Breaking News

ကေအိုင်အေ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ ရှမ်းမြောက်ဒေသ ခရီးစဥ်

Photo: EPA

မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၉ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၀ ၊ ၂၀၂၆


ကေအိုင်အေ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ ရှမ်းမြောက်ဒေသ ခရီးစဥ်

မြန်မာနိုင်ငံ အရှေ့မြောက်ဒေသနဲ့ မြောက်ပိုင်းတို့မှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIA ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး ခေါင်းဆောင် ဖြစ်သူ ဒုဗိုလ်ချုပ်ကြီးဂွန်မော်နဲ့ KIO/KIA ရဲ့ ပြည်ထဲရေးဝန်ကြီး ဖြစ်သူတို့ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင်မြို့အနီးက ကောင်းခါးဒေသတွေဆီ ပြီးခဲ့တဲ့ ရက်ပိုင်းက သွားရောက်ပြီး ဒီဒေသတွေမှာ လှုပ်ရှားနေတဲ့ ရှမ်း၊ ကိုးကန့်၊ တအာင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့က ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ 

ဒီသတင်းက သာမန်ထက်ထူးခြားတဲ့ ခရီးစဥ်တခုလို့ ဆိုနိုင်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်ဒေသကို ဗြိတိသျှကိုလိုနီလက်ထက် အုပ်ချုပ်ရေးက စလို့ ကချင်ဒေသခွဲ Kachin Sub-state လို့ သတ်မှတ်ပေးခဲ့ပြီး လွတ်လပ်ရေးရပြီးနောက်မှာလည်း ကချင်ဒေသခွဲ အဖြစ်နဲ့ ရှမ်းပြည်နယ် အစိုးရရဲ့ အမိန့်ကြော်ငြာစာနဲ့ ဆက်လက်အသိအမှတ်ပြုခဲ့တဲ့ဒေသ ဖြစ်ပါတယ်။ ဒီ ကချင်ဒေသခွဲဟာ သိန္နီဒေသရဲ့ မြောက်ပိုင်းမှာ ရှိပြီး မြို့အနေနဲ့ ကွတ်ခိုင်ကို ဗဟိုပြုတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလို ကချင်ဒေသခွဲအဖြစ် သတ်မှတ်ချက်က ၁၉၇၀ ပြည့်နှစ်တွေမှာ မဆလ အစိုးရက ပယ်ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ကေအိုင်အို ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ ခရီးစဥ်က ကချင်လူမျိုးတွေ အများစုနေထိုင်ကြတဲ့ ကချင်ဒေသခွဲကို လာရောက်တယ်လို့ ဆိုနိုင်ပါတယ်။ ကချင်ဒေသခွဲ Kachin Sub-state ဆိုတဲ့ အခေါ်အဝေါ်က ဒီနေ့ကာလမှာ လူတိုင်းမကြားဖူးကြတဲ့ အသုံးအနှုန်းတခု ဖြစ်နေတဲ့ အနေအထားပါ။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ စစ်ဆင်ရေးမတိုင်ခင်က ရှမ်းမြောက်ဒေသမှာ နယ်မြေထိန်းချုပ်မှုတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအချင်းချင်း အကြား ပြဿနာလုံးဝ မရှိခဲ့တာမျိုးတော့ မဟုတ်ပေမဲ့ အတိတ်သမိုင်းကြောင်း၊ နေထိုင်တဲ့ လူဦးရေ၊ သယံဇာတထုတ်ယူမှုနဲ့ လက်နက်ကိုင်တပ်သားသစ် စုဆောင်းမှုတွေနဲ့ ပတ်သက်တဲ့ ပြဿနာက ရှေ့တန်းရောက်နေတဲ့ ပြဿနာတော့ မဟုတ်ခဲ့ပါဘူး။ အဖွဲ့အများစုရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်တပ်ကို တိုက်ခိုက်ကြဖို့ အချက်မှာ ဘုံတူညီခဲ့ကြခြင်းက စည်းလုံးမှုအင်အားတရပ် ဖြစ်ခဲ့တာပါ။ ၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုက အဆိုပါ ဘုံအကျိုးစီးပွားပေါ်မှာ အခြေခံခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုတွေက မြန်ဆန်စွာ ပေါ်ထွက်လာရာမှာ နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ခွင့် သယံဇာတနဲ့ အခွန်အကောက် ကောက်ခံခွင့်တွေက မဟာမိတ်တပ်ဖွဲ့တွေအချင်းချင်း အကြား စိတ်ဝမ်းကွဲစရာ၊ ပဋိပက္ခဖြစ်ဖို့ အကြောင်းရင်းခံတွေ ဖြစ်လာစေတာကို တွေ့ရပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စစ်အာဏာရှင်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေခဲ့ကြစဥ်မှာ ဘုံရန်သူက တခုတည်းဖြစ်သလို နယ်မြေချင်း ထိစပ်နေတဲ့ ဒေသတွေနဲ့ ပတ်သက်လို့ အကျိုးစီးပွား ပဋိပက္ခဖြစ်စရာ အကြောင်းမရှိခဲ့ပေမဲ့ စစ်ရေးအောင်မြင်မှုတွေ ရလာချိန်မှာ တဖွဲ့နဲ့ တဖွဲ့ တနယ်နဲ့ တနယ်အကြား စီမံခန့်ခွဲမှုတွေကို ဘယ်လို သဘောတူခွဲဝေကြမလဲဆိုတဲ့ နိုင်ငံရေးအခြေခံ အချက်အလက်တွေ အားနည်းခဲ့တာက အဓိက အကြောင်းဖြစ်လိမ့်မယ် လို့ယူဆနိုင်ပါတယ်။ 

အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ဘယ်လို နိုင်ငံရေး အမြင်၊ မူဝါဒတွေ အပေါ် အခြေခံထားသလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိ ဖော်ပြမထားကြတာမျိုးလည်း လက်တွေ့ ဖြေရှင်းရမဲ့ ကိစ္စရပ်တွေ ပေါ်လာတဲ့အခါမှာ သတိပြုမိလာကြပါတယ်။ 

ဖက်ဒရယ်မူနဲ့ ဒီမိုကရေစီစနစ်တို့ကို လက်ခံထားကြတယ်လို့ ယေဘုယျအားဖြင့် ဆိုပင်ဆိုသော်ငြားလည်း နယ်မြေအုပ်ချုပ်ခွင့်နဲ့ ပတ်သက်လာတဲ့အခါ ကိုယ့်အဖွဲ့က တိုက်ခိုက်သိမ်းယူထားလို့ ကိုယ့်အဖွဲ့သာ အုပ်ချုပ်ခွင့် ရှိတယ်လို့ မှတ်ယူကြခြင်းက နိုင်ငံရေး အခြေခံမရှိဘဲ စစ်ရေးခံယူချက်၊ ရပ်တည်ချက်သာရှိတဲ့ သဘောသက်ရောက်စေပါတယ်။ အချို့က ဒီလိုခံယူချက်၊ ရပ်တည်ချက်ကို စစ်ဘုရင်ဝါဒအဖြစ် ခေါ်ဆိုကြတာ တွေ့ရပါတယ်။ စစ်အင်အားပေါ်မှာသာ အခြေပြုထားပြီး နိုင်ငံရေး၊ စည်းရုံးရေးနဲ့ လူမျိုးစုတွေ အတူတကွယှဥ်တွဲနေထိုင်ကြတဲ့ အယူအဆတွေနဲ့ ပတ်သက်လို့ အားနည်းတဲ့ လက်နက်ကိုင် အဖွဲ့တွေကို ရည်ညွှန်းဆိုလိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ရှမ်းမြောက်ဒေသရဲ့ အနေအထားက သမိုင်းကြောင်းအရလည်း တိုင်းရင်းသား လူမျိုးတမျိုးမက နေထိုင်နေကြတဲ့ ဒေသတွေဖြစ်ပြီး နှစ်ရာထောင်ချီတဲ့ သမိုင်းကြောင်းကို မဆိုလိုပဲ အနီးစပ်ဆုံး နှစ် ၁၀၀/၁၅၀ ဝန်းကျင်ကာလရဲ့ သမိုင်းကြောင်း၊ နေထိုင်ကြတဲ့ လူဦးရေ ပြောင်းရွှေ့မှုတွေကို ပြန်လည်လေ့လာပြီး သမိုင်းကြောင်းကိုလည်း ထည့်သွင်းစဥ်းစားစရာ တချက်အဖြစ် ကိုင်စွဲစရာ ဖြစ်ပါလိမ့်မယ်။ 

နောက်တချက်က ဒီဒေသတွေမှာ နှစ်ဆယ်စုနှစ်များစွာ သို့မဟုတ် နှစ် ၁၀၀ ကျော်ကာလမှ စတင်ကာ နေထိုင်လာကြတဲ့ ဒေသခံတွေ ရဲ့ ဆန္ဒသဘောထားကလည်း အရေးကြီးတဲ့ အချက်တခု အနေနဲ့ ထည့်သွင်းစဥ်းစားကြဖို့ လိုအပ်ပါလိမ့်မယ်။ 

ပြီးခဲ့တဲ့ ၁ နှစ်ကျော်ကာလအတွင်း ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ ၃ ဖွဲ့အကြား ပဋိပက္ခဖြစ်မှုတွေ ရှိနေခဲ့ကြတာပါ။ 

ပထမဦးစွာ KIO/KIA လက်နက်ကိုင် အဖွဲ့နဲ့ PSLF/TNLA လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့အကြား လုံခြုံရေးဂိတ်တွေ ဖြတ်သန်းတဲ့ကိစ္စ၊ နေရချ ဖွင့်လှစ်တဲ့ ကိစ္စတွေ အပေါ်အကြောင်းပြုပြီး အောက်ခြေတပ်သားချင်း ထိုးကြိတ်မှုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ကွတ်ခိုင်မြို့ပေါ်က KIA ဆက်ဆံရေးရုံး အလံလွှင့်ထူတာ၊ တပ်ဖွဲ့ဝင်တွေ နေထိုင်တာတွေနဲ့ ပတ်သက်ပြီး TNLA က တားမြစ်တာ၊ အင်အားသုံးရွှေ့ပြောင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ ပြဿနာတွေက အောက်ခြေတပ်သားချင်း ဖြစ်ပွားတာလို့ ဆိုနိုင်ပေမဲ့လည်း နှစ်ဖက်အဖွဲ့တွေရဲ့ ခေါင်းဆောင်ပိုင်းနဲ့ အခြေခံမူဝါဒချင်းမှာ မညှိနှိုင်းနိုင်ကြတာလို့ ကောက်ချက်ချရမယ့် သဘောလည်း ဖြစ်နေပါတယ်။ 

KIA နဲ့ TNLA အကြားပြဿနာဖြစ်ပွားပြီးနောက် တနှစ်ဝန်းကျင်မှာတော့ TNLA နဲ့ MNDAA လက်နက်ကိုင် တပ်ဖွဲ့အကြား အောက်ခြေ ပြဿနာတွေ ကြိုကြားကြိုကြား ဖြစ်ပွားရာကနေ မတ်လလယ်မှာတော့ MNDAA က ကွတ်ခိုင်မြို့နဲ့ အခြားTNLA ထိန်းချုပ်ဒေသတွေကို တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးတာ၊ လက်နက်ဖြုတ်သိမ်းတာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ တဖက်နဲ့တဖက် လက်နက်ငယ်၊ ဒရုန်း၊ လက်နက်ကြီးတို့နဲ့ အရင်လက ဖြစ်ပွားခဲ့တဲ့ စစ်ပွဲက ရှမ်းမြောက်ဒေသမှာ လူမျိုးစုတဖွဲ့နဲ့တဖွဲ့အကြား ဖြစ်ပွားနေတဲ့ ပြဿနာရဲ့ လေးနက်မှုကို လှစ်ဟပြလိုက်သလို ဖြစ်ပါတယ်။ 

KIA ရဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ ခရီးစဥ်က အဆိုပါပြဿနာတွေကို အချင်းချင်းအကြား တိုက်ခိုက်တဲ့ နည်းလမ်းမဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ အဖြေရှာဖို့ ရည်ရွယ်သလားလို့ မျှော်လင့်ရပါတယ်။ လူထုတွေနဲ့ တွေ့ဆုံပြီး သင့်သင့်မြတ်မြတ် အတူတကွနေထိုင်ကြဖို့ ပြောဆိုခဲ့တဲ့အကြောင်း သတင်းတွေမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ အမှန်တကယ်တော့ လူထုတွေအချင်းချင်း ပြဿနာ ဖြစ်ကြတာ မဟုတ်ပါဘူး။ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး၊ တပ်သားသစ်စုဆောင်းရေးအပေါ် အခြေခံပြီး လက်နက်ကိုင် အဖွဲ့အချင်းချင်းအကြားမှာ ပွတ်တိုက်မှု၊ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ကြတဲ့ သဘောဖြစ်ပါတယ်။ 

အမှန်တကယ် ညှိနှိုင်းကြရမှာက ဒီဒေသမှာ ထိန်းချုပ်လှုပ်ရှားနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ လူထုအနေနဲ့ လက်နက်ကိုင် အဖွဲ့တွေကို ကျော်လွန်ပြီး ပြောဆိုနိုင် သဘောထား ဆန္ဒထုတ်ဖော်နိုင်တဲ့ အနေအထား ရှိမနေတာကြောင့် လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းကြားက ဆက်ဆံရေးက အဓိကကျတာလည်း ဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အမျိုးသားလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေးက ခွဲခြားမရအောင် ဆက်နွှယ်နေတာကိုလည်း အထူးသတိပြုမိကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar