စစ်ခေါင်းဆောင် သမ္မတရာထူးယူပြီးနောက် ခပ်စိပ်စိပ်ဖြစ်လာတဲ့ သံတမန်ရေး ထိစပ်မှုတွေ
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၂၁ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၂ ၊ ၂၀၂၆
စစ်ခေါင်းဆောင် သမ္မတရာထူးယူပြီးနောက် ခပ်စိပ်စိပ်ဖြစ်လာတဲ့ သံတမန်ရေး ထိစပ်မှုတွေ
ပြည်သူအများစုက မနှစ်မြို့၊ လက်သင့်မခံသည့်တိုင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းခဲ့တဲ့ ရည်မှန်းချက် ဖြစ်တဲ့ ရွေးကောက်ခံရတဲ့ သမ္မတဖြစ်ရေးဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အကြာက အကောင်အထည်ပေါ်ခဲ့ပြီ ဖြစ်ပါတယ်။ ကြံခိုင်ရေးပါတီ ကြီးစိုးထားတဲ့ လွှတ်တော်နဲ့ စစ်တပ်က သမ္မတလောင်းတွေ မဲပေးရွေးနေစဥ်နဲ့ သမ္မတအဖြစ်ရွေးပြီး ကတိသစ္စာဆိုချိန်တွေမှာ မြန်မာနိုင်ငံ တောင်ဘက်၊ အနောက်ဘက်၊ မြောက်ဘက်နဲ့ အလယ်ပိုင်း၊ အထက်အညာဒေသတွေမှာ စစ်ပွဲတွေ နဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေက ဆက်လက်ဖြစ်ပွားနေခဲ့တာပါ။ နေပြည်တော်က ပြီးခဲ့တဲ့ ၄ လဝန်းကျင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ လိုအပ်သလို စီမံချယ်လှယ်ပြီး အနိုင်ရခဲ့ကြတဲ့ ကြံခိုင်ရေး ကိုယ်စားလှယ်တွေ ဟာ သင်္ကြန်မတိုင်မီ ရက်အနည်းငယ်အတွင်း ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီး၊ ဒုဝန်ကြီး နဲ့ အခြားသော ပြည်ထောင်စု အဆင့်အဖွဲ့အစည်းတွေကို ရွေးချယ်၊ ခန့်အပ်ကြတာတွေနဲ့ အလုပ်များနေချိန် နိုင်ငံအနှံ့အပြားမှာတော့ ထောင်သောင်းချီတဲ့ ပြည်သူတွေက စစ်ပွဲတွေကို တိမ်းရှောင်ရင်း ထိခိုက်သေဆုံးရသူ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရလို့ ရင်ဘတ်စည်တီး ငိုကြွေးနေကြရတဲ့ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ နယ်မြေ ၄၀ ကနေ ၆၀ ရာနှုန်းကြားကို မင်းအောင်လှိုင်စစ်တပ်က ထိန်းချုပ်ထားတယ်လို့ အကြမ်းဖျင်း ခန့်မှန်းကြပြီး ဒီနယ်မြေတွေထဲ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ ပဲခူး၊ မော်လမြိုင်၊ တောင်ကြီး၊ မြစ်ကြီးနား အစရှိတဲ့ ပြည်နယ် နဲ့ တိုင်း တွေရဲ့ မြို့တော်၊ ရန်ကုန်-မန္တလေး ကားလမ်း၊ ရန်ကုန်-သထုံ-ဘားအံ၊ မော်လမြိုင်၊ ရေး၊ ထားဝယ် စတဲ့ ပင်မဆက်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်ထားနိုင်သေးတဲ့ အနေအထားကြောင့် မြန်မာနိုင်ငံရဲ့ အဖျားအနားတွေ အများအပြား လက်လွှတ်ဆုံးရှုံးထားရသည့်တိုင် မြန်မာနိင်ငံမြေပုံရဲ့ အလယ်သားကို ထိန်းချုပ်ထားနိုင်ပြီး၊ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လေဆိပ်၊ သင်္ဘောဆိပ်တွေကိုလည်း ထိန်းချုပ်ထားတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။
သမ္မတ မင်းအောင်လှိုင် အနေနဲ့ သူဖြစ်ချင်တဲ့ သမ္မတဖြစ်ခဲ့ရပြီ ဖြစ်ပေမဲ့ နယ်မြေ အများအပြားဆုံးရှုံးထားရသလို စစ်ပွဲတွေကြောင့် စည်းစိမ်၊ သယံဇာတနဲ့ လူ့အသက် အများအပြားလည်း ဆုံးရှုံးထားတဲ့ ဒဏ်ရာဗရပွနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေရတဲ့ အနေအထားက စိတ်ဓာတ် နဲ့ ဂုဏ်သိက္ခာအားဖြင့် ဝင့်ကြွားစရာ အနေအထားမျိုးတော့ ဟုတ်မနေပါဘူး။
မင်းအောင်လှိုင်ရဲ့ သမ္မတ ကတိသစ္စာပြုပွဲကို လာရောက်ကြတဲ့ နိုင်ငံအရေအတွက်က ရေတွက်ကြည့်ရင် လက်နှစ်ဖက် မပြည့်တဲ့အရေအတွက် ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတချို့နဲ့ ရုရှား၊ ဘယ်လာရုစ် တို့သာဖြစ်လို့ အရပ်သားအစိုးရလို့ အမည်ခံထားတဲ့ မင်းအောင်လှိုင်အစိုးရကို သံတမန်ရေးအရ အကွာအဝေးတခုထားပြီး ဆက်ဆံကြတဲ့ အနေအထားမျိုးလို့ ဆိုနိုင်ပါတယ်။
ကတိသစ္စာပြုပွဲပြီးနောက် သင်္ကြန်ရုံးပိတ်ရက်တွေ အပြီးမှာတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်ကို တရားဝင်ခရီးစဥ်အဖြစ် လာရောက်ကြမဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၂၂ ရက်နေ့ နေပြည်တော်ကိုလာရောက်မှာဖြစ်သလို တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ ဧပြီ ၂၆ ရက်နေ့မှာ နေပြည်တော်ကို လာရောက်ဖို့ ရှိတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဖြစ်တဲ့ ဆီဟာဆတ် ဖုန်ကာ့ကရောင်းရဲ့ ခရီးစဥ်ဟာ သမ္မတဖြစ်ခါစ မင်းအောင်လှိုင်ကို အသိအမှတ်ပြုတဲ့ သဘော၊ မကြာသေးတဲ့ လပိုင်းကမှ အစိုးရအသစ်အဖြင့် ပြန်ဖွဲ့စည်းခဲ့တဲ့ ထိုင်းအစိုးရ အနေနဲ့ မြန်မာနဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားမဲ့ လက္ခဏာအဖြစ် အကဲခတ်နိုင်ပါတယ်။ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေးတွေမှာ အစိုးရအဖွဲ့နဲ့ မြန်မာစစ်ခေါင်းဆောင်တွေအကြား ဆက်ဆံရေးရှိသလို ထိုင်းစစ်တပ် နဲ့ မြန်မာစစ်တပ် အချင်းချင်း ဆက်ဆံရေးကလည်း သီးခြားရှိနေကြတဲ့ သဘောဖြစ်ပါတယ်။ လတ်တလော ထိုင်း-မြန်မာနယ်စပ်မှာ ပြင်းထန်တဲ့ စခန်းသိမ်းတိုက်ပွဲတွေ၊ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ အတွင်း နယ်စပ်မျဥ်းကို ကျော်လွန်ပြီး ဗုံးကျတဲ့ အဖြစ်အပျက်တွေ ခုရက်ပိုင်း ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
မကြာသေးတဲ့ သီတင်းပတ် ကလည်း နယ်စပ်မျဥ်းကျော်လွန်ပြီး လက်နက်ကြီးကျည် ကျတာကြောင့် ထိုင်းနိုင်ငံဘက်က နေထိုင်သူအချို့ ဒဏ်ရာရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါသေးတယ်။ သို့ပေမယ့် ဒီလို အဖြစ်အပျက်တွေကြောင့် ထိုင်း -မြန်မာ စစ်တပ်အကြား ဆက်ဆံရေးကို ကြီးကြီးမားမား ထိခိုက်တာမျိုး မကြားသိကြရပါဘူး။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဥ်အပြင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးရဲ့ မဲခေါင်ဒေသက နိုင်ငံ ၃ နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယား၊ ထိုင်း နဲ့ မြန်မာတို့ကို ခရီးစဥ် တခုအတွင်း တနိုင်ငံပြီးတနိုင်ငံ လာရောက်မယ့် ခရီးစဥ်ဖြစ်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံကို အရင်သွားရောက်ပြီးနောက် မြန်မာနိုင်ငံ နေပြည်တော်ကို လာရောက်မယ့် သဘောဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော် ခရီးစဥ်ဟာ ၂၀၂၄ ခုနှစ် သြဂုတ်လ မဲခေါင်-လန်ချန်း အစည်းအဝေးသွားရာမှာ နေပြည်တော်ကို ဝင်ရောက်ခဲ့တဲ့ ခရီးစဥ်ပြီးနောက် အခုတကြိမ်က ဒုတိယမြောက် ခရီးစဥ်ဖြစ်ပါလိမ့်မယ်။ ၂၀၂၄ ခုနှစ် သြဂုတ်လ ခရီးစဥ်ဟာ အရှေ့မြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးရဲ့ အထွဋ်အထိပ်ကာလမှာ လာရောက်တာ ဖြစ်သလို အရှေ့မြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို တရုတ်နိုင်ငံက တတ်နိုင်သရွေ့ဖိအားပေးဖို့ မူဝါဒအပြောင်းအလဲ ဖြစ်စေတဲ့ ခရီးစဥ်လို့လည်း နောက်ပိုင်း ဖြစ်ရပ်တွေအရ ကောက်ချက်ချကြပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံကို နှစ်နှစ်နီးပါး အတွင်း ဒုတိယအကြိမ်အနေနဲ့ လာရောက်ခြင်းဟာ ဘယ်လို ထူးခြားချက်တွေ ရှိနေနိုင်တာပါလဲ။ တရုတ်နိုင်ငံ အနေနဲ့ မကြာသေးခင်က ရွေးကောက်ပွဲကျင်းပပြီး အရပ်ဝတ်လဲကာ အစိုးရဖွဲ့ သမ္မတတာဝန်ယူခဲ့တဲ့ မင်းအောင်လှိုင် နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးချိန်ညှိမယ့် ရည်ရွယ်ချက်မျိုး ရှိကောင်းရှိနိုင်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ခေတ်သစ်ပိုးလမ်းမလို့ တင်စားခေါ်ဆိုတဲ့ BRI စီမံကိန်းထဲက မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ အပိုင်းတွေကို ပြန်လည်စတင်ချင်နေတာ ထင်ရှားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ တရုတ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့နဲ့ ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့တို့ လားရှိုးမြို့မှာ တွေ့ဆုံခဲ့ကြကြောင်း သတင်းတွေ ပေါ်ထွက်လာပါတယ်။ တွေ့ဆုံဆွေးနွေးကြတဲ့ အဓိက အကြောင်းအရာကတော့ “ခေတ်သစ် ပိုးလမ်းမ” စီမံကိန်းနဲ့ ပတ်သက်တယ်လို့ ဆိုပါတယ်။
ကမ္ဘာမှာ လတ်တလော ဖြစ်ပွားနေတဲ့ အီရန်-အမေရိကန်/အစ္စရေးလ် စစ်ပွဲတွေအတွင်း ကုန်သွယ်ရေလမ်းကြောင်းတွေကို ပိတ်ဆို့ခြင်းဖြင့် စစ်ရေးမှာ အသာစီးရဖို့ ရန်သူကို အထိနာစေဖို့ လုပ်ဆောင်လာကြတာတွေကို တွေ့မြင်ရတဲ့အခါ ကုန်သွယ်ရေလမ်းကြောင်းတွေရဲ့ အချက်အချာနေရာတွေမှာ ဖြစ်တဲ့ မလက္ကာရေလက်ကြားလို နေရာတွေရဲ့ အရေးကြီးမှုကိုလည်း အာရုံစိုက်မိလာကြသလို လမ်းကြောင်းတခုထည်းကို အားကိုးမနေဘဲ အရံ လမ်းကြောင်းတွေကလည်း ပိုပြီးအရေးပါတဲ့ အခန်းကဏ္ဍကို ရောက်ရှိလာကြပါတယ်။
တရုတ်နိုင်ငံအဖို့ ယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံ အရှေ့မြောက်နဲ့ အလယ်ပိုင်းကိုဖြတ်ကာ ရခိုင်ကမ်းရိုးတန်း ဘင်္ဂလားပင်လယ်အော်ကို ထွက်နိုင်တဲ့ လမ်းကြောင်းက ပထဝီနိုင်ငံရေးအရ ပိုပြီး တန်ဖိုးရှိလာတဲ့ လမ်းကြောင်းတခု ဖြစ်လာနေတာပါ။ ဒီလမ်းကြောင်းဟာ ခုလက်ရှိမှာ ရေနံ နဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်သွယ်တန်းထားပြီး ဖြစ်ပေမယ့် ရထားလမ်းလိုစီမံကိန်းမျိုးလည်း တတ်နိုင်ရင် အမြန်ဆုံးတည်ဆောက် လိုတာ ထင်ရှားပါတယ်။
ဒီအခြေအနေတွေကို ခြုံငုံသုံးသပ်ကြည့်ရင် မြန်မာနိုင်ငံရဲ့ ရေမြေအနေအထားဟာ တရုတ်နိုင်ငံအဖို့ မဟာဗျူဟာအရ ပိုမို အရေးပါလာတဲ့ အနေအထားဖြစ်သလို မြန်မာနိုင်ငံထဲမှာ တည်ငြိမ်ရေး နဲ့ စစ်ပွဲတွေ ချုပ်ငြိမ်းရေးလိုမျိုးကို တရုတ်အနေနဲ့ ပြင်းပြစွာလိုလားနေလိမ့်မယ်လို့ မှန်းဆနိုင်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ စစ်တပ်ဘက်ကို ထောက်ခံထားပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိအားပေးမယ့် အလားအလာတွေ ပိုမိုမြင်တွေ့လာရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar