Breaking News

ကိုနီတွတ် - ပိဋကတ်အိုးကွဲများ သိကြားစေသတည်း


ကိုနီတွတ် - ပိဋကတ်အိုးကွဲများ သိကြားစေသတည်း

မိုးမခ ၊ ဧပြီ ၂၅ ၊ ၂၀၂၆


ဓမ္မ(န) - ဟုတ်မှန်သော သဘော။ အဓမ္မ(န) - မဟုတ်မှန်သော သဘော။ မြန်မာအဘိဓာန်တွင် ဤသို့ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ မည်သည့်တိုင်း၊ နိုင်ငံ၊ ပြည်သူမဆို အဓမ္မထက် ဓမ္မကို ပို၍ ကျင့်ဆောင်ကြသည်။ ပြောဆိုကြသည်။ လိုက်နာကြသည်။ မြတ်နိုးကြသည်။ နှစ်သက်သဘောကျကြသည်။ လောကသဘာဝကိုက အမှန်၊ အမှားရှိသည်။ အမှားထက် အမှန်ဘက်ကို ရပ်သည်။

ဓမ္မနှင့် အဓမ္မ၊ တရားမှု၊ မတရားမှု၊ ဟုတ်မှန်သောသဘော၊ မဟုတ်မှန်သောသဘောတို့တွင် ဓမ္မသည်သာ ဤလောကကြီးကို လွှမ်းမိုးကြစမြဲ။ အဓမ္မ၊ မတရားမှု၊ မဟုတ်မှန်သော သဘောလက္ခဏာကိုက မူမမှန်၊ ဆိုးညစ်၊ ယုတ်မာသော ကြန်အင် ရှိသည်။ ထိုသို့ဆိုလျှင် ယနေ့ မပြီးဆုံးသေးသော နွေဦးတော်လှန်ရေးကို ဆန်းစစ်ကြည့်လျှင် အဓမ္မ၊ မတရားမှု၊ မဟုတ်မှန်သောသဘော ကြန်အင်လက္ခဏာကို လက်ကိုင်ထားနေသည့် အနှီ ဂျပုဂွတို၊ လူသတ်ဂိုဏ်းချုပ်၊ အကြမ်းဖက်လူယုတ်မာ၊ မြို့ရွာများကို မီးလောင်တိုက်သွင်းနေသည့် မအလနှင့် စစ်ဗိုလ်တသိုက်တို့သည် အဘယ်ကြောင့် ၆ နှစ်ကျော်ကြာလာသည့်အထိ မကျရှုံးရသေးသနည်း။ လက်ထဲတွင်ရှိထားသည့် အာဏာသုံးရပ်ကို အလွဲသုံးစားပြုနေသူ၊ တပ်မတော်ကို ခါးပိုက်ဆောင်လုပ်ကာ အလွဲအသုံးချနေသူ၊ လုပ်သမျှ ဘာတစ်ခုမှ ကောင်းတာ မတွေ့။

ဘာမှန်းမသိ၍ ညာမှန်းမသိသော ဘောမအောက်ဆွဲများ၊ စတုတ္ထမဏ္ဍိုင်အမည်ခံ မအလ ဘောမနေသည့် အောက်ကလိအာ မီဒီယာအချို့၊ ကျွန်၍နေသော ကျွန်ဝန်ထမ်း Non-CDMs များ၊ အဖြူရောင်အနုပညာရှင်ဟု မိမိမျက်ချေးမမြင်သည့် ဆိတ်လစိများ၊ တဘဝစံများ ဖြစ်သည့် မဘသ၊ ပျူစောထီး၊ အုပ်ချုပ်ရေးမှူးနှင့် လက်ပါးစေ ခါတော်မီ လူမိုက်များ၊ “ကူညီပါရစေ” ဆောင်ပုဒ်ကြီး ပြူးပြူးပြဲပြဲ စခန်းရှေ့ အရှက်မရှိ ထောင်ထားပြီး ပြည်သူကို နှိပ်စက်၊ ပြည်သူပိုင်များကို ခိုးယူ၊ ဓားပြတိုက်၊ ငွေညှစ်နေသည့် ရဲခွေးများ၊ ပြည်သူများကို ကာကွယ်စောင့်ရှောက်ပါမည်ဟု သစ္စာအဓိဋ္ဌာန် နေ့စဉ်ဆို ထမင်းစားပြီး တတိုင်းတပြည်လုံး နေရာအနှံ့ လူသတ်၊ အကြမ်းဖက်၊ မြို့ရွာအိမ်ခြေများကို ဖျက်ဆီး၊ နှင်ထုတ်၊ မီးလောင်တိုက်သွင်း၊ “အထက်အမိန့်အရ လုပ်ရပါသည်” ဟု မလုပ်သင့်မှန်း သိသိကြီးနှင့် အလေနတော စိတ်ရော ကိုယ်ပါ ရက်စက်နေသည့် စစ်ခွေးတပ်ဗိုလ်တပ်သားများ။

သူတို့၏ ရပ်တည်မှု၊ လုပ်ရပ်၊ အပြုအမူများသည် မည်သို့မှ လက်ခံနိုင်စရာ အကြောင်းမရှိ။ သဘောကျ ကျင့်ဆောင်လိုက်နာစရာ ဆံချည်တစ်မျှင်ခြမ်းမျှ မရှိ။ ခေါင်းငုံ့ခံနေစရာ တစိုးတစိမှပင် မလို။ သေနတ်ထောက်ပြ၊ လက် ခြေ ကြိုးချည်ပြီး သူတို့နှင့်အတူ လိုက်ပါလုပ်ဆောင်စရာ စိတ်ကူးပင် ယဉ်မရ။ သူတို့ လုပ်ဆောင်သမျှအားလုံး မကောင်း၊ အကုသိုလ်ချည်း၊ လုပ်သမျှ အယုတ်အနတ္တချည်း။ သဘောသဘာဝအနေနှင့် ပြောပြော၊ ယုံကြည်ကိုးကွယ်ရာ မည်သည့်ဘာသာတရားနှင့်ပင် ချင့်ချိန်ချင့်ချိန်၊ မြင်တွေ့ ကြုံကြိုက်သမျှ မှတ်ကျောက်တင် သတ္တုဘယ်လိုချချ၊ အဓမ္မ၊ မတရားမှု၊ မဟုတ်မှန်သော သဘောလက္ခဏာ နှင်နှင်ချည်းသာ။ မည်သို့ပင်ဆိုစေ အနှီ မအေယိုး မအလကား မိမိကိုယ်မိမိခန့် သမ္မတကြီးပင် ဖြစ်နေပါပကော။ သူ့ချည်းပဲလား၊ မဟုတ်ပါလေ။ သူ၏အပေါင်းအဖော်များရော သူတို့ ကြီးစိုးထားသည့် နယ်မြေ၊ အဖွဲ့အစည်းများတွင် အမိန့်ပေး၊ စေခိုင်း၊ ညွှန်ကြား၊ မတရားမှုများကို ကျူးလွန်ရန် နေရာယူထားပါပကော။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့နေကြပါပကော။

သို့ဆိုလျှင် မကောင်းမှု၊ အကုသိုလ်၊ အဓမ္မ၊ မဟုတ်မှန်သောသဘောနှင့် အရာများအတွက် ပဋိသန္ဓေအခါ ဖြစ်စေ၊ မျက်မှောက်ကာလ (ပဝတ္တိအခါ) မှာဖြစ်စေ၊ အကျိုးဝိပါက်ကြမ္မာ မငင်နိုင်ကြတော့ဘူးလား။ ဗုဒ္ဓဒေသနာတွင် (၁) ဇနကံ - ပြုခဲ့သည့်ကောင်းမှု မကောင်းမှု စေတနာတို့ကြောင့် ထိုက်သင့်သလို ဖြစ်စေသည့်ကံ၊ (၂) ဥပတ္တမ္ဘကကံ - ကိုယ်တိုင် အကျိုးမပေးနိုင်သော်လည်း တစ်ပါးသောကံ အကျိုးပေးသန်အောင် ထောက်ပံ့ကူညီတတ်သောကံ၊ (၃) ဥပပီဠကကံ - တစ်ပါးသောကံကို ဖြစ်ခွင့်မရအောင်၊ ဖြစ်လာပါက အကျိုးပေးမသန်အောင် တားဆီးသောကံ၊ (၄) ဥပဃာတကကံ - တစ်ပါးသောကံကို ဖြစ်ခွင့်မရအောင် တားဆီးပြီး အကျိုးဆက်ပြတ်သွားအောင် ဖြတ်တောက်ပစ်သောကံ ဟူ၍ တွေ့ရသည်။

ထိုကံများ၏စွမ်းအင်ကို လိုက်ပြီး အကျိုးပေးသက်ရောက်မှုသည်လည်း ကာလလေးမျိုးရှိသည်ဟူ၏။ (၁) ယခု မျက်မှောက်ကာလမှာ အကျိုးပေးသည့်ကံ၊ (၂) ဒုတိယဘဝမှာ အကျိုးပေးသည့်ကံ၊ (၃) တတိယဘဝမှ နိဗ္ဗာန်ရသည်တိုင် ဘဝများတွင် အကျိုးပေးသည့်ကံ၊ (၄) ဖော်ပြပါသုံးမျိုး အကျိုးပေးခွင့်မရဘဲ ကံဖြစ်ရုံမျှဖြစ်ပြီး အကျိုးပေးအချည်းနှီးဖြစ်သွားသော အဟောသိကံ။ ဆိုရသော် ယနေ့ မြန်မာတစ်ပြည်လုံး ၆ နှစ်ရှိလာသည်အထိ ရက်ရက်စက်စက် မတရားမှုပေါင်းများစွာ ကျူးလွန်၊ ယုတ်မာဖောက်ပြန်နေသည့် အနှီ မအေယိုးမအလနှင့် အဖော်အပေါင်းတစ်သိုက်ကရော၊ အဘယ်အကြောင်းတရားများကြောင့် ကင်းလွတ်ခွင့်ရပါလိမ့်နည်း။ ရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီး၏ ဇာတ်ကြောင်းကို မည်သို့ မှတ်ချက်ပေးမည်နည်း။ ဗုဒ္ဓဘုရား ပြီးလျှင် တန်ခိုးတော်အရာ ဧတဒဂ်ရခဲ့သည့် ကိုယ်တော်မြတ်ကြီးသည် ခိုးသားငါးရာတို့၏ ဒဏ်ကြောင့် စိစိညက်ကြေကာ ပရိနိဗ္ဗာန်စံခဲ့ရသည်ကို မယုံကြည်ပါဘူးဟု ပြောရပါမည်လော။

သို့သော် အဓမ္မဘက်တော်သားများ၏ ထုံးစံအတိုင်း ငြင်းလိုက ငြင်းနိုင်ပါသေး၏။ ဗုဒ္ဓဝင်တွင် ဒေဝဒတ်သည် အလွန်ယုတ်မာပြီး ကောက်ကျစ်ဆိုးသွမ်းသည့် စိတ်အပြည့်ရှိသည်။ အဓမ္မ၊ မဟုတ်မှန်သော ကြင်အင်လက္ခဏာနှင့် ပြည့်စုံသူဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ သံသရာဘဝတိုင်းတွင် ဒေဝဒတ်ကား အမြဲအဖျက်သမား၊ ဓမ္မ၏ ဆန့်ကျင်ဘက် အဓမ္မသမား ဖြစ်ခဲ့သည်။ ဆိုငြား ဒေဝဒတ်သည် ဘဝတိုင်းတွင် စည်းစိမ်ချမ်းသာခြင်း၊ ခြွေရံသင်းပင်း များပြားခြင်းတို့တွင် ဘုရားလောင်းထက်ပင် မနိမ့်ကျခဲ့သည့် ဘဝများစွာတွင် ကျင်လည်ခဲ့ရသည်။

ဒေဝဒတ်သည် ပုရောဟိတ်၏သား ဖြစ်သောအခါ ဘုရားလောင်းသည် မန္တန်အတတ်ကို တတ်ကျွမ်းသည့် ဒွန်းစဏ္ဍားမျိုး၊ ဝိဇ္ဇာဓိုရ် ယောကျ်ား။ ပြည့်ရှင်မင်း ဖြစ်သောအခါ ဘုရားလောင်းသည် စီးတော်ဆင်။ နွားပျောက်ရှာသူ ဖြစ်သောအခါ ဘုရားလောင်းသည် မျောက်မင်းတိရစ္ဆာန်ဘဝ။ သောနုတ္တိုရ မုဆိုးဖြစ်သော်အခါ ဆဒ္ဒန်ဆင်မင်း။ ကာသိကရာဇ် ပြည့်ရှင် ကလာဗုမင်း ဖြစ်သည့်အခါ ဘုရားလောင်းသည် ခန္တီဝါဒရသေ့။ ကောင်းကင်ထက်သို့ တစ်ယူဇနာ တက်ရောက်နိုင်စွမ်းရှိသော ဥပဝိစရမင်း ဖြစ်သည့်အခါ ဘုရားလောင်းသည် ကပိလပုဏ္ဏား။ သောမ အမည်ရှိသော လူယောကျ်ားဖြစ်သည့်အခါ ဘုရားလောင်းသည် ရုရှ အမည်ရှိသော သမင်။ မုဆိုးဖြစ်သောအခါ ဘုရားလောင်းသည် နန္ဒိယမျောက်မင်း ဟူ၍ ဘဝပေါင်းများစွာ ဒေဝဒတ်က အထက်၊ ဘုရားလောင်းကား အောက်တွင် ကျင်လည်ခဲ့ရသည်။ နောက်ဆုံး လူ့ဘဝတွင် ဒေဝဒတ်သည် သာကီဝင်မင်းသား၊ ရဟန်းဘဝတွင် ဈာန်အဘိညာဉ်ရ ရဟန်းတစ်ပါးပင် ဖြစ်ခဲ့သည်။ ငြင်းချင်လို၍ ငြင်းနိုင်ပါလည်း အင်း--အင်း ဟုတ်တုတ်တုတ် ဟု ထေ့စရာသာ ရှိနေသည်ကိုတော့----။

မအလ မအေယိုးသည် အဓမ္မ - မဟုတ်မမှန်သော လုပ်ရပ်များ၊ စကားများ၊ အကြံအစည်များ၊ မရိုးသားမှုများ၊ ယုတ်မာရက်စက်မှုများ၊ ထုတ်ပြန်ကြေညာမှုများ စသဖြင့် မြန်မာပြည်သူများအပေါ် ကျူးလွန်ခဲ့သည်မှာ ၆ နှစ်ထဲ ရှိလာပြီ။ ဂျင်းအကြီးစား ထည့်လာသည်မှာ ကြာကြာခဲ့ပြီ။ ပြည်သူ့ဆန္ဒမပါဘဲ သူတို့ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ကျော်လွန်ပြီး လက်နဲ့ရေး၊ ခြေနဲ့ဖျက်ခဲ့သည်။ ၁၅ နှစ်ကြာသည်အထိ ၁၀ နှစ်တရားမဝင်။ NLD က မဲခိုး၊ မဲလိမ်၍ အာဏာထိန်းသတတ်။ သမ္မတ လုပ်ချင်၍ မဟုတ်ပါ၊ ပြည်သူ မတင်မြှောက်ဘဲ ပြည်သူက လိုလားလျှင် သမ္မတ လုပ်ချင်ပါသတတ်။ အများပြည်သူ မလိုလားသော ရွေးကောက်ပွဲကို အဓမ္မ ၃ ကြိမ်ခွဲ မဲခိုးပြီး သောင်ပြိုကမ်းပြိုနိုင်ပါသတတ်။ အဟုတ်ကို သောင်လည်းပြို၊ ကမ်းလည်းပြို၊ ဘောင်မရှိ စည်းမရှိ ကမ်းမရှိ လုပ်ချင်ရာလုပ်ခဲ့တာကို ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ဟူသတတ်။ ရက်ရက်စက်စက် အာဏာရူးပုံကို အာဆီယံအဖွဲ့ကြီးကပင် လောက်လောက်လားလား မြူမှုန်မျှလောက်ပင် မထောက်ခံ၊ မလိုလား၊ အသိအမှတ်မပြု။ သို့သော် မအလကား လုပ်ချင်ရာကို လုပ်၍ရနေဆဲ။

အပေါ်ယံ ပေါ့ပေါ့ဆဆ ရှုမြင်ကြည့်ပါက အဖျက်သမား ဒေဝဒတ်သည် ကုသိုလ်နှင့် အကုသိုလ်၊ ဆိုးသွမ်းယုတ်မာခြင်းနှင့် ကောင်းမွန်မြင့်မြတ်ခြင်းတို့ အကျိုးပေးကား ဓမ္မ - ဟုတ်မှန်သောသဘော၊ အဓမ္မ - မဟုတ်မှန်သောသဘော၊ တရားမျှတမှုနှင့် မတရားမှုတို့က တူညီသလိုလို။ မအလနှင့် စစ်ဗိုလ်ယုတ်တစ်သိုက်သည်လည်း ထိုနည်းနှင်နှင်။ ယုတ်မာ၊ ကောက်ကျစ်၊ ဖျက်ဆီး၊ ပြည်သူကို ပျက်စီးစေသော၊ ဒုက္ခပေးနေသော အကုသိုလ်အကြောင်းတရားများ ပြည့်နေပါလျက် အပေါ်စီးက ခံစား၊ စံစားနေရဆဲ။ အချိန်ကြာလာသည်နှင့်အမျှ သန္ဓေမမှန်သော ဓမ္မဘက်တော်သားအချို့ပင် အမှောင်ခြမ်းကို ဝင်သွားကြသည်။ ဒေဝဒတ်မှာလည်း သူ့ပရိသတ်နှင့်သူ၊ မအေယိုးမအလမှာလည်း သူ့နောက်လိုက်နှင့်သူ ရှိနေပြန်တော့။

လူယုတ်မာ ဒေဝဒတ်ပင် အထက်ဖော်ပြပါ ဘဝများစွာတွင် ရာထူး၊ ဂုဏ်သိမ်၊ စည်းစိမ်ဥစ္စာ ပြည့်စုံကြွယ်ဝရသေးသည်။ မအလ လူယုတ်မာသည်လည်း အကုသိုလ်များလုပ်ပြီး ရက်စက်နေတာတောင် ချမ်းသာကြွယ်ဝ၊ မပြုတ်ကျသေး။ သို့သော် အနီရောင်ဆေးဆိုးပြီး အနက်ရောင် ရပါမည်လော။ အနက်ရောင်ဆေးဆိုးပြီး အဖြူရောင် ရပါမည်လော။ ဘဝဟောင်းက အစာဟောင်းတွေ စားနေရသည်မှာ ရှင်းရှင်းကြီး။ ပစ္စုပ္ပန်ဘဝတွင် လုပ်ခဲ့သော အကုသိုလ်မှုကြောင့် ချက်ချင်းလက်တွေ့ အကျိုးခံစားရမည်ဆိုသည်ကတော့ မဟုတ်သေးတာ သေချာနေသည်။ ကံများ၏စွမ်းအင်အလိုက် ကံလေးမျိုးထဲက တစ်မျိုးကတော့ ပြေးမလွတ်နိုင်။

နောက်ဆုံး ဒေဝဒတ်၏ အဆုံးသတ်ကား မဟာပထဝီမြေကြွေက ဝါးမြို၊ အောက်ဆုံး အဝီစိအထိ ဆွဲချသွားသည်။ မအလနှင့် စစ်ဗိုလ်ယုတ်တစ်စုသည်လည်း ဒေဝဒတ်ရှိရာ သွားကို သွားရပါလိမ့်မည်။ မအလ၏ သိသိကြီးနှင့် အမှားများစွာ ဆက်လုပ်နေခြင်း၏ မောဟအမှောင်ကား သူတည်ခဲ့သည်ဆိုသော စေတီတော်ကြီး ရေစက်ချပွဲတွင် ကျောက်မဲဆရာတော်ကြီး၏ တိုတိုတုတ်တုတ် တရားအဆုံး၊ သာဓုပင် မခေါ်နိုင်၊ ငူငူငိုင်ငိုင် ငုတ်တုတ်စင်းစင်းကြီး၊ ကြောင်တောင်တောင်ကြီး ဖြစ်ခဲ့ရသည်။ မြန်မာပြည်အနှံ့ ဘုန်းတော်ကြီးကျောင်းများအပေါ်၊ ခရစ်ယာန်ဘုရားကျောင်းများအပေါ်  ဗုံးမိုးရွာချခဲ့သည်။ ဗုဒ္ဓဘာသာတွင် အခြားဘာသာဝင်များထင်သလို ရုပ်တုကို ကိုးကွယ်နေတာ မဟုတ်၊ ဗုဒ္ဓမြတ်စွာဘုရား နိဗ္ဗာန်ဝင်သွားသည့်တိုင် ကိုယ်စားတော်အဖြစ် ရုပ်တုထု၊ "အနေကဇာတိသံသာရံ" အစချီ ဘုရားစကားတော်ဖြင့် အသက်သွင်း၊ သက်တော်ထင်ရှားအဖြစ် ကိုယ်စား ကိုးကွယ်နေကြခြင်းပင်။ သို့ဆိုလျှင် မအလ၏ လုပ်ရပ်များကား ဘုရားကို သွေးစိမ်းတည် ထွက်အောင် လုပ်ဆောင်သည်နှင့် မတူလော။ ကိုးကွယ်ယုံကြည်သည်လည်း ဆိုသေး၊ သာသနာပြုမင်းကြီးဟူ၍လည်း အမည်ခံယူချင်သေး၊ သူ၏လုပ်ရပ်များကြောင့် ဗုဒ္ဓဘုရား ကိုယ်တော်ပျက်စီး၊ ခြေလက်တော်ပြတ်၊ လည်ပင်းတော်ကွဲ၊ ရှုမြင်မကောင်း၊ မည်မျှပင် အကုသိုလ်ကြီးမားသည့် လုပ်ရပ်ပါလဲ။ ဗုဒ္ဓမြတ်စွာ၊ ယေရှုခရစ်တော်တို့၏ မေတ္တာတော်ကြီးမြတ်သည်ကတော့ ယုံမှားသံသယမရှိ။ သို့သော် ဂွတို ဂျပုနှင့် စစ်ဗိုလ်ယုတ်ယုတ်၊ သူတို့၏ တပ်ဗိုလ်တပ်သားများ၏ ကျူးလွန်မှု၏ ပြစ်ဒဏ်ကား သီးသန့်။

ဓမ္မပဒတွင် "ညစ်ပြီးစ နို့ရည်သည် ပကတိသဘောမှ ရုတ်တရက် မပြောင်းလဲသကဲ့သို့ ပြုစဖြစ်သော မကောင်းမှုသည် (ရုတ်တရက်) အကျိုးမပေးသေး။ (အကျိုးပေးသောအခါ) ပြာဖုံးသော မီးခဲကဲ့သို့ လူမိုက်ကို လောင်ကျွမ်းစေလျက် အစဉ်လိုက်၏" ဟု မှတ်မှတ်သားသား ဖတ်ရပါသည်။ ကိုယ်ပြုသောကံ ကိုယ်သာခံ၊ ကိုယ့်ထံ ပြန်လာမည်ဟု၍လည်း ရှိထားသည်။ အိုင်ဆက် နယူတန်ကလည်း သဘာဝကြီးထဲက ထုတ်ပြထားသည်။ "သက်ရောက်မှုတစ်ခုတိုင်း တန်ပြန်သက်ရောက်မှုရှိသည်" တဲ့။ အကုသိုလ်အမှုများစွာ၊ ယုတ်မာရက်စက်မှုအပေါင်းတို့ဖြင့် ကျူးလွန်နေပါလျက် တန်ပြန်မခံရသေးသည်မှာလည်း ပြုဆဲ ခဏတာတွင် အကျိုးပေးမကောင်းမှုဒဏ်များ မမြင်ရတတ်သေးခြင်း။ သို့သော် အကျိုးပေးအန္တရာယ်များ မရှိနိုင်ဟု ထင်မိလျှင်တော့ သွက်သွက်ခါအောင် ရူးနေခြင်းဟု ဆိုရပါမည်။

ဗုဒ္ဓမြတ်စွာဘုရား ဟောထားခဲ့သည့် ကံများ၏ စွမ်းအင်အလိုက် အကျိုးပေးကံ လေးမျိုးရှိထားသည်။ ထိုမကောင်းမှုအကုသိုလ် အပြုအမူများ ကျူးလွန်သူများအပေါ် ဝဋ်မခံရစေရန် အဘယ်ဘုရားရှင်၊ ဘုန်းတန်ခိုးရှင်၊ နတ်ဗြဟ္မာများက တားဆီးကာကွယ်ပေးခြင်း ရနိုင်ပါမည်နည်း။ ရနိုင်ပါသည်ဟု ပြောလျှင် ရူးသွက်နေခြင်းသဖွယ် ဖြစ်ပါလိမ့်မည်။ ဖြစ်တန်ဖြစ်ပါလိမ့်မည်။ ပျက်ချိန်တန် ပျက်ပါလိမ့်မည်ကား လုံးဝ လုံးဝ မလွဲ။ မအလနှင့် အပေါင်းအပါအားလုံးသည်လည်း ပျံလေတဲ့ငှက်ခါး နားခါမှ သိလိမ့်မည်။ ရစ်လုံးမှာ ရှိသမျှ ကြိုးနှင့် လေပေါ်ပျံဝဲနိုင်သည့် လေတံခွန်၊ လေမုန်တိုင်းမိပါလိမ့်မည်။

ဓမ္မ၊ တရားမျှတခြင်း၊ ဟုတ်မှန်သော သဘောတို့သည် ယုတ်မာမှုကင်းသော၊ ရက်စက်မှုမရှိသော၊ လွတ်လပ်ငြိမ်းချမ်းသော၊ အေးချမ်းသာယာသော ကြင်အင်လက္ခဏာရှိ၍ လူတိုင်းလူတိုင်း သဘောကျ နှစ်သက်ပါသည်။ ထိုသို့ မြတ်နိုး၊ သဘောကျ၊ နှစ်သက်သူတိုင်း၊ သေနတ်ထောက် ဖိနှိပ်၊ လူသတ်၊ ရက်စက်ကြမ်းကြုတ်၊ လူမှုပတ်ဝန်းကျင်ကို ခံနေရသော၊ အဓမ္မပြုမှုခံရသော်လည်း ဓမ္မ၊ တရားမျှတမှု၊ ဟုတ်မှန်သော သဘောဘက်က ရပ်တည်သူမို့ ထိုမကောင်းမှုအကုသိုလ်အလုပ်ကို ဝင်လုပ်နိုင်ရန်၊ ပါဝင်ရန်၊ အကောင်အထည်ဖော်ပေးရန် မဖြစ်နိုင်ပါလေ။ အကြောက်တရားအောက်တွင် ခေါင်းငုံ့ခံ၊ ငွေကြေးဖြင့် ဖျက်ဆီးမှုဒဏ်ခံရပါစေ၊ လုပ်ချင်ရာလုပ်၊ နောက်ကြောင်းပြန်ဥပဒေဖြင့် အရေးယူမခံရစေဘူးဟူသော တောရိုင်းဥပဒေဖြင့် ကာကွယ်ပါသည် ဆိုပါစေ၊ ဤအလုပ်မျိုးကို မအလနှင့် အပေါင်းအပါ လူမဆန်သည့်သူများသာ၊ ငရဲမကြောက်သူများသာ လုပ်ပါလိမ့်မည်။

ဤသို့ဆိုလျှင် ကျွန်တော်တို့ မြန်မာပြည်၏ ၂၁ ရာစု နွေဦးတော်လှန်ရေးသည် မတရားမှုအကုသိုလ်၊ အဓမ္မ - မဟုတ်မှန်သော သဘောကို ပြန်တော်လှန်ခြင်းဖြစ်၍ ဓမ္မ၊ တရားမျှတမှု၊ ဟုတ်မှန်သောအလုပ်ဖြစ်ရာ ဒေဝဒတ်ဂိုဏ်းသား ခေတ်သစ်လူရိုင်း မအေယိုးမအလနှင့် အပေါင်းအပါအားလုံးကို အောင်မြင်စွာ နှိပ်နင်းအောင်မြင်နိုင်ရန် ဘာတွေ လိုအပ်ပါသနည်း။ ရှင်းပါသည်။ ရှေးယခင် မြို့ပြနိုင်ငံများကဲ့သို့ တဗိုလ် တမင်း လုပ်ရပ်များကို ရှောင်ပါ။ ကိုယ်ဒေသ၊ ကိုယ့်ရေမြေကို ရရှိလျှင် မအလနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး၊ အမြင်ကျဉ်းမြောင်း အတ္တကြီးနေမှုများကို ဘေးဖယ်၊ တပြည်လုံး လွတ်လပ်မှ လွတ်လပ်မည်ကို သတိ၊ ဉာဏ်ပညာများကပ်၊ လောလောလတ်လတ် လွတ်မြောက်နေသည်မှာ အစစ်အမှန် မဟုတ်ကြောင်းကို သဘောပေါက်၊ မအလအဖျက်သမားများ၏ အခြေအနေမှာ ဝိုင်းဝန်း၊ စုစည်း၊ ညီညွတ် တွန်းလှန်လိုက်လျှင် ပြိုကျတော့မည်ဆိုတာကို မြင်အောင်ကြည့်၊ အာဏာရှင်စနစ် ထူထောင်နေခြင်း၊ ကိုယ်ကျိုးအတ္တအတွက် ဘာမဆိုလုပ်ရဲသည်ဟုသော စကားကို သတိချပ်ကြရန် အထူးအထူးလိုပါသည်။ မကြာသောအချိန်က ဖွဲ့စည်းခဲ့သည့် (Steering Council for the Emergence of a Federal Democratic Union - SCEF) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကော်မတီနှင့် အားလုံး လက်တွဲကြရန်သာ ရှိသည်။ ရှမ်းမြောက်တွင် လွတ်မြောက်နေသည် ဆိုသည်မှာ လုံးဝ အစစ်အမှန်မဟုတ်သေးပါ၊ မအလ အင်အားမရှိသေး၍သာ ဖြစ်ကြောင်းကိုလည်း သတိချပ်ဖို့လိုပါ၏။ MNDAA ကဲ့သို့ တရုတ်ကျွန်ခံအဖွဲ့အစည်းသည်လည်း တရုတ်မျိုးရိုးဖြစ်နေ၍ လုံးဝ လုံးဝ မယုံကြည်ရန်လည်း တော်လှန်ရေးအသိ ရှိထားရန် လိုအပ်နေပါသည်။

နောက်ဆုံး NUG အမျိုးသားညီညွတ်ရေး ကြားကာလတော်လှန်ရေးအစိုးရကို ယုံကြည်ရန်နှင့် လက်တွဲရန် လိုအပ်သလို ထိုအစိုးရ၏ လိုအပ်ချက်များကိုလည်း အပြုသဘောဆောင် ထောက်ညွှန်ပြသရင်း ကြားကာလတော်လှန်ရေးအစိုးရအဖြစ် အသိအမှတ်ပြုကြရန်လည်း အားလုံး အားလုံးတွင် တာဝန်ရှိသည်။ အားလုံး အားလုံးသည် သတိ၊ ဉာဏ်ပညာများကို သတ္တိရှိရှိ လိုက်နာကျင့်သုံးလိုက်ကြပါလျှင် မအလနှင့် အပေါင်းအပါ လူယုတ်မာများ၏ ကံအစွမ်း ပြိုပျက်ပါလိမ့်မည်မှာ သေချာတာထက်ကို လွန်ပါ၏။ ကြားဖူးကြမှာပါ၊ ငရဲမှအပ ဝဋ်ဆိုတာ လည်မှာပါ။

ဟုတ်ကဲ့... နွေဦးတော်လှန်ရေး မပြီးဆုံးသေးပါဘူး ခင်ဗျား။


ကိုနီတွတ်

(၁၂-၄-၂၀၂၆)



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar