Breaking News

ငြိမ်းဝေ - ရွှေကွယ်ရွာ အရိုးကောက်ပွဲနှင့် မျက်နှာခြယ်သ ပြုံးပြတတ်သူ ဦးရွာချစ်

 

Art- Than Htay Maung

ဒုံသမိချောင်းပေါ်က ကြယ်နီ ၁၀
-
ရွှေကွယ်ရွာ အရိုးကောက်ပွဲနှင့် မျက်နှာခြယ်သ ပြုံးပြတတ်သူ  ဦးရွာချစ်
ငြိမ်းဝေ

(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၆


၁။

ကြုံတောင့်ကြုံခဲ ဟင်းကောင်းနှင့်ထမင်းစားပြီးလို့မှ နာရီဝက်ပင်မရှိသေး ခရီးသွားဖို့က ဖြစ်လာ၏။

သည်ကနေ့မနက်စောစော အိပ်ရာနိုးနိုးချင်း တပ်ကြပ်ကြီးဖါးတေးက ချောင်းထဲဆင်းသွား၏။ သူ ချောင်းထဲဆင်းချိန် ကျနော်နှင့် ဦးကသေးဖိုးက ဟန်းကောနှင့် ထမင်းချက်ကြ၏။ 

နာရီဝက်မျှမကြာခင် တပ်ကြပ်ကြီးဖါးတေး  ချောင်းထဲကတက်လာ၏။ သူ့ခါးပုံစထဲတွင် ကျောက်ပုဇွန်ကြီး ဆယ်ကောင်မျှ ပါလာ၏။ ဒုံသမိချောင်း ကျောက်ဆောင်တချို့ကြား ရေငုပ်ပြီး ဖမ်းလာခြင်းဖြစ်သည်ဟု ဆိုသည်။

ချောင်းနံဘေးတနေရာက ကင်ပွန်းချဉ်ရွက် နုနုထွားထွားများကိုခူးကာ ကျောက်ပုဇွန်များနှင့် ဆီမပါ ဆားဖြင့်သာ ချက်ကြ၏။ ခေါင်းချိုးချေးထုတ် အခွံခွါထားသည့်တိုင် ကျောက်ပုဇွန်များက တော်တော်ကြီး၏။ လတ်ဆတ်ပြီး သူ့အဆီနှင့်သူလုံးပြီးချက်သဖြင့် ဟင်းမှာ အင်အတန်ကောင်း၏။ 

ထမင်းစားပြီး‌ေတာ့ တပ်ကြပ်ကြီးဖါးတေး စက်ဖြင့်စကားပြော၏။ ပြီးတော့ ရွှေကွယ်ရွာ အရိုးကောက်ပွဲ(အသုဘအခမ်းအနား)ရှိတယ်၊ သွားမလားဟု ပြောလာခဲ့၏။ အရိုးကောက်ပွဲတွင် လက်ဝှေ့ပွဲ ပါသည်ဟုဆို၏။ ကျနော်ကလည်း ချက်ချင်းသဘောတူကာ ရွှေကွယ်ရွာသွားဖို့ ပြင်ဆင်ကြရ၏။

ကျနော်က အသုဘအခမ်းအနားတွင် လက်ဝှေ့ပွဲ ဘာလို့ထည့်တာလဲဟု မေးတော့ သည်ဒေသမှာ တိုက်ပွဲတွေ ဗမာစစ်တပ်တွေကြောင့် ပျော်ပွဲရွှင်ပွဲသပ်သပ်ရယ်လို့မရှိတာ ကြာပြီဖြစ်တာကြောင့် လူတွေက အသုဘအခမ်းအနားဖြစ်သည့်တိုင် လက်ဝှေ့ပွဲလို ပျော်မှုရွှင်မှု ထည့်ကြရသည့်အကြောင်း တပ်ကြပ်ကြီးဖါးတေးက ရှင်းပြ၏။ ထိုအခါကြတော့လည်း တချိန်လုံး စစ်ကြောင့် ဒုက္ခရောက်သည့်သတင်းများကိုသာ ကြားနေမှတ်သားနေရချိန် အခုလို ပျော်မှုရွှင်မှုပါသည့်သတင်းမျိုး ကြားရမြင်ရမည်ဖြစ်သည်မို့ ကျနော့်မှာ  အနည်းငယ်ကြေနပ်ရ၏။ ဒါလည်း သတင်းတခုအဖြစ် အသံဖမ်းယူတင်ဆက်ရန် စိတ်ကူးထားလိုက်၏။

တောလမ်းအတိုင်း လမ်းလျှောက်လာကြပြီး တနာရီနီးပါးအကြာတွင် ဆိုင်းသံကြားလာရ၏။ လူ သုံးယောက်က သစ်ပင်ခတ်အုပ်အုပ်များထဲကထွက်ကာ ကျနော်တို့ကို ကြို၏။ ကျနော်တို့ကိုထွက်ကြိုသောသူများမှာ ရွှေကွယ်ရွာသူကြီးနှင့် ရွာလုံခြုံရေးများဖြစ်သည်ဟု တပ်ကပ်ကြီးဖါးတေးက ပြောပြ၏။ ကျနော်တို့ကိုထွက်ကြိုသူသုံးယောက်စလုံး မျက်နှာတွင် ပေါင်ဒါများ ရေဖျော်လိမ်းထားကြသလို ဖွေးဖွေးဖြူနေကြ၏။

ကျနော်တို့အားလုံး ရွှေကွယ်ရွာသူကြီးခေါင်းဆောင်ကာ လမ်းလျှောက်လာကြစဉ် မျက်နှာတပြင်လုံး ဖြူဖွေးနေသူ အရပ်ပုပု အသားမဲမဲ ရွှေကွယ်ရွာသူကြီးက ကျနော့်ကိုပြုံးပြရင်း သူ့ကိုယ်သူ မိတ်ဆက်လာခဲ့၏။

“ ကျ ကျ ကျနော့်နာ နာမည် ရွာ ရွာ ရွာချစ်‌ေနာ် ရွာ ရွာ ရွာဟိတ် မ မ မဟုတ်ဘူး၊ တ တ တရွာလုံးက ချစ် ချစ် ချစ်လို့ ရွာ ရွာချစ်‘

ကျနော်က သူကြီးဦးရွာချစ်ကို ဖေါ်ရွေစွာ ပြုံးပြရ၏။ ဦးရွာချစ်ပြောသော “ရွာဟိတ်” ဆိုသူမှာ ခရိုင်ဥက္ကဌ “ပဒိုရွာဟိတ်”ကိုဆိုလိုကြောင်း နောက်မှသိရ၏။ 

ရွာထဲဝင်လာတော့ ဆိုင်းသံ ပိုကြားလာ၏။ တဲတခုရှေ့တွင် မာမားထုပ်နှင့် အခြားစားစရာအထုပ် နှစ်ဆယ်ခန့် ချိတ်ဆွဲထား၏။ ဦးရွာချစ်က ကျနော့်အနားကပ်လာပြီး ပြုံးပြ၏။

“ ကျ ကျ ကျနော့် ကျနော့်ရွာ ရွာက နွား နွား နွားမှောင် နွားမှောင်ခို လမ်းနဲ့ နီး နီးတယ် ဆ ဆ ဆရာကြီး၊ ဒီ ဒီ ဒီနား နားမှာ ကျနော် ကျ ကျနော်တို့ရွာ စီးပွါးရေး ရေး အ အ ကောင်းဆုံးပဲ ဆ ဆ ဆရာကြီး၊ ဈေး ဈေးဆိုင် သုံး သုံးဆိုင်၊ လှည်း လှည်း နှစ် နှစ် နှစ်စီး ရှိ ရှိ ရှိတယ် ဆ ဆ ဆရာကြီး”

ကျနော်တို့လူစု နောက်ထပ် မုန့်ထုပ်များချိတ်ထားသည့် တဲနှစ်ခုရှေ့က ဖြတ်တော့ ထိုတဲများမှာ သူကြီးပြောသော ဈေးဆိုင်သုံးဆိုင် ဖြစ်မည်ဟု တွေးမိ၏။ 

ဦးရွာချစ်မှာ မျက်နှာတခုလုံး ပေါင်ဒါများဖွေးဖြူအောင် လိမ်းထားသည့်ကြားမှ ကျနော့်ကို တလမ်းလုံး ဖေါ်ရွေစွာ ပြုံးပြရင်း ကျနော့်အနားမှ မခွါခဲ့။ သူ့ခမျာ စကားထစ်သဖြင့် ကျနော့်ကို အားရပါးရ စကားမပြောနိုင် ဖြစ်နေပုံရ၏။ ဆိုင်းသံနီးပြီး လူတွေတွေ့လာရသောအခါ ဦးရွာချစ်က ကျနော့်ဘေး ပိုတိုးလာပြီး ကျနော်နှငိ့ယှဉ်ပြီး လျှောက်လာ၏။ 

အရိပ်အာဝါသကောင်းလှသော ကုက္ကိုလ်ပင်ကြီးတပင်အောက်ကို ကျနော်တို့ ရောက်လာကြ၏။ လှည်း လေးစီးမျှအကျယ် မြေကွက်လပ်ကို ထုံးဝိုင်းပြီး စည်းတားထား၏။ စည်းဝိုင်းဘေး ကုက္ကိုရိပ်တွင် ခြောက်လုံးပါတ်တီးဝိုင်းမှာ အားကြိုးမာန်တက် တီးခတ်နေကြ၏။ ဆိုင်းသမားအားလုံးသည်လည်း မျက်နှာများ ဖွေးဖွေးဖြူလျက်။ ကျနော်တို့ကိုတွေ့တော့  ဆိုင်းသမားများမှာ ထကလုမတတ် ယိမ်းထိုးလှုပ်ရှားပြီး ဆိုင်းတီးကြတော့သည်။ 

ဆိုင်းဝိုင်းဘေးတွင် ဖြာကြမ်းတခု ခင်းထား၏။ ဖြာကြမ်းပေါိတွင် သကြားတပန်းကန် ဓါတ်ဗူးတလုံးရှိ၏။ ဧည့်သည်များဖြစ်သည့် ကျနော်တို့အတွက် ပြင်ဆင်ချထားသည့် အထူးပွဲကြည့်စင်ပင် ဖြစ်သည်။ 

ကျနော်တို့လူသိုက် ဖြာပေါ်တွင်နေရာယူလိုက်သောအခါ လူတယောက် ခါးတောင်းမြှောင်အောင်ကျိုက်ပြီး စည်းဝိုင်းအတွင်း ဝင်လာလေသည်။ လက်ဝှေ့ယိမ်း စလေသည်။ ဆိုင်းသမားများက တံးလည်းတီး ဆိုလည်း ဆိုကြ၏။ ချက်ချင်းဆိုသလို စည်းးဝိုင်းအပြင် ဘက်တွင် လူတရာခန့် ဝိုင်းလာကြ၏။ မိန်းမတချို့မှာ ခလေးတွဲလွဲ ခွေးတွဲလွဲ တိုးခွေ့အော်ဟစ်ပြီး ထိုင်ကြ၏။ 

ပရိတ်သတ်၏အခြေအနေကိုကြည့်ကာ ကျနော်က ကင်မရာလေးနှင့် အသံဖမ်းစက်ကို ရှေ့တွင်ချ၏။ လူတွေအားလုံး ဝိုင်းကြည့်နေမည်ကိုသိသဖြင့် ကျနော်က အသံဖမ်းစက်ကလေးကို ဟိုဒီကလိ၏။ ကင်မရာကိုခဏကောက်ကိုင်ပြီး ကြည့်၏။ ဆူညံလျက်ရှိသောဆိုင်းသံလူသံများကြား အခြေ အနေကိုကြည့်ကာ ကျနော်သည်လည်း တက်ကြွလာရ၏။ သို့သော် လုံခြုံရေးအစီစဉ် သေချာလုပ်ထားရဲ့လားဟု ဦးရွာချစ်ဘေးကပ်ပြီး မအော်ရုံတမယ် မေးရသေး၏။ ဦးရွာချစ်က ကျနော့်ကို ပြုံးပြ၏။ လက်မထောင် ခေါင်းညှိမ့်ပြ၏။ 

ကျနော်က ပါတ်ဝန်းကျင်ကို ကြည့်သည်။ လူတွေအားလုံး ကလေးလူကြီးတယောက်မကျန် ပေါင်ဒါအဖွေးသား မျက်နှာကိုယ်စီ တွေ့ရ၏။ ပရိတ်သတ်မှာ ရွာခံရော တခြားရွာမှဧည့်သည်များရော လူတရာကျော်ခန့် ရှိမည်ထင်ရ၏။

လက်ဝှေ့ပွဲမှာ အသက်ဆယ်နှစ်အောက်ကလေးငယ်များက စတင်ထိုးသတ်ကြ၏။ ဒိုင်လုပ်သူမှာ ဝဝဖိုင့်ဖိုင့် သွက်သွက်လက်လက်။ အကျီမပါ ခါးထောင်မြှောင်အောင် ကျိုက်ထား၏။ သူကြီးဦးရွာချစ်မှာ ကျနော့်ဘေးမှကပ်ထိုင်ရင်း ကျနော့်ကို မကြာခဏ ပေါင်ဒါအဖွေးသားမျက်နှာနှင့် ပြုံးပြပြီး ပျော်ရွှင်နေ၏။

နာရီဝက်ခန့်ရှိတော့ ကလေးလက်ဝှေ့ပွဲအစီစဉ် ပြီးသွားဟန်တူ၏။ ဒိုင်အသစ်တယောက် စည်းဝိုင်ထဲ မျက်နှာအဖွေးသားနှင့် ဝင်လာ၏။ အကျီမပါ ခါးတောင်းကျိုက်လျက် ကွင်းအလယ်ခေါင်တွင် ရပ်၏။ သူက ဆိုင်းတီးရပ်ခိုင်း၏။ ပြီးတော့မှ ကရင်လို ပရိတ်သတ်ကို စကားပြောလေသည်။ ကျနော့်အထင် ပြိုင်ပွဲစည်းကမ်းကို ပြောနေသည်ဟု ထင်ရ၏။ ဆိုင်းဝိုင်းကလည်း ခဏရပ်ထား၏။

ထိုစဉ်မှာပင် တပ်ကြပ်ကြီးဖါးတေးနှင့် ဦးရွာချစ်တို့ ရွာထဲခဏသွားမည်ဟုပြောကာ ရွာလုံခြုံရေးလူငယ်တယောက် ကျနော့်ဘေးတွင်ထားလျက် ထသွားကြ၏။ ကျနော့်အထင် ထမင်းစားဖို့ သွားရောက် စီစဉ်ကြဟန်တူ၏။ 

ဆိုင်းသံပြန်စသောအခါ အသက်‌သုံးဆယ်အရွယ် လူနှစ်ယောက် လက်ဝှေ့ထိုးရန် စည်းဝိုင်းအတွင်း ဝင်လာ၏။ ဒိုင်လူကြီးက ဆိုင်းတီးရပ်စေကာ လက်ဝှေ့သမားမျာကို စည်းကမ်းများပြော၏။ 

ဒိုင်လူကြီးက အချက်ပြလိုက်သောအခါ ဆိုင်းသံများက နားကွဲလုမတတ် ပြန်လည်ထွက်ပေါ်လာကြ၏။ ပရိတ်သတ်ကလည်း တဟေးဟေးတဟားဟား အော်ဟစ်အားပေးကြ၏။ အမျိုးသမီးတယောက်မှာ ကလေးခါးထစ်ခွင်ရင်း ခုန်ပေါက်အားပေးနေ၏။ လက်ဝှေ့သမားနှစ်ဦးက အကြမ်းပတန်းမထိုးသေးဘဲ နေရာအမျိုးမျိုးယူရင်း တယောက်နှင့်တယောက် အလစ်ခြောင်းနေကြ၏။

ထိုစဉ်မှာပင် လူတယောက်မှာ တစုံတရာအော်ဟစ်ရင်း စည်းဝိုင်းကို ဖြတ်ပြေး၏။ လူတွေအား လုံးဝါးအစည်းပြေသလို ဦးတည်ရာအမျိုးမျိုး ပြေးထွက်ကြ၏။ ဆိုင်းသံမှာ တိခနဲရပ်ပြီး အော်ဟစ်သံများလွှမ်းသွား၏။ 

ကျနော့်ဘေးကလူက ပုဆိုးတထည်ကို ကျနော့်ရှေ့ဖြန်ချ၏။ ပါးစပ်ကလည်း “နင့်ဟာတွေဒီထဲထည့် ဒီထဲထည့်”ဟုဆိုကာ ကျနော်ထည့်ပေးသည့် ကင်မရာနှင့်အသံဖမ်းစက်ကလေးကို ပုဆိုးစ နှင့်ဆွဲစုရင်း “ ငါ့နောက်ကလိုက် ငါ့နောက်ကလိုက်”ဟုပြောကာ တဟုန်ထိုးပြေးတော့၏။ ကျနော်တို့နှစ်ယောက် ရွာပြင်ဘက်ရောက်တော့ တရွာလုံး အော်ဟစ်ဆူညံနေပြီဖြစ်သည်။ လူတွေကလည်း တဖက်တည်းဦးတည်ပြေးခြင်း မဟုတ်ကြ။ ဦးတည်ရာအမျိုးမျိုး ပြေးကြ၏။ လယ်ကွက်တခုကိုကျော်တော့ ရှေ့မှပြေးနေသည့်လူက ဘာမပြောညာမပြော နောက်ပြန် လှ ည့်ပြေး၏။ ကျနော့်မှာ စဉ်းစားချိန်မရ။ သူ့နောက်ကိုလှည့်ပြီး ပြေးလိုက်ရ၏။ ကျနော်တို့နှင့်အတူ ရွာသားတချို့လည်း ပါလာ၏။ ဆယ်မိနစ်ခန့် နှေးလိုက်ပြေးလိုက်ပြီးသောအခါ သစ်ပင်ထူထပ်သော တောင်ကုန်းတခုပေါ် ရောက်လာကြ၏။ ရှေ့ကပြေးနေသူ ရပ်လိုက်သည့်အခါ ကျနော်လည်းရပ်လိုက်ရ၏။

ကျနော်တို့၏နောက်ပိုင်တွင်  လူသံများ သဲ့သဲ့မျှသာ ကြားရ၏။ ကျနော့်ရှေ့က ပြေးလာသူမှာ မျက်နှာတခုလုံး ပေါင်ဒါများကြား ချွေးစီး‌ေကြာင်းများ ကျနေ၏။ နောက်ထပ်ပြီး လူဆယ်ယောက်ခန့် ရောက်လာ၏။ တောင်ကုန်းအောက် ရွာခြေဆီက ဘာသံမျှ မကြားရတော့။ ကျနော်တို့လည်း သင့်တော်ရာသစ်ပင်များအောက် အမောဖြေကြရ၏။

လူသံကြားလို့ ထကြည့်တော့ သူကြီးနှင့် တပ်ကြပ်ကြီးဖါးတေးတို့လူအုပ် တက်လာသည်ကိုတွေ့ရ၏။ ထိုအခါ ကျနော်တို့ရောက်နေသည့်တောင်ကုန်းမှာ သည်လိုပဲ ရွာလန့်သည့်အချိန်တိုင်း လာရောက်ပုန်းအောင်းသည့်နေရာဖြစ်ဟန်တူသည်ဟု ကျနော်တွေးမိ၏။

သူကြီးဦးရွာချစ်က ကျနော့်ကိုမြင်တော့ ပေါင်ဒါအဖွေးသား ချွေးစီးကြောင်းမျက်နှာဖြင့် ဝမ်းသာ အားရ ပြုံးပြ၏။ ကျနော့်ကိုတွေ့တော့ တပ်ကြပ်ကြီးဖါးတေးက စိတ်အေးသွားသည့်မျက်နှာနှင့် ကျနော့်ကို မဝံ့မရဲ ပြုံးပြ၏။ တပ်ကြပ်ကြီးဖါးတေး၏မျက်နှာကိုတွေ့တော့ ဒီလူဘယ်အချိန်များ ပေါင်ဒါတွေသွားလိမ်းလိုက်ပါလိမ့်ဟု တွေးမိသည်။

အမောဖြေရင်းအနားယူနေစဉ် ကျနော့်မှာ ဘာ့ကြောင့်ထွက်ပြေးကြတာလဲဟူသည့်အကြောင်းကို ဂဃနဏ သိချင်နေသည်။ ထို့ကြောင့် ရွာသူကြီး ဦးရွာချစ်ကိုပဲ စကားစ၏။

“ သူကြီး ဘာဖြစ်လို့ပြေးကြတာလဲ၊ ရန်သူလာလို့ပြေးတာလား”

ဦးရွာချစ်က ရွာလုံခြုံရေးရွာသားကိုကြည့်သည်။ တပ်ကြပ်ကြီးဖါးတေးကို ကြည့်သည်။

“ သိ သိ သိဘူးလေ၊ အ အ အကုန် အကုန်လုံး ပြေး ပြေးကြတာ ပဲလေ”

“ သူကြီး‌ ရန်သူမြင်‌ေသးလား”

“ ဘယ် ဘယ် ဘယ်ကလာ၊ လူ လူ လူတွေ အ အ အကုန်ပြေး၊ ငါ ငါ ငါလည်း ပြေးရ ပြေးရတာပဲ လေ ”

ကျနော့်မှာ မောရသည့်ကြားထဲ မျက်နှာတဖက်လှည့်ပြီး ပြုံးရတော့၏။

လူတွေ မည်သူမျှ စကားမပြောကြဘဲ ငြိမ်ပြီးအမောဖြေနေကြ၏။ အချိန်အနည်းငယ်အကြာ သတိရလို့ ဘေးကိုငဲ့ကြည့်တော့ သူကြီးဦးရွာချစ်မှာ သစ်ပင်ကိုမှီကာ အိပ်ပျော်နေ၏။ 

“ ဟော ဆိုင်းသံလားလို့ ”

“ ဟုတ်တယ် ဟုတ်တယ် ဆိုင်းသံပဲ”

လူတွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်လာ၏။

“ ဟုတ် ဟုတ် ဟုတ်တယ်၊ ဆိုင်း ဆိုင်း ဆိုင်းသံမှ အ အ အစစ်၊ လာ ဆ ဆ ဆရာကြီး လက် လက် လက်ဝှေ့ ပြန် ပြန် ပြန်စနေပြီ၊ ကိုင်း ‌အား အား အားလုံး အောက် ပြန် အောက်ပြန် ဆင်း ဆင်းမယ်”

သူကြီးကထတော့ တပ်ကြပ်ကြီးဖါးတေး လိုက်ထသည်။ လူတွေ တယောက်ပြီးတယောက် ထရပ်ကြသည်။ ကျနော်လည်း ထရပ်လိုက်ရ၏။

သူကြီးဦးရွာချစ်ဦးဆောင်သော ကျနော်တို့လူစု တောင်ကုန်းပေါ်မှ ပြန်ဆင်းလာစဉ် ကျနော့်စိတ်ထဲက အပူတခုကို ရွာလုံခြုံရေးသမားအား ပြောပြလိုက်မိသည်။

“ အခုမှ သတိရတယ်၊ ဟို သကြားပန်းးကန်နဲ့ဓါတ်ဘူးတော့ လူတွေတက်နင်းလို့ အကုန်ကွဲကုန်မလားပဲ ”

“ ဟာ ဘာမှမဖြစ်ဘူး၊ သူ့သခင်က သူ့ဟာသူသိမ်းပြီးမှပြေးတာ စိတ်မပူနဲ့”

ရွာလုံခြုံရေးရဲဘော်ပြောတာ မှန်၏။ ကုက္ကိုပင်ကြီးအောက် ကျနော်တို့ပြန်ရောက်တော့ ဆိုင်းသမားများက ဆိုင်းတီ မပျက်။ ဖြာကြမ်းပေါ်က သကြားပန်းကန်နှင့်ဓါတ်ဘူးသည်လည်း  သူ့နေရာမှာသူ ဣန္ဒြေမပျက် ရှိနေလေသည်။


ငြိမ်းဝေ

( အပိုင်း ၁၁ သို့ ဆက်လက်ဖတ်ရှုပါရန်….)

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar