ပဲခူးဆားသာဂိ - ခေးအော်စ်ပဲ ရှိတယ်၊ အော်ဒါ မရှိဘူး
ပဲခူးဆားသာဂိ - ခေးအော်စ်ပဲ ရှိတယ်၊ အော်ဒါ မရှိဘူး
(မိုးမခ) ဧပြီ ၁၀၊ ၂၀၂၆
သည်နေ့ ဟောမယ့်တရားကတော့ ခေးအော့်စ်ပဲ ရှိတယ် အော်ဒါမရှိဘူး ဆိုတာပဲ ဖြစ်ပါတယ်။
ဆုတ်ကပ်ပဲ ရှိတယ်၊ တက်ကပ် ဆိုတာ မရှိတော့ဘူး။ သည်လိုမျိုးလဲ ပြောကြတယ်။ အခုက အတိတ်နဲ့ ပစ္စုပ္ပန်ကို ကြည့်ပြီး ရှေ့ဖြစ်တွေ ဟောကြတယ်။ ဖြစ်စေချင်တာတွေ ဟောကြ၊ မဖြစ်စေချင်တာတွေ ဟောကြပါတယ်။ အမေရိကန် အစ္စရေးနဲ့ အီရန်လည်း စစ်ဖြစ်ရော ဟောချက်တွေက တင်းကြမ်းပါပဲ။ အီရန်နိုင်မယ်၊ အမေရိကန်နိုင်မယ်၊ တရုတ်နိုင်မယ်၊ ရုရှားနိုင်မယ်နဲ့ စုံလို့ပါပဲ။
တကယ်ကတော့ ရှုံးနေတာ တကမ္ဘာလုံးက ပြည်သူတွေ၊ မြန်မာတွေလည်း ဆီတန်းစီရ၊ ချွေတာပြီးရင်း ချွေတာရ။ တပူပေါ် တပူဆင့်တော့ ပိပြားနေပြီ။ သို့သော် ဒုက္ခနဲ့ အကျိုးပေးတဲ့ တို့မြန်မာများကတော့ ထူပေ ထန်ပေ ရှိနေပြီလို့ ဆိုကြတယ်။ သန်းကောင်ထက် ညဉ့်မနက်ဘူး ဆိုပဲ။ သန်းကောင်ထဲမှာ နေသားကျနေပြီလို့ပဲ ဆိုရလေမလား။ တဖြေးဖြေးချင်း ပူလာတဲ့ ရေနွေးအိုးထဲက တို့တတွေလည်း အသားပဲ အရင်ကျက်မလား၊ ရေနွေးအိုးထဲက အချိန်မီ ရုန်းထွက်နိုင်မလား ပဲ။
စစ်ဘီလူး မင်းအောင်လှိုင်က သမ္မတဖြစ်ချင်တာ အာဏာရှင်ဖြစ်ချင်တာနဲ့ တိုင်းပြည်ကို မီးတိုက်ခဲ့တာ ၅ နှစ် ရှိပါပြီ။ ခုထိ မြန်မာပြည်ကြီးမှာ ထွက်ရပ်လမ်း မမြင်သေးပါဘူး။ ပြည်သူတွေက တောင့်ခံ တွန်းလှန်နေကြလို့သာ အခုထိ သူစိတ်တိုင်းကျ မလုပ်နိုင်သေးတာပါ။ အခုလည်း နောက်သမ္မတ ၅ နှစ်များ ဆက်သက်ဇိုးရှည်ဦးမလား ခြေလှမ်းချင်သေးတယ်။
အမေရိကားက သမ္မတကြီးထရန့်ကလည်း မအလ ထုံး နှလုံးမူပြီး ကျင့်ကြံနေတာ ပြည်တွင်းကော ပြည်ပမှာပါ လူမှုတွေ စီးပွားတွေ ကမောက်ကမတွေ ဖြစ်၊ အရင်က ငြိမ်းချမ်းရေးတွေလည်း ဘယ်ပျောက်ကုန်မှန်းမသိ။ အခု အီရန်ကို စစ်တိုက်နေတော့ အခုက တကမ္ဘာလုံးမှာ အပူတွေ နင်းကြမ်း ဖြစ်ရရှာတယ်။ အမေရိကန်ပြည်သူတွေနဲ့ လွှတ်တော်အမတ်တွေထဲက မတရားမှုတွေ ငုံ့မခံသူတွေကတော့ အာဏာဖီဆန် တွန်းလှန်နေကြတာပဲ။ အမေရိကန်ပြည်သူတွေကထဲက ဒီမိုကရေစီကို ချစ်ခင် ယုံကြည် သက်ဝင်သူတွေကတော့ မတရားမှုကို တွန်းလှန် တရားမျှတမှုဟာ တနေ့မှာ အောင်ပွဲခံရမယ်လို့ ယုံကြည်ကြပါတယ်။
ကမ္ဘာကြီးမှာ တရား ဆိုတာကော ရှိသေးရဲ့လား။ မေးခွန်းက အဲသည်မှာပါ။ မတရားမှုတွေချည်း အခန်းဆက်ရိုက်နေရတော့ တရားမျှတခြင်း ဆိုတာ ရှိကော ရှိသေးရဲ့လား ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။ သည်တော့ သတင်းဆောင်းပါးတပုဒ်က သုတေသနပညာရှင်တဦးရဲ့ ရှာဖွေတွေ့ရှိမှုတခုအကြောင်း မျှဝေလိုက်ချင်ပါတယ်။
အရှေ့ဂျာမဏီက စမ်းသပ်ခန်းတခုမှာ သိပ္ပံပညာရှင်တဦးက ပင်လယ်ရည်တွေ ခပ်သိမ်းထားတဲ့ စည်ပိုင်းတခုကို ၆ လလောက် ပစ်ထားရာကနေ ပြန်တွေ့လို့ စစ်ဆေးကြည့်ပါသတဲ့။ သူက ပင်လယ်ရေတွေကို စွန့်ပစ်ပြီး စမ်းသပ်မှုအသစ်တွေအတွက် ဆေးကြောသိမ်ဆည်းမလို့ပါ။ သို့သော် စပ်စုချင်စိတ်နဲ့ ပင်လယ်ရည်တွေကို မိုက်ခရိုစကုပ်နဲ့ ကြည့်လိုက်တော့ လားလား အဲသည်ပင်လည်ရေထဲမှာ ဇီ၀ပိုးမွှားတွေ အသက်ရှင် နေထိုင် မျိုးပွားနေကြဆဲ ဆိုတာ သွားတွေ့ပါသတဲ့။ မျိုးစိတ်ပေါင်း မျိုးစုံ၊ မျိုးဆက်များစွာ ရှင်သန်နေကြတာကို သူ ရှာဖွေ တွေ့ရှိ မှတ်တမ်းတင် စောင့်ကြည့်တာ နောက်ထပ် နှစ်ကာလ အတော် ကြာသွားတယ် ဆိုပါတယ်။
ရုပ်ရှင်တွေထဲကဆိုရင် ကိုယ့်အဝတ်ဘီဒိုထဲမှာ အခြားကမ္ဘာက သေးငယ်တဲ့ သက်ရှိတွေ ရှင်သန်နေတဲ့ ဂြိုဟ်အသေးလေးတစုံ ဖွက်ထားပြီး စောင့်ကြည့်နေတဲ့ ကလေးတယောက်လို နေမှာပေါ့။ ဒါမျိုးကို Man in Black ရုပ်ရှင်ထဲမှာ ပြကွက်တခုအဖြစ် ပြဖူးပါတယ်။ စောင့်ကြည့်နေသူက သူ့ကိုယ်သူ ဘုရားသခင်လိုလို စိတ်ကူးပေါက်နေပြီး သူ့မျက်စိအောက်က ကမ္ဘာငယ်လေးက သက်ရှိတွေ၏ ဘ၀သံသရာကို လေ့လာနေမိတယ် ဆိုကြပါစို့။
အဲသည်မှာ သိပ္ပံပညာရှင် တွေ့ရှိတဲ့အချက်က ခေးအော့စ်သီအိုရီ ပဲ ဖြစ်တယ်။ ပရမ်းပတာဖြစ်ခြင်း၊ အစီအစဉ်မဲ့ခြင်း၊ ကမောက်ကမတွေပဲ သံသရာလည်နေတယ်။ မျိုးစိတ်တွေ ပေါ်လာကြ၊ ပျောက်သွားကြ၊ အချင်းချင်း တိုက်ခိုက် ဝါးမြို ပေါင်းစည်း ပျက်သုဉ်းကြ။ မျိးဆက်တွေ အဆင့်ဆင့် ဖြစ်ပေါ်ကြ၊ ပျက်စီးသွားကြ။ သို့သော် အဆိုးပဲ သံသရာလည်နေတယ်။ စနစ်တကျဖြစ်ခြင်း၊ အော်ဒါ (စီစဉ်တကျ ဖြစ်တည် ထူထောင်ခြင်း) ဆိုတာ အလွန် ရှားပါးပါသတဲ့။ စနစ်တကျ ကောင်းလာတာ၊ စည်းကမ်းနဲ့ တိုးတက်လာတယ် ဆိုတာ ဘယ်တော့မှ မရှိပါဘူးတဲ့။ သူရဲ့ စည်ပိုင်းထဲက ပင်လယ်ရေအထဲက ဇီ၀ပိုးမွှားတွေရဲ့ ကမ္ဘာမှာ။ ခေးအောစ့် - ဖြစ်ချင်တိုင်း ဖြစ်နေတာ၊ စနစ်တကျ ဖြစ်ပျက်နေတာာ မရှိဘူး။ ကောင်းတာလေး တစက်လောက် တွေ့မိလို့ အဲသည်အကောင်းတရားလေးများ ပြန်ဖြစ်လာမလား စောင့်ကြည့်တယ်၊ ဘယ်တော့မှ ပြန်ဖြစ်မလားဘူး။ အခြား တခုခုပဲ ဖြစ်လာမယ်။ ပင်လယ်ရည်ထည့်ထားတဲ့ စည်ပိုင်းထဲက ဇီဝိပိုးမွှားတွေ သက်တမ်းက တိုပါတယ်။ သည်တော့ သိပ္ပံပညာရှင် မှတ်တမ်းပြုစု အချက်အလက် ကောက်ချက်ဆွဲရတာ အချိန်ကုန်သက်သာတာပေါ့။
စကားပုံရှိတယ် မဟုတ်လား။ ဖန်ခွက်ထဲက ရေတပေါက်ကို ကြည့်ပြီး ကုန်းတွင်းပိုင်းမှာနေတဲ့ ပညာရှိက သူ မရောက်ဘူးတဲ့ အရပ်ဒေသမှာ ပင်လယ်ကြီး ရှိတယ်လို့ ဟောကိန်းထုတ်နိုင်ကြသလိုမျိုး နေမှာပေါ့လေ။
သူ့စာတမ်းကို သုတေသနဂျာနယ်မှာ တင်ဆက်လိုက်တော့ ပညာရှင်တွေ ပွက်လောရိုက်ကုန်တော့တာပဲ။ လောကကြီးမှာ ခေးအော့်စ်ပဲ ရှိတယ်။ ဘာမှ စနစ်ကျတာ မရှိဘူး။ အဆိုးသဲံသရာသာ လည်နေပြီးတော့ ပြန်လည် ကောင်းမွန် ဖွံဖြိုးတိုးတက်လာတဲ့ တရားနည်းလမ်းကျမှု စီစဉ်တကျ ဖြစ်တည်မှုတွေ မရှိဘူးဆိုရင်- ငါတို့ သိပ္ပံပညာရှင်တွေ ဘာလုပ်ဖို့ ဆက်လေ့လာသင်ယူ နေကြဖို့ လိုအပ်တော့ မလဲပေါ့။ ပေါက်ကွဲကုန်ကြတယ်။ ငါတို့တွေ၏ ဖြစ်တည်မှုတွေက အလကားပဲပေါ့ဆိုပြီး မေးခွန်းတွေ ထုတ်ကြတယ်။
ဆိုတော့ ပညာရှင်တချို့က ဘာပြောသလဲဆိုတော့ ပညာဆိုတာ လောကကြီးဆီကနေ လေ့လာ သင်ယူ ဆည်းကပ်ရတာ ဖြစ်တယ်။ ဘယ်တော့မှ ပြီးပြည့်စုံတယ် မရှိဘူး။ အခု လောကကြီးဟာ ခေးအော်စ့်ပဲ ဆိုရင် အဲသည်ကနေ ဘာကို သင်ယူကြမလဲ ဆက်တွေးရမှာပေါ့ တဲ့။ ဥပမာ တခုကတော့ မိုးလေဝသ ခန့်မှန်းချက်တွေဆိုတာ အလွန်ဆုံး ခန့်မှန်းနိုင်လှ တပတ်လောက်ပဲ မှန်အောင် ဟောနိုင်တာ။ သည်ကြားထဲ ဖြစ်ချင်တာ ဖြစ်၊ ပျက်ချင်တာ ပျက်တာ။ ဒါကို ဘာသီအိုရီမှ ထုတ်ချင်လို့ မရဘူးလေတဲ့။ ဒါမျိုး သုံးသပ်ကြပါတယ်။
နောက်တခု အကောင်းမြင်တဲ့ မှတ်ချက်ကတော့ တရားမျှတမှု၊ စနစ်တကျဖြစ်မှု၊ သေချာရေရာမှုဆိုတာမျိုးတွေက တခါတရံမှာမှ ကြုံရ ဆုံရ တိုက်ဆိုင်ကြရတယ် ဆိုတာကို ပညာရှင်တွေက မျိုးဆက်တွေ မျိုးစိတ်တွေ သမိုင်းအဆင့်ဆင့်မှာ ရှာဖွေ တွေ့ရှိ မှတ်သားနိုင်ခဲ့ကြတယ်၊ ဒါကို သုတေသန ပြုခဲ့ကြတယ်။ ကာလရှည်ကြီးထဲမှာ ခေးအော့်စ်ပဲ ရှိတယ်ဆိုရင် အဲသည် ခေ့အော့စ်တွေ ကြားထဲမှာ စနစ်တကျ ဖြစ်တည်မှု တိုးတက်မှု ကောင်းမွန်မှုတွေ ကို ထိန်းသိမ်းပေးဖို့ ပြုပြင်ပေးဖို့ အားပေးစောင့်ရှောက်ဖို့ က လူသားတွေ၏ တာဝန်၊ ပညာရှင်တွေ အလုပ်ဆိုတာမျိုး လက်ခံကျင့်သုံးကြရမယ် မဟုတ်ဘူးလားလို့ တိုက်တွန်းစကား ဆိုလိုက်ကြပါတယ်။
လောကကြီးထဲက မျိုးဆက်တွေ မျိုးစိတ်တွေ အားလုံးမှာ ခေးအော့်စ်ချည်းပဲ ဆိုသော်လည်း တရားမျှတမှုဆိုတာ ရှိပါတယ်။ အဲသည်တရားကို အသိစိတ်ရှိသူတွေက စောင့်ရှောက်ရတယ်၊ တည်ဆောက်ရတယ်။ လက်ဆင့်ကမ်းကြရတယ် မဟုတ်ပါလားလ်ု့ ဆောင်းပါးက နိဂုံးချုပ်ပါတယ်။ ပညာရှင်တွေကလည်း ကမ္ဘာပျက်ကိန်းကို အဟော ရှိသော်လည်း စောစောနဲ့ မြန်မြန် ပျက်မသွားအောင် ထိန်းသိမ်းဖို့ကို ဆက်ပြီး လေ့လာ တင်ပြ ပြောဟောနေကြရတယ် မဟုတ်ပါလား ပရိသတ်ကြီး။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar