Breaking News

ဖလော်ဒါဟန် - စစ်မီးလျှံနဲ့ ပြည်သူတွေဘဝ

ဖလော်ဒါဟန် - စစ်မီးလျှံနဲ့ ပြည်သူတွေဘဝ

မိုးမခ ၊ ဧပြီ ၂၆ ၊ ၂၀၂၆


ကျွန်မ ထမင်းစားနေရင်း မျက်ရည်တွေ စီးကျလာတယ်။ စားလက်စထမင်းလည်း ဆက်မစားနိုင်တော့ဘူး။ နှစ်ဆန်းတစ်ရက်နေ့ပြီး နောက်တစ်နေ့မှာ ကျွန်မမိတ်ဆွေက မီးရှို့ခံရတဲ့ သူတို့ရွာလေးရဲ့အကြောင်းကို ပြောပြခဲ့တယ်။ ပုံလေးတွေလည်း ပို့ပေးခဲ့တယ်။

ရွာအရှေ့ပိုင်းက ဖုံးလုံးကို ကျွန်မ မသိပါ။ သို့ပေမဲ့ ဖုံးလုံး ဆုံးသွားရှာတယ်။ ဒေါ်ကျင်တို့ သားအမိကို ကျွန်မ မမြင်ဖူးပါ။ ဒါပေမဲ့ မိုင်းထိလို့ ဆုံးသွားတယ်။ ကျွန်မ စိတ်မကောင်းဖြစ်ရပါတယ်။ သတင်းဆိုတာက ကျွန်မအတွက်တော့ မှတ်တမ်းတစ်ခုပါ။ ကျွန်မက ယနေ့အချိန် ကျယ်ကျယ်ပြန့်ပြန့် သတင်းအချက်အလက်တွေကို မသိပေမဲ့ မြင်းခြံမြို့လေးနားက ရွာတဝိုက်ကတော့ ကျွန်မမိတ်ဆွေတွေ နေထိုင်ကြလို့ အတိုအထွာမဟုတ်တဲ့ သတင်းအပိုင်းအစလေးတွေတော့ ကြားမိလေရဲ့။ အိမ်တစ်ထောင်ကျော် ရွာကြီးတွေ မီးရှို့ခံရတဲ့ သတင်းကို သိလိုက်ရချိန် အလွန်အင်မတန်မှ စိတ်ထိခိုက်ရသလို၊ မင်းဆိုးမင်းညစ်လက်ထက် မြင်မကောင်းသည့် ပြယုဂ်တစ်ခုကိုလည်း မြင်မိပါတယ်။

မြို့ကြီးကုန်း၊ ရဲတိုင်၊ တလုတ်မြို့တွေဆိုတာ မြင်းခြံနဲ့ မိုင်အားဖြင့် အများကြီးမဝေးတဲ့ ရွာကြီးတွေပါ။ အခုတော့ မြင်ရက်စရာ မရှိတော့ပါ။ ကျွန်မငယ်စဉ်က ရွာရိုးတစ်လျှောက် ဝါဆိုပွဲဆို မုန့်လိုက်စားရတဲ့ ဘဝလေးကိုလည်း ပြန်လည်သတိရမိသလို၊ ဆွေမျိုးတစ်စု နေထိုင်ခဲ့ကြတဲ့ ရွာကြီးကို နှမြောတသဖြစ်မိတာ အမှန်ပါ။ အခုဆို ရွာကြီးတွေမှာ လူသူကင်းမဲ့လို့ မီးကျွမ်းနေတဲ့ တိုင်ကြီးတွေ၊ တိုက်ကြီးတွေရယ်၊ ပြိုပျက်နေတဲ့ အိမ်တွေရယ်၊ မီးလောင်ခံကားတွေရယ်၊ လမ်းပျောက်နေတဲ့ ကန္တာရဆူးတောကြီးတွေရယ်ပဲ ကျန်ပါတော့တယ်။ ကျွန်မလည်း လူသားထဲက လူသားဖြစ်သလို၊ အခုလို မိမိရဲ့ မိတ်ဆွေဆွေမျိုးတွေ ဘဝတွေ ပျက်ကြရပြီး မိသားစု တကွဲတပြားနဲ့ အဆင်ပြေသလို နေထိုင်နေကြရတာကို ကိုယ်ချင်းစာစိတ်ဖြင့် စိတ်မကောင်းဖြစ်ရတာကလွဲပြီး  ဘာမှ မကူညီနိုင်ပါ။

ဘယ်နေရာကြည့်ကြည့် အမြင်တွေမှာ မတင့်တယ်လှတဲ့ မြန်မာပြည်ကြီးမှာ အခုဆို အပူချိန်ကလည်း အလွန်အင်မတန်မှ ပူပြင်းလှပါတယ်။ မနှစ်က အခုလိုအချိန် ငလျင်ဒဏ်ကို အလူးအလဲခံရသလို၊ ယခုနှစ်မှာတော့ အပူဒဏ်ကို ခံစားနေကြရပါပြီ။ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုလည်း မရှိပါ။ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းသည်လည်း တိတ်ဆိတ်လျက်ပါပဲ။ ကျန်းမာရေးအသိရှိသူ အချို့ကတော့ ဓာတ်ဆားထုပ်လေးများ ဝယ်သောက်နေကြပါတယ်။ ဓာတ်ဆားထုပ် ဈေးကလည်း ORS တစ်ထုပ်ကို ၁၄၀၀ ကျပ်ပါ၊ လူသောက်များသည့် ရွိုင်ရယ်ဒီ (Royal-D) က တစ်ထုပ်ကို ၉၀၀ ကျပ်ပါ။ ကျွန်မတို့ ပြည်သူတွေအတွက် မင်းဆိုးမင်းညစ်လက်ထက်မှာ အကောင်းဆိုတာ ဘာမှမရှိပါ။

ဒီကနေ့ ရပ်မိရပ်ဖ ဘကြီး ပြောသလိုပါပဲ၊ သူ အာဏာမြဲဖို့၊ လူသတ်ဖို့နဲ့ ရွာတွေ မီးရှို့ဖို့လောက်ပဲ ခေါင်းထဲရှိနေတယ် ဆိုသလိုပါပဲ။ အခုလည်း စစ်အုပ်ချုပ်ရေး ကြေညာပြန်ပြီတဲ့။ စစ်အုပ်ချုပ်ရေး ကြေညာတယ် ဆိုတာ သမ္မတတစ်ယောက် လုပ်ရမဲ့အလုပ် မဟုတ်ဘူးလို့ အဘက ပြောလေရဲ့။ ကျွန်မတို့တတွေ မအလ လက်ထက် ဘယ်လိုအဆိုးတွေနဲ့ ထပ်ကြုံရမလဲဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ နေ့ရှိသရွေ့ ကောင်းကင်မှာ ပျံသန်းနေတဲ့ တိုက်လေယာဉ်အသံများက မြန်မာပြည်ကြီးကို အမှောင်ဖုံးနေဆဲ၊ ဒုက္ခအမျိုးစုံအောက်မှာ ပြည်သူတွေ အနိုင်ကျင့်ခံနေရဆဲဆိုတာ ထောက်ပြရင်း... ကျွန်မတို့ ရွာသူရွာသားတွေ ကျန်းမာစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။


ဖလော်ဒါဟန်

၂၅.၄.၂၀၂၅



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar