တစတစ ဆိုးရွားလာနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျပ်တည်းမှု
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၅ မြင်ကွင်း
(မိုးမခ) ဧပြီ ၆ ၊ ၂၀၂၆
တစတစ ဆိုးရွားလာနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျပ်တည်းမှု
ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေမှာ နေထိုင်ကြတဲ့သူတွေအနေနဲ့ စီးပွားရေးကျပ်တည်းမှုတွေရဲ့ဖိအားတွေ ခံစားလာကြရတဲ့နောက် အသက်ရှင်သန် နေထိုင်ဖို့ ခံနိုင်စွမ်းအားနဲ့ ဒီအကျပ်အတည်းက လွတ်မြောက်ဖို့ မျှော်လင့်ချက်တွေ ပျက်သုဥ်းလာတဲ့ အခြေအနေတွေကြောင့် အချို့သောသူတွေ ဘဝကို လက်မြှောက် အရှုံးပေးပြီး အဆုံးစီရင်သွားကြတဲ့ အဖြစ်တွေ မကြာခဏ ကြားသိလာကြရပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း တံတားပေါ်က မြစ်ထဲခုန်ချပြီး ဘဝကို အဆုံးစီရင်တာ၊ ကားလမ်းကူးတံတားပေါ်က လမ်းမပေါ် ခုန်ချပြီး အဆုံးစီရင်တဲ့ အဖြစ်အပျက်တွေ ခပ်စိပ်စိပ် ကြားလာကြရပါတယ်။ ခုဧပြီလ ၅ ရက်နေ့မှာ ရန်ကုန်မြို့ စမ်းချောင်းမြိုန့ယ်ထဲက လူကူးခုံးကျော်တံတားပေါ်က ခုန်ချခဲ့သူက အသက် ၇၀ ဝန်းကျင်ရှိတဲ့ အမျိုးသားလို့ ဆိုပါတယ်။ ဘဝကို ဆက်လက်ရပ်တည်ဖို့ ခွန်အားမရှိဘဲ အဆုံးစီရင်သွားကြတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် အခု ဖြစ်ရပ်လို အသက်အရွယ်ကြီးသူတွေ ရှိသလို ကျန်းမာရေးအရ သန်မြန်တဲ့အရွယ် လူလတ်ပိုင်းတွေလည်း ပါဝင်တာ တွေ့နေရပါတယ်။ ဘဝကို လက်မြှောက်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ကြတဲ့အဖြစ်အပျက်တွေက ခေတ်တိုင်းမှာ ရှိကြတာလို့ ဆိုနိုင်ပေမဲ့ အခုနှစ်ပိုင်းတွေမှာ ပိုပြီး ဖြစ်ပွားလာတာကို သတိပြုမိပါတယ်။
ပြည်တွင်းစစ်ပွဲတွေ၊ စီးပွားရေး ကျပ်တည်းမှု၊ လူနေမှုစရိတ် လျင်မြန်စွာ မြင့်တက်လာနေတဲ့ အဖြစ်အပျက်တွေက မြို့နေသာမန်လူတန်းစားအလွှာတွေအဖို့ ဆက်လက်ရှင်သန်နေထိုင်ဖို့ မွန်းကျပ်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။
ပြည်တွင်းစစ်နဲ့ စီမံခန့်ခွဲမှုအမှား၊ လာဘ်စားမှု၊ မြင့်တက်လာတဲ့ ရာဇဝတ်မှု၊ အလုပ်အကိုင် အခွင့်အလမ်း တဖြည်းဖြည်း ကျဆင်းလာနေတာတွေက အခုလို အခြေအနေတွေ ဖြစ်ပွားဖို့ ဖိအားပေးနေတဲ့ အကြောင်းအချက်တွေ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့လဆန်းကစတဲ့ လောင်စာဆီ အကျပ်အတည်းကြောင့် ခုရက်ပိုင်းတွေမှာ ဆန်ဈေး၊ အသားငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်ဈေး၊ ကားခ၊ ကုန်ပို့ခနဲ့ သောက်ရေသန့်တွေ အသီးသီး ထပ်မံမြင့်တက်လာကြပါတယ်။ အိမ်အရောက်ပို့တဲ့ ရေသန့်ဘူးကြီးတွေ ကျပ်ရာဂဏန်းနဲ့ ထပ်မံဈေးမြင့်တက်လာသလို ဆန်ဈေး၊ သားငါးဈေးတွေလည်း ထပ်ပြီးမြင့်တက်လာပါတယ်။ ကျန်းမာရေး ပညာရေး နဲ့ လူမှုရေးကိစ္စတွေအတွက် သွားလာရာမှာ ငှားရမ်းအသုံးပြုမဲ့ တက္ကစီနှုန်းထားတွေလည်း မမျှော်လင့်တဲ့ ဈေးနှုန်းတွေ ဖြစ်လာနေပါတယ်။
အီရန်ကို အစ္စရေးလ်နဲ့ အမေရိကန်တို့က စတင်တိုက်ခိုက်ခဲ့ရာက ဖြစ်ပေါ်လာတဲ့ လောင်စာဆီ အကျပ်အတည်းက ကမ္ဘာ့နိုင်ငံ အများအပြားအပေါ် သက်ရောက်မှုရှိနေတာ ဖြစ်ပေမယ့် ပင်လယ်ကွေ့ဒေသက လောင်စာဆီအပေါ် မှီခိုမှု ရာနှုန်းနည်းပါးတဲ့ နိုင်ငံတွေ၊ လောင်စာဆီ အရန်သိုလှောင်မှုများတဲ့ နိုင်ငံတွေနဲ့ စစ်ပွဲ ဖြစ်ပွားနေစဥ်မှာပဲ အီရန်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းပြီး ရေနံတင်သင်္ဘောတွေ ဖြတ်သန်းနိုင်အောင် စီမံခန့်ခွဲနိုင်တဲ့ နိုင်ငံအချို့ကတော့ ထိခိုက်မှု ကြီးကြီးမားမား မခံစားကြတာ တွေ့ ရမှာပါ။ မိမိတို့ နိုင်ငံတွင်းမှာ နဂိုကတည်းက ပြည်တွင်းရေး ပြဿနာ၊ စစ်ပွဲဖြစ်ပွားနေပြီး ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုနဲ့ စီးပွားရေး အကျပ်အတည်းတွေ ဖြစ်နေနှင့်ပြီး ဖြစ်တဲ့ မြန်မာနိုင်ငံအဖို့တော့ အခု လောင်စာဆီပြဿနာက နူရာဝဲစွဲ လဲရာသူခိုးထောင်း စကားပုံလို အဖြစ်မျိုးနဲ့ အလားသဏ္ဌာန်တူပါတယ်။
မတ်လဆန်းကတည်းက အငှားကား၊ လုပ်ငန်းသုံး သယ်ယူပို့ဆောင်ရေးယာဥ်၊ ဆေးရုံ၊ ဆေးခန်းသုံးနဲ့ အမှိုက်သိမ်းယာဥ်တွေကလွဲရင် ကားနံပါတ် စုံ/မ စနစ်နဲ့ လောင်စာဆီ ရောင်းချပေးဖို့ စီမံခဲ့ပြီး နောက် အနည်းငယ်အကြာမှာ ယာဥ်အင်ဂျင်ပါဝါအလိုက် ခွဲတမ်းနဲ့ ရောင်းချမယ့် စနစ်၊ နောက်တဖန် အသုံးပြုမှု ခရီးအကွာအဝေး မှတ်တမ်းနဲ့အညီ ရောင်းချမယ် ဆိုပြီး ရောင်းချတဲ့ စနစ်တခုပြီးတခု ပြောင်းလဲခဲ့တာ တွေ့ရပါတယ်။
လောင်စာဆီ ရောင်းချမယ့် စနစ်အမျိုးမျိုး စမ်းသပ်လုပ်ဆောင်နေတဲ့ အောက်မှာပဲ လောင်စာဆီတန်းစီဝယ်ယူပြီး အပြင်ပေါက်ဈေး (မှောင်ခိုဈေး) နဲ့ ပြန်ရောင်းချတာ၊ လောင်စာဆီ ဖြန့်ဖြူးတဲ့ သူတွေနဲ့ ပေါင်းပြီး သတ်မှတ်စျေးနှုန်းထက် ပိုပေးကာ ဝယ်ယူပြီး ပြန်ရောင်းချတာတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ အလုပ်အကိုင် ရှားပါးတဲ့ မြန်မာနိုင်ငံမှာ လောင်စာဆီ အကြပ်အတည်းကို အလုပ်အကိုင် အခွင့်အလမ်းတရပ် အဖြစ်နဲ့ အသွင်ပြောင်းခဲ့ကြတာလည်း တွေ့ကြရပါတယ်။ အခုလို မှောင်ခိုဈေးကွက် ဖြစ်ပွားလာခြင်းရဲ့ အကျိုးဆက်က အမှန်တကယ် လိုအပ်သူတွေ သင့်တင့်တဲ့ဈေးနဲ့ ဝယ်ယူခွင့် မရကြတော့ပဲ တန်းစီထားသူတွေရဲ့ အချိန်နဲ့ လုပ်အားခ၊ ဝယ်ယူပိုင်ခွင့်တွေ အတွက် ငွေကြေးအပိုဆောင်းပေးကြရတဲ့ သဘောလည်း ဖြစ်လာပါတယ်။
အခုလိုအခြေအနေမှာ ပြည်တွင်းစစ် ဖြစ်နေတဲ့ ဒေသတွေ၊ သယ်ယူပို့ဆောင်ရာ လမ်းတလျှောက် စည်းကမ်းအမျိုးမျိုး၊ ကန့်သတ်ချက် အမျိုးမျိုးနဲ့ အခွန်အကောက် အများအပြား ကောက်ယူမှုတွေကြောင့် လက်နက်ကိုင် ပဋိပက္ခဒေသမှာ နေထိုင်တဲ့ ပြည်သူလူထုတွေ အဖို့ ထပ်ဆောင်းစျေးနှုန်းတွေကို ကျခံကြရပြီး စားသောက်ကုန်၊ သွားလာရေး စရိတ်တွေ မတန်တဆ ဈေးနှုန်းဖြစ်လာနေတာ တွေ့ကြ၊ ကြားကြရတာ ဖြစ်ပါတယ်။
ရန်ကုန်နဲ့ ဘယ်လောက်မှ မဝေးတဲ့ ဧရာဝတီတိုင်းရဲ့ ကျေးရွာအချို့မှာ ဓာတ်ဆီတလီတာ ၁ သောင်းခွဲထိ ဈေးနှုန်းရှိပြီး လိုသလောက် ဝယ်ယူလို့မရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးမြို့တွေမှာပင်လျှင် ပြင်ပမှောင်ခိုစျေးကွက်မှာ ဓာတ်ဆီတလီတာကို ကျပ် ၁ သောင်းကနေ ၁၂၀၀၀ လောက်ထိ ရှိနေတယ်လို့ လူမှုကွန်ရက်အချို့မှာ ရေးသားထားကြတာ ဖြစ်ပါတယ်။
လောင်စာဆီ ဈေးနှုန်းအမြင့်ဆုံး ပေးဝယ်ကြရတဲ့ ဒေသတွေကတော့ ရခိုင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ် နဲ့ ရှမ်းမြောက်တို့လို ဒေသတွေ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်က ကုန်စည်ရော ခရီးသွားသူပါ ပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ်ရဲ့ စစ်တွေမြို့မှာ ပြီးခဲ့တဲ့မတ်လဆန်းကတည်းက ဓာတ်ဆီ တလီတာကို အမြင့်ဆုံး ကျပ် ၄ သောင်းအထိ ပေးပြီး ဝယ်ယူကြရတယ်ဆိုတဲ့ သတင်းဖော်ပြမှုတွေလည်း တွေ့ရပါတယ်။ တကြိမ် တခါမျှ မကြားဖူးတဲ့ လောင်စာဆီစျေးနှုန်းတွေက စားသောက်ကုန်၊ ရိက္ခာနဲ့ ကျန်းမာရေးအတွက် သေရင်းရှင်ရေး ကြုံလာချိန် ဆေးကုသခံယူနိုင်ဖို့ အခွင့်အလမ်းတွေကို အတားအဆီး ဖြစ်လာနေကြပါတယ်။
ပြည်သူလူထုတွေ အနေနဲ့ အခုလို စီးပွားရေးကျပ်တည်းမှု ဒုက္ခ၊ အသက်ရှင်သန်ရေးအတွက် ထွက်ပေါက်မရှိလောက်အောင် အခက်အခဲအကျပ်အတည်း ကြုံနေကြရချိန်မှာ နေပြည်တော်မှာတော့ အစိုးရအဖွဲ့သစ် ဖွဲ့ဖို့၊ ဝန်ကြီး၊ ဝန်ကြီးချုပ်၊ သမ္မတ ရွေးချယ်ဖို့ အကြောင်းအရာတွေနဲ့ သီးခြားကမ္ဘာမှာလို လုပ်ဆောင် လည်ပတ်နေကြတာ ဖြစ်ပါတယ်။
ကမ္ဘာမီးလောင်တဲ့ အခြေအနေလို့ မဆိုနိုင်သည့်တိုင် မြန်မာနိုင်ငံ ဒေသအများအပြား နေရာအများအပြားမှာရှိတဲ့ အောက်ခြေ လူတန်းစားအလွှာမှာတော့ သေရေး ရှင်ရေး ဘယ်ဟာ ရွေးရမလဲ ဆိုတဲ့အခြေအနေမျိုးကို ဒိဋ္ဌကြုံတွေ့နေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar