လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၁၀)
“ရှီကျင့်ဖိန်က မာက်စ်ဝါဒ အလုပ်ဖြစ်တယ်” တဲ့။
တရုတ်သမ္မတ ရှီကျင့်ဖိန်က ပီကင်းမြို့၊ တီယန်မင်ရင်ပြင်မှာ၂၀၂၁ ဇူလိုင် ၁ ရက်နေ့က ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ရာပြည့်သဘင် အခမ်းအနားမှာ မိန့်ခွန်းပြောတဲ့အခါ “တရုတ်ပြည့်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ မာက်စ်ဝါဒအလုပ်ဖြစ်တယ် (Marxism Works) ဆိုတာကို သက်သေပြလိုက်တာ”လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါဟာ ရှီရဲ့ အတွေးအမြင်သစ် တရပ်ပါ။ အဲဒီအမြင်ကို တဖြည်းဖြည်း ဖြည့်စွက်တာတွေ၊ အဓိပ္ပာယ်ဖော်တာတွေကို နောက်ပိုင်း မိန့်ခွန်းတွေမှာ၊ ပြောဆိုချက်တွေမှာလည်း တွေ့လာရတယ်။
ဘာကို ဆိုလိုတာလဲ။
မာက်စ်ဝါဒကို စာအုပ်ထဲက သီအိုရီသက်သက်အတိုင်း (တရားသေကျစွာ) မဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ လက်တွေ့မြေပြင် အခြေအနေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ အောင်မြင်မှုတွေ ရရှိခဲ့တာကို သက်သေပြလိုက်နိုင်သလို တရုတ်နိုင်ငံဟာ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာတာဟာလည်း မာက်စ်ဝါဒကို တရုတ်မှုပြုခဲ့လို့ ဖြစ်ကြောင်း ဆိုလိုဟန်ရှိပါတယ်။ ဒါကို သူက တရုတ်မှုပြုထားတဲ့ မာက်စ်ဝါဒ (Marxism with Chinese Characteristic) လို့ အမည်သညာပြုလိုက်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့သမိုင်းမှာ မရှိဘူးသေးတဲ့ တရုတ်လူဦးရေသန်း ၈၀၀ ကျော်ကို အနှစ် (၄၀) အတွင်း လူသက်တန်းတခုအတွင်း ဆင်းရဲခြင်းက လွတ်မြောက်အောင် လုပ်နိုင်တဲ့ အချက်ကလည်း တရုတ်တွေအတွက် အလွန်ဂုဏ်ယူစရာ အချက်ပါ။
အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီနဲ့ အရင်းရှင်စနစ် ကမှမဟုတ်ဘဲ၊ ကွန်မြူနစ်ပါတီတွေက ဦးဆောင်တဲ့ ဆိုရှယ်လစ်စနစ်နဲ့လည်း နိုင်ငံတနိုင်ငံကို အကြီးအကျယ် တိုးတက်အောင် ပြုလုပ်နိုင်တယ်ဆိုတာ တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာကို ပြသလိုက်နိုင်တာကိုလည်း ရည်ညွှန်းလိုက်တာပါ။
ဒီဆိုရှယ်လစ်စနစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များ အတွင်း တရုတ်နိုင်ငံအနေနဲ့ လုပ်ငန်းအရပ်ရပ်မှာ အရင်းရှင်စနစ်ထက် သာလွန်ကြောင်း ပြသနိုင်တာတွေလည်း ရှိပါတယ်။
ဒါ့အပြင်ရှီက "မာက်စ်ဝါဒဟာ အလုပ်ဖြစ်တယ် " လို့ ပြောလိုက်တာဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အုပ်ချုပ်မှုဟာ မှန်ကန်ကြောင်းနဲ့ ရှေ့ဆက်ပြီး ဒီလမ်းစဉ်အတိုင်းပဲ သွားမယ်ဆိုတာကို ပြည်တွင်း ပြည်ပကို ရှင်းရှင်းလင်းလင်း အချက်ပေးလိုက်တာ သို့မဟုတ် သတင်းစကားပါးလိုက်တာလည်း ဖြစ်ပါတယ်။ ဒါဟာ တရုတ်ကွန်မြူနစ်ပါတီ ရဲ့ တရားဝင်မှုနဲ့ ခိုင်မာမှုကို ထပ်မံအတည်ပြု ပေးလိုက်တာပါ။
ရှီကျင့်ဖိန်ရဲ့ အဲဒီမိန့်ခွန်းထဲမှာ အတိအကျ ပြောသွားတာကတော့—
"မာက်စ်ဝါဒဟာ ကျွန်ုပ်တို့ပါတီနဲ့ နိုင်ငံတော်ရဲ့ အခြေခံလမ်းပြ သဘောတရားဖြစ်ပြီး၊ ပါတီရဲ့ ဝိညာဉ်လည်း ဖြစ်ပါတယ်"
"သမိုင်းကြောင်းအရ ကြည့်ရင် တရုတ်ကွန်မြူနစ်ပါတီ ဘာကြောင့် စွမ်းဆောင်နိုင်သလဲ၊ တရုတ်ဝိသေသ လက္ခဏာ ဆောင်တဲ့ ဆိုရှယ်လစ်စနစ် ဘာကြောင့် ကောင်းသလဲဆိုတာဟာ မာက်စ်ဝါဒဟာ အလုပ်ဖြစ်လို့ပဲ ဖြစ်ပါတယ်" တဲ့။
ဒါဟာ တရုတ်နိုင်ငံရဲ့ ခေတ်မီတိုးတက်လာမှု (Modernization) အားလုံးဟာ မာက်စ်ဝါဒရဲ့ အသီးအပွင့်တွေ ဖြစ်တယ်လို့ သူက အမွှမ်းတင်ပြောချင်တဲ့ သဘောပဲ ဖြစ်ပါတယ်။
လှကျော်ဇော
၃-၄-၂၀၂၆
(အချက်အလက်များကို www.cgtn.com မှ ရယူပါတယ်။)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar