Breaking News

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုတွေရှိနေဆဲနဲ့ ပဋိပက္ခက ပိုမိုနက်ရှိုင်းလာနေ

မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၁၄ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၅ ၊ ၂၀၂၆


လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုတွေရှိနေဆဲနဲ့ ပဋိပက္ခက ပိုမိုနက်ရှိုင်းလာနေ

မြန်မာရိုးရာယဥ်ကျေးမှုအရ နှစ်သစ်ကူးကာလ သင်္ကြန်အခါသမယမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက် အသက်ဆုံးရှုံးရတဲ့ သတင်းတွေဆက်လက် တွေ့နေရပါတယ်။ သင်္ကြန်အကြိုနေ့ ဖြစ်တဲ့ ဧပြီ ၁၃ ရက်နေ့မှာ ရွှေဘိုမြို့နယ် အနောက်ဘက်က ဆိပ်ခွန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ထန်းဇင်ရွာ နဲ့ ပုဏ္ဏားကျွန်းရွာတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒုလ္လဘ ဘုန်းတော်ကြီး ၂ ပါး ပျံလွန်ခဲ့ပြီး အခြား ၈ ပါးက ဒဏ်ရာရရှိသွားခဲ့ကြတယ်လို့ သတင်းဖေါ်ပြမှုတွေ အရသိရပါတယ်။ 

သတင်းဖေါ်ပြမှုတွေထဲမှာတော့ အခုလို လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို ၊ PDF လက်နက်ကိုင်တပ်တွေလည်း မရှိကြောင်း ဖေါ်ပြထားကြပါတယ်။ ခုရက်ပိုင်းအတွင်း ရွှေဘို၊ အရာတော်၊ ဆားလင်းကြီး မြို့နယ်တွေမှာ လေယာဥ်၊ ပါရာမော်တာ နဲ့ ကောင်းကင်က တိုက်ခိုက်မှုတွေရှိနေကြောင်း သတင်းတွေမှာ တွေ့ရှိနေရတာပါ။ 

ဆားလင်းကြီး မြို့နယ်က ဝဲကွဲကျေးရွာကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပတာ နဲ့ လာရောက်တိုက်ခိုက်ခဲ့ရာမှာ လသားအရွယ် ကလေးငယ်တဦး ကျည်ထိမှန်သေဆုံးခဲ့ရတယ်လို့ သတင်းဖေါ်ပြထားသလို ယင်းမာပင်မြို့နယ် တောင်ဘက် လည်ငေါက်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားစဥ် စစ်တပ်ဘက်က ဂျိုင်ရိုကော်ပတာ နဲ့ တိုက်ခိုက်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့ရကြောင်း သတင်းတွေမှာ တွေ့ရပါတယ်။ 

ဗုဒ္ဓဘာသာဝင်တွေ အများစု ဖြစ်တဲ့ အညာဒေသ စစ်ကိုင်းတိုင်းရဲ့ မြို့နယ်တွေမှာ သင်္ကြန်တွင်း အချိန်အခါမှာပင်လျင် ဒေသခံတွေ တိုက်ပွဲ၊ စစ်ကြောင်းတွေကနေ တိမ်းရှောင်နေ ရတာတွေ၊ လေကြောင်းက တိုက်ခိုက်ခံနေရတာတွေနဲ့ သင်္ကြန်အခါ ကျောင်းကန်ဘုရားသွားတာ၊ ဥပုသ်စောင့်တာတွေ မလုပ်ဆောင်နိုင်ကြတဲ့ အခြေအနေဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်အနည်းငယ်က နေပြည်တော်မှာ လွှတ်တော်ခေါ်ယူကျင်းပခဲ့ပြီး သမ္မတ၊ ဒုသမ္မတတွေကို ရွေးချယ်ကာ အစိုးရအဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံရေးအရ တရားဝင်မှုရဖို့ကြိုးစားနေသလို သင်္ကြန်ပိတ်ရက်တွေအတွင်း မြို့ကြီးတွေမှာ လမ်းလျှောက်သင်္ကြန်တွေ မဏ္ဍပ်တွေနဲ့ အခမ်းအနားတွေ ပျော်ပွဲရွှင်ပွဲတွေ လုပ်ဆောင်နေပေမယ့် စစ်ကိုင်းတိုင်းထဲက မြို့နယ်အများအပြား၊ မန္တလေးတိုင်းထဲက ပခုက္ကူ၊ မြင်းခြံ စတဲ့မြို့နယ်တွေက ကျေးရွာတွေ၊ ကချင်ပြည်နယ် ဖားကန့် ၊ ကရင်ပြည်နယ် ဘီးလင်းမြို့နယ်၊ မြဝတီမြို့နယ်တွေမှာ စစ်ပွဲတွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူအများ ထိခိုက်သေဆုံးတာ၊ နေအိမ်တွေ မီးလောင်ပျက်စီးရတဲ့ အဖြစ်တွေ ဆက်တိုက်ဆိုသလို သတင်းဖေါ်ပြမှုတွေမှာ တွေ့နေကြရတာပါ။ 

သင်္ကြန်အကြိုနေ့မှာပဲ ပခုက္ကူမြို့အနီး လေယာဥ်ကွင်းနဲ့ ၅ မိုင်အကွာအဝေး မှာရှိတဲ့ မြောက်လူးကံ ကျေးရွာက နေအိမ် ၂၀၀ နီးပါး မီးလောင်ပြာကျ ခဲ့ကြရပါတယ်။ အဆိုပါ ကျေးရွာထဲမှာ အာဏာသိမ်းစစ်ကောင်စီတပ်က တပ်စွဲထားပြီး ကျေးရွာဒေသခံတွေ အနေနဲ့ ကျေးရွာကနေ တိမ်းရှောင်နေကြရချိန်မှာ မီးလောင်ပြာကျ ခဲ့ကြရတာ ဖြစ်ပြီး နောက်တနေ့နံနက်မှာ မီးလောင်ပြင်ဖြစ်နေတဲ့ ကျေးရွာထဲက နေအိမ်ကိုသွားရောက်ကြည့်ရှုပြီး မီးလောင်ပြီး ကျန်ရှိတဲ့ သံသေတ္တာကို ရွက်ကာ နေအိမ်ပျက်စီးပြာကျသွားတာကို တိုင်တည် ငိုကြွေးနေတဲ့ အမျိုးသားတဦးရဲ့ ဗီဒီယိုအတို လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာပါတယ်။ မြောက်လူးကံ ကျေးရွာရဲ့ ဖော်ရွေမှုနဲ့ ပခုက္ကူမြို့ အမလေး တရွာလုံးမီးလောင်ပြာကျပါပြီ၊ ဘဝ ဘာမှ မကျန်တော့ပါဘူး၊ ဘဝတွေ ခါးလိုက်တာ၊ ကူညီကြပါဦးဆိုကာ မီးလောင်ထားတဲ့ သံသေတ္တာကို ပုတ်ပြကာ ငိုကြွေးနေတဲ့ အမျိုးသားကြီးတဦးရဲ့ အဖြစ်က အညာဒေသက ရာထောင်ချီတဲ့ ကျေးရွာတွေ၊ သိန်း၊ သန်းချီတဲ့ ဒေသခံတွေရဲ့ အဖြစ်ကို ကိုယ်စားပြုထင်ဟပ်ပြနေတာလည်း ဖြစ်ပါတယ်။  “ဟိုးတုန်းက ရောက်ဖူးရင် မပြန်ချင်တဲ့ မြောက်လူးကံ အခုတော့ ပြာပုံပဲ ရှိတော့တယ်” လို့ ပြောပြီး ငိုကြွေးလိုက်တဲ့ မြင်ကွင်းရုပ်သံကို ကြည့်ရှုရတဲ့အခါ ကြေကွဲစရာနဲ့ ရင်နာစရာ ခံစားချက်က လူတိုင်းကို ဖြစ်စေတာပါ။ 

အညာဒေသဟာ အခုမှ ကျေးရွာတွေ မီးလောင်ပြာကျနေတာ မဟုတ်ပေမယ့် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဆိုတာကို မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။ ၅ နှစ်တာအတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ လူနေအိမ် ၁ သိန်း ၂ သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ကြရပြီး အများစုက အာဏာသိမ်းစစ်တပ်က လုပ်ဆောင်တာတွေ ဖြစ်ပါတယ်။ မြေလှန်စနစ်၊ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေကို အခြေစိုက်နေထိုင်လှုပ်ရှားတာကို လက်ခံထားတာကြောင့် သို့မဟုတ် ရိက္ခာ၊ ငွေကြေး အကူအညီပေးတာကြောင့် ဆိုတဲ့အကြောင်းပြချက် အပြင်၊ ကျေးရွာတရွာလုံးကို မီးရှို့ဖျက်ဆီးလိုက်ပြီး ဒီနေရာမှာ အခြေမပြုနိုင်အောင် နည်းဗျူဟာအရ လုပ်ဆောင်တာတွေက ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း စစ်ကိုင်း၊ ယော၊ ချင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှာ အများဆုံး ဖြစ်ပွားခဲ့တာပါ။ 

အခုလို စစ်ရာဇဝတ်မှု၊ လူသားအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တဲ့ ဒီအဖြစ်အပျက်တွေက ကြားသိရသူတွေကို စိတ်ထိခိုက်စေသလို နာကျည်းစေတာလည်း ဖြစ်ပါတယ်။ သို့ပေမယ့် ဒီအဖြစ်အပျက်တွေကို စတေးပြီး တဖက်ကို စိတ်နာကျည်းလေလေ တော်လှန်ရေး အင်အားစုတွေ အောင်ပွဲခံလေလေ လို့ ကောက်ချက်ချခြင်းဟာလည်း မှန်ကန်တဲ့ နိုင်ငံရေး လမ်းစဥ်တော့ မဟုတ်နေဘူးလို့ ဆိုချင်ပါတယ်။ 

အာဏာရှင် စစ်တပ်ရဲ့ ကျူးလွန်မှုတွေများလာလေလေ ပဋိပက္ခအဖြေရှာဖို့ လွယ်လာတာမျိုး မဟုတ်သလို လက်နက်ကိုင် ပဋိပက္ခရဲ့ အဖြေက တဖက်ဖက် အပြတ်အသတ်အနိုင်ရရေးလား သို့မဟုတ် ပဋိပက္ခပြေလည်ဖို့ အဖြေရှာရေးလား ဆိုတဲ့ မေးခွန်းလည်း ရှိနေပြန်ပါတယ်။ 

စစ်အာဏာရှင်စစ်တပ်က ၄င်းရဲ့ ရန်ဘက်တွေကို အနိုင်ရဖို့ ကြားခံပြည်သူလူထု အရပ်သားတွေရဲ့ အသက်၊ စည်းစိမ်၊ နေအိမ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို တိုက်ခိုက် ဖျက်ဆီးဖို့ ဝန်မလေးပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်မှာလည်း စည်းလုံးညီညွတ်မှု၊ ဘုံနိုင်ငံရေးရည်မှန်းချက်တွေ ဖြစ်ဖို့ အောင်မြင်ရေးမဟာဗျူဟာ ရှိဖို့လည်း လိုအပ်တာ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ မိမိတို့ရဲ့ မဟာဗျူဟာ၊ ကြိုးပမ်းမှု၊ စုစည်းညီညွတ်မှုတွေကိုလည်း ပြန်လည်သုံးသပ်ဖို့ အလွန်အရေးကြီးပြီး ရန်သူရဲ့ ရက်စက်မှုတွေနဲ့ လူထုကို အလိုအလျှောက် စည်းရုံးပြီးဖြစ်တယ်လို့ အယူမမှားကြဖို့လည်း လိုအပ်ကြောင်း ထောက်ပြလိုတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar