျဉ်း၏။
ဘုရားပွဲပရိတ်သတ်အပြင် ဧည့်ပရိတ်သတ်ကလည်း ရှိသဖြင့် လူသွားလမ်းမကျန်
ဖြစ်သလို နေရာယူအိပ်ကြရလေသည်။
၃။
မာနယ်ပလော ဗဟိုဌာနချုပ်အဖွဲ့က လုံခြုံရေးအခြေအနေကြောင့် တောင်ပေါ်တွင်တညတည်းအိပ်ကာ ပြန်ဆင်းသွားကြလေသည်။
ကျနော်နှင့်
ဦးကသေးဖိုးကမူ တပ်မဟာမှူး ဗိုလ်မှူးချုပ်ကျော်လင်း၊ ခရိုင်အတွင်းရေးမှူး
ပဒိုကိုလေးတို့နှင့်အတူ မိဆိုင်းတောင်ခါးလည်တနေရာက ယာယီစခန်းဆီ
လိုက်လာခဲ့ကြ၏။ ဗဟိုအဖွဲ့ပြန်သွားသည့်တိုင် ကျနော်က လိုက်မပြန်ဘဲ
ဘုရားပွဲပြီးမှပြန်ရန် ဆုံးဖြတ်ခဲ့၏။
ယာယီစခန်းကိုရောက်တော့ တပ်ကြပ်ကြီးဖါးတေး ရှိနေသည်ကိုတွေ့ရ၏။
ယာယီစခန်းမှာ
မိဆိုင်းတောင်ခြေ မိဆိုင်းရွာဘက်အခြမ်း တောင်၏ခါးလည်တနေရာတွင် ဖြစ်သည်။
တပ်မဟာမှူးနှင့် ပဒိုကိုလေးက အနည်းငယ် အခိုင်အခန့်ဆောက်ထားသောတဲတွင် နေကြ၏။
ကျနော်နှင့် ဦးကသေးဖိုးက လူနှစ်ဆယ်မျှ ချောင်ချောင်ချိချိ
တန်းစီပြီးအိပ်လို့ရသည့် ဝါးအဆောင်သစ်တွင် သွားနေကြ၏။ ကျနော်တို့အဆောင်တွင်
တပ်မဟာမှူး၏ရဲဘော်တချို့နှင့် ဆက်သွယ်ရေးစက်အဖွဲ့ ရဲဘော်များ လာနေကြ၏။
ဘားတိုက်လို
အဆောင်သစ်မှာ မာနယ်ပလော ဗဟိုဌာနချုပ်မှဧည့်သည်များရောက်လာလျင်
ယာယီနေထိုင်ဖို့ အရေးပေါ်ဆောက်ထားသော ဘားတိုက်ဖြစ်သည်ဟု သိရ၏။
ဘားတိုက်နှင့် ကိုက်ငါးဆယ်မျှအကွာတွင် ရေတံခွန်သဖွယ်
တောင်ကျစမ်းချောင်းကလေးတခု ရှိ၏။
ယာယီစခန်းကိုရောက်ပြီး
ပွဲကသည့်ပထမည ကျနော် သွားမကြည့်ဖြစ်ပါ။ တပ်မဟာမှူး၊ ပဒိုကိုလေးတို့နှင့်
တွေ့တုန်းတွေ့ခိုက် စကားပြောချင်သဖြင်း သွားမကြည့်ခြင်း ဖြစ်သည်။ ပထမ ပွဲညက
လူတော်တော်စည်သည်ဟု သိရ၏။ တပ်ကြပ်ကြီးဖါးတေးနှင့် ဦးကသေးဖိုးတို့ကတော့
ပွဲသွားကြည့်ကြ၏။ စခန်းကို မိုးလင်းမှ ပြန်တက်လာကြ၏။
တပ်မဟာမှူး၏
ယာယီစခန်းလေးမှာ မိဆိုင်းတောင် အနောက်ဘက်အခြမ်း တောင်၏ခါးလည်လောက်တွင်
ဖြစ်သည်။ သစ်ပင်များထူထပ်သဖြင့် ယာယီစခန်းကို ဝှက်ထားပေးသလိုပင် ဖြစ်၏။
တပ်မဟာမှူးနှင့်
ပဒိုကိုလေးတို့ကလည်း ကျနော်နှင့် စကားပြောချင်နေကြသည်ဟုသိရတော့ ပထမည
ပွဲသွားမကြည့်ရန်ဆုံးဖြတ်ချက်မှာ မှန်သည်ဟု ပြောရပါမည်။
တပ်မဟာမှူး
ဗိုလ်ချုပ်ကျော်လင်း၊ ပဒိုကိုလေးနှင့် ကျနော်တို့၏စကားဝိုင်းမှာ
အချိန်တော်တော်ကြာ၏။ ကျောက်ဖြာရွာ မိုင်းကွဲသည့်အဖြစ်ကို တပ်မဟာမှူးက
ထင်မြင်ချက်အများကြီးဖြင့် ပြောပြ၏။ ကျနော်နှင့် ပဒိုကိုလေးတို့ကလည်း
တပ်မဟာမှူး၏အမြင်ကို သဘောတူကြ၏။ ကျောက်ဖြာရွာ မိုင်းကွဲမှုမှာ ရန်သူက
သူ့တပ်ကိုသူ မိုင်းပြန်ထောင်ပြီး နောက်တန်းပြန်ကာနီး
စီးပွါးရှာသွားခြင်းသာဖြစ်သည်ကို အားလုံးသဘောတူကြ၏။
သည်ကြားထဲ
ပဒိုကိုလေးက ကျနော့်ကို မာနယ်မပြန်ဖို့ တောင်းဆိုသေး၏။ တပ်မဟာ ၁ တွင်ပင်
သူတို့နှင့်အတူနေပြီး ကရင်လူငယ်တွေကို သတင်းထောက်သင်တန်းပေးဖို့ ပြော၏။
ကျနော်က လောလောဆယ်တွင် ဘယ်နည်းနှင့်မျှ မဖြစ်နိုင်သေးကြောင်း ရှင်းပြပြီး
ငြင်းရ၏။
တပ်မဟာမှူးက သု့ဘဝ
သူ့တော်လှန်ရေးသမား အတွေ့အကြုံများကို ပြောပြသည့်အခါ မကြာခဏ
ရယ်စရာအရွှန်းဖေါက်ပြီးလည်း ပြောတတ်၏။ ဥပမာ သူငယ်စဉ်က မထင်မှတ်ဘဲ
ရန်သူအဝိုင်းခံထားရစဉ် သစ်ပင်ပေါ် ကိုယ်တုံးလုံးနှင့်
တက်ပြေးပုန်းခဲ့ဖူးကြောင်း၊ ချေးသေး သည်အတိုင်း စွန့်ရကြောင်း နှစ်ရက်ကျော်
ထမင်းငတ်ခဲ့ရကြောင်း ရယ်စရာဖေါက်ပြီး ပြော၏။ ထို့ပြင် ကျနော့်ဆီက
ငှါးဖတ်သော မောင်ပေါ်ထွန်းရေးသည့် “မော်စီတုံး”အကြောင်းစာအုပ်ကို
ပြန်ပေးရင်း “ဘယ်လိုလဲကိုငြိမ်းဝေရဲ့ KNU တွေကြားလာနေပြီး
ကွန်မြူနစ်စာအုပ်ကြီးကိုင်နေပါလားဗျ” ဟု တဟားဟားရယ်ရင်း နောက်ပြောင်၏။
ထို့နောက် “ အင်း ဒီစာအုပ်ဖတ်တော့မှ ကျနော်တို့လည်း တော်လှန်ရေးကို
အစကပြန်လုပ်ရမလို ဖြစ်နေပါ့လားဗျ”လို့လည်း ရယ်မော ပြီးပြော၏။
ပြီးတော့
“ ခင်ဗျား မာနယ်ပလောပြန်ရောက်ရင် ကျုပ်ရဲဘော် ေခြရာတတောင်
မောင်ရဲခေါင်အတွက် စပါယ်ရှယ်ဖိနပ်တရံ ထိုင်းဘက်ကဝယ်ပြီး
ပို့ပေးစမ်ပါဗျာ”ဟူ၍လည်း ပြောသေး၏။ သူပြောသည့် သူ့ရဲဘော် ခြေရာတတောင်
မောင်ရဲခေါင်ဆိုသူမှာ တပ်ကြပ်ကြီးဖါးတေးကို ရည်ညွှန်းခြင်းဖြစ်၏။
တပ်ကြပ်ကြီးကလည်း ခြေဖဝါးတော်တော်ကျယ် တော်တော်ရှည်၏။ တပ်ကြပ်ကြီးက
ဖါးတေးကမူ။ ဖိနပ်စီးလေ့မရှိပါ။ သူ့ခြေဖဝါးများမှာ တော်ရုံတန်ရုံစူး
မထိုးဖေါက်နိုင်ပါ။ တော်တော်ထူ တော်တော်ကြမ်း၏။
သည်ကြားထဲ
ဗုဒ္ဓဘာသာဝင် နယ်မြေလူထုအပေါ် ရန်သူက ဘာသာရေးရန်တိုက်ပေးဖို့
ဗုဒ္ဓဘာသာရဟန်းတော်များကို အသုံးချဖို့ကြိုးစားလာသည်ဟု ပြောသေး၏။
ထို့ပြင် အောင်သိဒ္ဒိလမ်းမကြီးဟုခေါ်သော နွေရာသီအသုံးပြုကားလမ်းကို ရန်သူက
ဗုဒ္ဓဘာသာရဟန်းတော်များကိုစည်းရုံးကာ
ရာသီမရွေးသွားလို့ရသည့်ကားလမ်းဖြစ်အောင် တွန်းအားပေးနေကြောင်း၊ KNU
အနေဖြင့် ရဟန်းတော်များပါလာသဖြင့် သတိကြီးစွာထား ကိုင်တွယ်နေရကြောင်း
ပြော၏။
ကျနော်တို့၏စကားဝိုင်းမှာ ည
နှစ်နာရီထိုးမှပဲ နိဂုံးချုပ်နိုင်၏။ ကျနော်ကလည်း တပ်မဟာမှူးအပါအဝင်
တပ်မဟာ၁ နယ်မြေ တာဝန်ရှိသူများက ကျနော့်ကို ကူညီကြ
စောင့်ရှောက်ပေးခဲ့ကြသည့်အတွက် တသက်မမေ့နိုင်ကြောင်း ကျေးဇူးတင်ပါကြောင်း
ပြောခဲ့၏။
၄။
ညနေ
နေဝင်ရီတရောအချိန်တွင် ပဒိုကိုလေးခေါင်းဆောင်ပြီး တောင်အောက်ကို
ကျနော်တို့ ဆင်းခဲ့ကြသည်။ ခရိုင်အတွင်းရေးမှူး ပဒိုလာဘ၊
ရဲဘော်လေးယောက်နှင့်ကျနော်တို့ ပွဲဈေးခင်း ဆင်းကြည့်ကြမည်ဖြစ်သည်။
တပ်ကြပ်ကြီးဖါးတေးနှင့်
ဦးကသေးဖိုးတို့ကမူ ပထမနေ့ညက ပွဲဆင်းကြည့်ကြပြီးဖြစ်သည့်အပြင်
တပ်မဟာမှူးနှင့် နယ်မြေအခြေအနေတချို့ တင်ပြစရာရှိသဖြင့် ယနေ့ညတော့
ယာယီစခန်းတွင်ပင် နေခဲ့ကြ၏။ အတူပါလာသည့် ရဲဘော်လေးများက အကုန်လုံး
အရပ်ဝတ်နှင့်ဖြစ်ကြပြီး သေနတ်များကို ပုဆိုးများ စေါင်များဖြင့်ပါတ်ပြီး
ယူလာခဲ့ကြ၏။
ပဒိုကိုလေးက ရွာထဲ
ဘုန်းတော်ကြီးကျောင်းကို အရင်သွား၏။ ကျောင်းထိုင်ဆရာတော်မှာ
တောင်ပေါ်ကျောင်းဆရာတော်ပင် ဖြစ်ပြီး၊ ဆရာတော်က တောင်ပေါ်ကျောင်းတွင်
အနေနည်းပြီး ရွာလည်ကကျောင်းတွင်ပင် အနေများ၏။ သက်တော်
ခွန်နှစ်ဆယ်နားနီးပြီဖြစ်သဖြင့် တောင်အဆင်းအတက် သိတ်မလုပ်နိုင်တော့ချေ။
မနေ့က မာနယ်ပလောဗဟိုဧည့်သည်မျာကို တောင်ပေါ်တွင်လက်ခံတွေ့ဆုံပြီး
ညနေပိုင်း၌ တောင်ပေါ်က ပြန်ဆင်းခဲ့၏။ ညတွင်ကျင်ပမည့် ဇာတ်ပွဲအတွက်
ဆရာတော်ဘုရားမှာ ရွာကျောင်းမှာပင် အချိန်ပြည့်နေဖို့ စဉ်းစားထားဟန်တူ၏။
ကျနော်တို့လူစု
ကျောင်းဝင်းထဲ၀င်တော့ နေရောင်ပျောက်ပြီ ဖြစ်သည်။ သို့သော် လထွက်စောသဖြင့်
လမ်းများ အိမ်များကို ကောင်းကောင်းမြင်နေရသေး၏။
ရွာပြင်ဘက်
ဇာတ်ပွဲရှိရာကွင်းဘက်က ဓါတ်စက်သံ ကက်စက်သံကို ကြားနေရ၏။ ယခုအချိန်တွင်
ရွာခံများသာမက နီးစပ်ရာရွာများမှ ပွဲကြည့်လာသူများပါ သွားကြလာနေကြသဖြင့်
ရွာလည်လမ်းတွင် လူတွေ အုပ်စုလိုက်တွေ့ရ၏။
ကျောင်းပေါ်ရောက်တော့
ဘုရားကန်တော့်ပြီး ဆရာတော်ဘုရားကို ကျနော်နှုတ်ဆက်၏။ ဆရာတော်ဘုရားနှင့်က
တောင်ပေါ်ဘုရားတွင် တွေ့ခဲ့သိခဲ့ပြီး ဖြစ်သည်။ ကျောင်းပေါ်တွင်
အလင်းရောင်က သိတ်မရှိ။ ဘက်ထရီနှင့်ထွန်းထားသော မီးသီးတလုံးသာ ရှိ၏။ တခြား
ရွာသူရွာသားများလည်း တယောက်မျှ မတွေ့ရ။
ပဒိုကိုလေးက
ဆရာတော်ဘုရားအနားတွင်ထိုင်နေသောလူတယောက်နှင့် ကျနော့်ကို မိတ်ဆက်ပေး၏။
ထိုသူမှာ အသားညိုညို ခန္ဓာကိုယ်တုတ်ခိုင်ဟန် ရှိ၏။ ဘားအံမြို့နယ် KNU
စစ်ရေးတာဝန်ခံ ဗိုလ်အေးမောင်ဟု သိရ၏။ ဗိုလ်အေးမောင်ကလည်း ကျနော့်ကို
တွေ့ချင်နေတာပါဟု ပြုံးလျက်နှုတ်ဆက်၏။ ကျနော့်သတင်းများကို ကြားနေရသော်လည်း
လူချင်းအခုမှတွေ့ရခြင်ဖြစ်ကြောင်း ပြော၏။ ထို့နောက်
ဗိုလ်အေးမောင်နှင့်ကျနော် ပွဲဈေးခင်းဘက် အတူတူထွက်လာခဲ့ကြ၏။ ဗီုလ်အေးမောင်က
အရပ်ဝတ်နှင့်ဖြစ်၏။ ကျနော့်အထင် သူလွယ်ထားသောလွယ်အိတ်ထဲ၌
သေနတ်အတိုတလက်တော့ ရှိနေမည်ဟု ကျနော်ထင်၏။ ပဒိုကိုလေးကမူ
ဆရာတော်ဘုရားနှင့်အတူကျန်နေခဲ့ပြီး ကျန်ရဲဘော်များကမူ
ဘယ်ပျောက်ကုန်မှန်းမသိ။ ပွဲဈေးခင်းဆီ ရောက်ကုန်ကြဟန်တူ၏။
ဗိုလ်အေးမောင်က
ကျနော့်ကို ပွဲခင်းပြန်ကြားရေးမဏ္ဍပ်ဆီ ခေါ်လာ၏။ မဏ္ဍပ်ထဲကလူများက
ဗိုလ်အေးမောင်ကိုမြင်တော့ အားလုံးထရပ်ပြီး ကြိုကြ၏။ ဗိုလ်အေးမောင်က
ကရင်လိုပြောတော့ မဏ္ဍပ်ထဲကလူတွေအားလုံး ကျနော့်ကို ဝိုင်းကြည့်ကြ၏။
ခေါင်းကို တံဘက်တထည်ဖြင့်ပေါင်းထားသ ည့်လူတယောက်က ကျနော့်ကို ပြုံးရွှင်စွာ
လက်ဆွဲနှုတ်ဆက်၏။ ပွဲကြည့်ရင်းက ခဏတဖြုတ်အနားယူချင်လျင် ပြန်ကြားရေးမှာ
လာနားလို့ရကြောင်းလည်း ဗမာလိုပင်ပြော၏။
ပွဲခင်းမှာ
ရွာနှင့်မနီးမဝေး လယ်ကွက်ထဲတွင် ရှိ၏။ ဇာတ်ခုံရှေ့တဝိုက်တွင်
မီးစက်မီးရောင်များ လင်းထိန်လျက်။ လူပရိတ်သတ်မှာ လူတထောင်ဝန်းကျင်တော့
ရှိမည်ဟု ကျနော်ထင်၏။ ဗိုလ်အေးမောင်နှင့်ကျနော်တို့နှစ်ယောက် မဏ္ဍပ်ထဲက
မထွက်ခင်မှာပင် ဇာတ်ပွဲလည်း စလေသည်။
ဇာတ်အဖွဲ့မှာ
မော်လမြိုင်မှ ငှါးလာရသည့် နာမ ည်ကြီးကရင်ဇာတ်အဖွဲ့ဖြစ်သည်ဟု ဆိုသည်။
ဇာတ်ခုံပေါ်က အခင်းအကျင်းများကလည်း တော်တော်လေး လှပခမ်းနား၏။ ဆိုင်းအဖွဲကမူ
ဇာတ်စင်ရှေ့ ဒေါင့်မကျတကျတွင် နေရာယူထား၏။ ကျနော်နှင့် ဗိုလ်အေးမောင်က
ပွဲခင်းလူအုပ်ကြီးကိုကွေ့ကာ ဈေးဆိုင်တန်းတွေဆီ လျှောက်လာခဲ့ကြ၏။
ဈေးဆိုင်တန်းတွင် ဈေးသယ်မျိုးစုံ ဆိုင်နှစ်ဆယ်မျှ ရှိပြီး
မီးတွေထိန်လင်းနေ၏။
မုန့်ဟင်းခါးဆိုင်တဆိုင်ရှေ့တွင်
ဆိုင်ထဲမှ အမျိုးသမီးတဦးထွက်လာပြီး နှုတ်ဆက်၏။ ထိုအမျိုးသမီးက
ဗိုလ်အေးေမာင်နှင့် အသိဖြစ်ဟန်တူ၏။ ထိုအခါကြမှ ကျနော်ကလည်း ဗိုက်လည်းဆာ
မုန့်ဟင်းခါးလည်း ဆာသဖြင့် မုန့်ဟင်းခါးဆိုင်ထဲ ဝင်လာလိုက်၏။
မုန့်ဟင်းခါးဆိုင်မှာ ထိုင်စရာ တန်းလျားတခုသာ ရှိ၏။ ဗိုအေးမောင်ကမူ
မုန့်ဟင်းခါး မစား။ ဆိုင်ရှင်ကို ကရင်လိုတခွန်းနှစ်ခွန်းပြော၏။ ပြီးတော့
ခဏနေပြန်လာမည့်အကြောင်း ကျနော့်ကိုပြောပြီး ဆိုင်ထဲက ပြန်ထွက်သွားလေသည်။
မုန့်ဟင်းခါးထိုင်စားလို့မှ
တပန်းကန်မကုန်ခင် ဗိုလ်အေးမောင် ပြန်ရောက်လာ၏။ ပြီးတော့ ကျနော့်အနားကပ်ကာ “
ပဒိုကိုလေးက အမြန်ပြနမလာဖို့ ခေါ်နေကြောင်း ပြော၏။ ကျနော်လည်း
အိန္ဒြေမပျက် တဇွန်းနှစ်ဇွန်းစားပြီး ဆိုင်ထဲက ထွက်ရလေတော့သည်။
ဆိုင်မပြင်ဘက်ရောက်ကာမှ မုန့်ဟင်းဖိုးပေးဖို့သတိရပြီး ဆိုင်ထဲ
ပြန်ဝင်ရပြန်သည်။ ထိုအခါ သူပေးထားပြီးဖြစ်ကြောင်း ဗိုလ်အေးမောင်ကပြောပြီး
ကျနော်တို့နှစ်ယောက်စလုံး ဘုန်းကြီးကျောင်းဆီ ထွက်ခဲ့ကြလေသည်။
ကျောင်းပေါ်တွင်
မီးခွက်ကလေးတခွက်သာ ထွန်းထား၏။ မီးခွက်ဘေးတွင် ဆရာတော်ဘုရားနှင့်
ခရိုင်အတွင်းရေးမှူး ပဒိုကိုလေးကို တွေ့ရ၏။ ပဒိုကိုလေးက ကျနော့်ကို
စာရွက်တရွက်ပေး၏။ ကျနော်က မီးခွက်မီးရောင်ဖြင့် စာရွက်ပေါ်ကစာကို
ဖတ်ရလေသည်။
စာမှာ နအဖစစ်တပ်
တပ်ခွဲတခု တပ်ခွဲမှူးလက်မှတ်ထိုးထားသော စာဖြစ်သည်။ တပ်ခွဲ၏ဆီးတိယံဆိပ်လည်း
ရိုက်ထား၏။ စာက ဆရာတော်ဘုရားထံ လိပ်မူပြီး ရေးထားသော စာဖြစ်သည်။ စာမှာ
ရှည်ရှည်ဝေးဝေးတော့ ရေးမထား။ စာ၏ အဓိကဆိုလိုရင်းအချက်မှာ “
တပည့်တော်တို့အနေဖြင့်လည်း ဘုရားပွဲ ပွဲဈေးခင်းကို လာချင်ပါကြောင်းနှင့်
ဆရာတော်အနေနှင့် သူတို့ကို လာလည်ပါရန် ဘိတ်စာရေး အကြောင်းပြန်ပါရန် ”
ဆက်သားဖြင့် စာရေးပို့ထားခြင်း ဖြစ်သည်။
စာဆုံးအောင်ဖတ်ပြီးသောအခါ
ကျနော့်မှာ မည်သည့်စကား ပြောရမည်မသိအောင် ငြိမ်နေမိ၏။ သည်ကိစ္စ
သည်ပြသနာမှာ ကျနော်လို သာမာန်ပုဂ္ဂိုလ်ဧည့်သည်တဦးအနေဖြင့်
ထင်မြင်ချက်ပေးစွမ်းနိုင်သည့်ကိစ္စ မဟုတ်။
ရှည်ရှည်ဝေးဝေး
တိုင်ပင်ဆွေးနွေးရန်ကလည်း မဖြစ်။ ဆရာတော်ဘုရားအနေဖြင့် သူတို့ကို
စာရေးဘိတ်ခေါ်ဖို့ကလည်း မဖြစ်။ မဘိတ်ခေါ်လည်း သူတို့က လာချင်လျင် လာကြမည်
ဖြစ်သည်။ ဘိတ်ခေါ်လို့လာသည်ဖြစ်ပစေ မဘိတ်ခေါ်ဘဲ လာသည်ဖြစ်ပစေ သူတို့က
လာလျင် သည်အတိုင်းလာမည် မဟုတ်။ လက်နက်အပြည့်အစုံနှင့်သာ လာကြမည်ဖြစ်သည်။
အကယ်၍ သူတို့ရောက်လာလျင် ပွဲကတော့ ပျက်မည်အမှန် ဖြစ်သည်။ ထို့ကြောင့်
ဆရာတော်အနေဖြင့် ဘိတ်စာပြန်မပို့ဘဲ သည်အတိုင်း သတိဝီရိယဖြင့်သာ
စေါင့်ကြည်ကြရမည်ဖြစ်ကြောင်း ပဒိုကိုလေးက ဆုံးဖြတ်လေသည်။
ချက်ချင်းဆိုသလို
ဗိုလ်အေးမောင်နှင့်ကျနော် ပွဲခင်းဘက် ပြန်ရောက်လာကြ၏။ဗိုလ်အေးမောင်က
ကျောင်းဝင်းထဲမှာကတည်းက လမ်းလျှောက်စကားဖြင့် စကားတွေပြောလာခဲ့၏။
ကျနော်တို့နှစ်ယောက်
ပွဲခင်းဆီပြန်ရောက်တော့ ဇာတ်ပွဲမှာ အရှိန်တော်တော် ရနေပြီဖြစ်သည်။
ပရိတ်သတ်မှာ ဇာတ်ခုံပေါ်ကလူပျက်များ၏ ပျက်လုံးများကြောင့် ဝက်ဝက်ကွဲမျှ
ရယ်မောသဘောကျနေကြ၏။ လူပျက်များ၏ ရယ်စရာပျက်လုံးများကြောင့်
ပွဲခင်းပရိတ်သတ်က ရယ်မောနေကြခြင်းဆိုသည်ကိုတော့ ကျနော်သိ၏။ သို့သော်
ဗမာလိုမဟုတ်ဘဲ ကရင်လိုပြောဆိုနေသော ပျက်လုံးများဖြစ်သည်မို့ ကျနော့်မှာ
လိုက်ရယ်ရအခက် မရယ်ရအခက်ဖြင့် တော်တော်ဂွကျ၏။ သည်ကြားထဲ ဘာတွေများ
ဆက်ဖြစ်လာဦးမလဲဟူသော စိုးရိမ်စိတ်ကြောင့် ကျနော့်မှာ ဗိုသိအေးမောင့်အနားမှ
မခွါဘဲ လိုက်နေရ၏။ ဇာတ်ပွဲကလည်း ပရိတ်သတ်ကို တော်တော်စီးမိနေသည်။
ပွဲအရှိန်လည်း တော်တော်ရနေပြီ ဖြစ်သည်။
ည
၁၁ နာရီခန့် ရှိမည်ဖြစ်သောအချိန်တွင် “ ဂျိန်း ”ဟူသော
လက်နက်ကြီးပစ်သံတချက် ထွက်ပေါ်လာခဲ့၏။ ဇာတ်ခုံပေါ်က ဇာတ်ကသူများမှာ
နေရာတွင်ပင် အရုပ်များလို ရပ်သွားကြ၏။ ဆိုင်းသံများကလည်း တိကနဲတိတ်သွား၏။
မီးရောင်ရှိသောနေရာတဝိုက်က ပွဲကြည့်ပရိတ်သတ်၏ ဦးခေါင်းများမှာ
အပေါ်သို့ပြိုင်တူမြင့်လာကြ၏။ ပါတ်ဝန်းကျင်ကို နားစွင့်ကြသည့်သဘောပင်
ဖြစ်သည်။ ခဏနေတော့ ဇာတ်ခုံပေါ်ကလူပျက်များက ဘာမှမဖြစ်သလို
ပျက်လုံးပြန်ထုတ်ကြ၏။ ဆိုင်းသံများ ပြန်ကြားရ၏။ ပရိတ်သတ်က တဝေါဝေါနှင့်
သဘောကျကြ၏။
ကျနော်နှင့်
ဗိုလ်အေးမောင်က ပြန်ကြားရေးမဏ္ဍပ်ဆီ ရောက်လာကြသည်။ မဏ္ဍပ်ထဲကလူတွေက
ကျနော်တို့၏အခြေအနေကို အကဲခတ်သလိုကြည့်ကြ၏။ ဇာတ်ပွဲမှာ ဘာမျှမဖြစ်သလို
ဆက်ကနေလေသည်။
“ ဂျိန်း ”
လက်နက်ကြီးပစ်သံတချက်
ထပ်ကြားရပြန်သည်။ လူပျက်များ ဇာတ်ကသူများ နေရာတွင် ရပ်ကြ၏။ ဆိုင်းသံများ
ရပ်၏။ ပရိတ်သတ်၏ဦးခေါင်းတချို့မှာ ဘဲဦးခေါင်းများလို အပေါ်သို့ မြင့်လာကြ
ဘေးဘီသို့လှည့်ကြ၏။
ခဏနေတော့ ဆိုင်းသံများ ပြန်ကြားလာရပြန်သည်။ ပွံခင်းတခုလုံး ဆူညံပွဲကျကြပြန်သည်။
ထိုညက
၆၀ မမ လက်နက်ကြီးပစ်သံ လေးချက်တိတိ ကြားခဲ့ရ၏။တခြား
ထူးခြားသည့်အဖြစ်အပျက်များမူ ဘာမျှ မဖြစ်ခဲ့။ ဇာတ်ပွဲမှာ မိုးလင်းသည်အထိ
အိန္ဒြေမပျက် ကျင်းပခဲ့လေသည်။
၅။
မီးလောင်ငုတ်တို
ရွာပျက်တခု၏ထိပ် လူသွားလမ်းကလေးပေါ်တွင် တပ်ကြပ်ကြီးဖါးတေးနှင့်
ဦးကသေးဖိုးတို့ ရပ်နေကြ၏။ သူတို့က
မာနယ်ပလောဗဟိုဌာနချုပ်သို့ပြန်မည့်ကျနော့်ကို လိုက်ပို့ကြခြင်း ဖြစ်သည်။
ကျနော်က တဆင့်လာခေါ်သော ဆက်သားရှေ့မှောက်မှာပင်
သူတို့နှစ်ဦးကိုနှုတ်ဆက်ပြီး ကြောခိုင်းခဲ့ရ၏။ ဗိုလ်သိန်းစိုးနှင့်
ရဘော်ဝှေ့စက မဲပဘိရွာတွင် ကျနော့်ကို စောင့်နေမည် ဖြစ်သည်။ မဲပလိမှတဆင့်
သူတို့နှင့်အတူ မာနယ်ပလောကို ပြန်မည်ဖြစ်သည်။
ခြေလှမ်းအတော်လှမ်းခဲ့ပြီးမှ နောက်ကိုကျနော်ပြန်ကြည့်သည်။ တပ်ကြပ်ကြီးဖါးတေးနှင့် ဦးကသေးဖိုးက ကျနော့်ကို ရပ်ကြည့်နေကြဆဲ။
သူတို့ကိုကြောခိုင်းပြီး ဆက်သားနောက်မှ လိုက်လာစဉ် တပ်ကြပ်ကြီးဖါးတေး ပြောခဲ့ဖူးသောစကားတခွန်းကို ကျနော့်နားထဲ ပြန်ကြားနေခဲ့လေသည်။
“ ဒီစစ်ကြီး ဘယ်တုန်းကစတယ်ဆိုတာ ငါမသိ၊ ဒီစစ်ကြီး ဘယ်တော့ဆုံးမယ်ဆိုတာ ငါမသိ”
ငြိမ်းဝေ
ပြီးပါပြီ။ အစအဆုံး စိတ်ရှည်စွာဖတ်ရှုပေးခဲ့ကြသောမိတ်ဆွေများအားလုံး ကျေးဇူးတင်ပါ၏။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
