Breaking News

ပဲခူးဆား သာဂိ - အေအိုင်နဲ့ ဘာတွေကို အစားထိုးတော့မှာလဲ


အေအိုင်နဲ့ ဘာတွေကို အစားထိုးတော့မှာလဲ

ပဲခူးဆား သာဂိ 
(မိုးမခ) ဧပြီ ၂၃၊ ၂၀၂၆


မီးမလာတဲ့ အင်တာနက်အပိတ်ခံထားရတဲ့ တို့မြန်မာပြည်မှာတောင် အေအိုင်တွေ ခေတ်စားနေပါပြီ။ အရင်က လမ်းထိပ်ကကြားလို့ ကင်ဆာပျောက် တယ်ဆိုတဲ့ ဒန်းရွက် ကြိုသောက်နေရာကနေ၊ ဆိုရှယ်မီဒီယာက ပြောလို့ ဒန်းရွက် ကြိုသောက်ရတဲ့အဆင့်ကို တက်လာကြပြီးနောက်၊ အခုတော့ ချက်ဂျီပီတီ ပြောလို့ ကင်ဆာပျောက်ဆေး ဒန်းရွက် ကြိုသောက်နေတဲ့ အခြေအနေထိ တိုးတက်လာကြပါပြီ။

ကမ္ဘာမှာ အေအိုင်ပေါ်လာလို့ အလုပ်အကိုင်တွေ ပျောက်ကုန်တော့မယ်ဆိုတဲ့ တဘောင်တွေ အတိတ်တွေ ခေတ် စားနေတာ ဘာဟုတ်လို့လဲ၊ မြန်မာပြည်မှာ မင်းအောင်လှိုင်တို့ စစ်အုပ်စု ပေါ်လာလို့ အလုပ်အကိုင်တွေ အသက်အိုးအိမ်တွေ ပျောက်ကုန်တာ သောက်သောက်လဲပဲ။ ဆိုတော့ မင်းအောင်လှိုင်က အေအိုင်လိုပဲလားလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပြီ။

ပြောချင်တာက အေအိုင်ပါ။ မင်းအောင်လှိုင်မဟုတ်ပါဘူး။ ဒါက စကားစပ်လို့ ပြောမိတာ။ ကမ္ဘာက ပညာတတ်တွေပညာရှင်တွေကတော့ အေအိုင်ပေါ်လာတာကိုစိုးရိမ်ကြပါတယ်။ နံပတ် တစ်က အေအိုင်ကို လူတွေ၏ အလုပ်တွေနေရာမှာ အစားထိုးလိုက်လို့ လူတွေ အလုပ်တွေပြုတ်ကုန်မှာကို စိုးရိမ်ကြတာပါ။ နံပတ်နှစ်ကတော့ ကျောင်း သားတွေပညာသင်တဲ့နေရာမှာ အေအိုင်ကို သုံးလွန်း အားကိုးလွန်းတော့ ဆရာတွေ ကျောင်းတွေက လိုအပ်သေးလို့လားဆိုတဲ့ ပြောဆို ဝေဖန်မှုတွေ ဖြစ်လာကြတာပါ။

အေအိုင်က အလုပ်တိုင်းကို အစားထိုးနေတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့သော် အစားတော့ ထိုးလာတာပါပဲ။ ကွန်ပြူတာသမားတွေထဲမှာ ပရိုဂရမ်ရေးတဲ့ ကုဒ်ဒါတွေ အလုပ်အကိုင်ရှားကုန်ပါတယ်။ ရုံးအလုပ်သမားတွေထဲမှာ လက်ထောက်တွေ ၊ ရုံးစာတွေ အခြေခံအလုပ်တွေ ပြင်ဆင်ပေးသူတွေအစား အေအိုင်ကိုပဲ ခိုင်းလာကြပါတယ်။ ကျွမ်းကျင်အဆင့် ၁ ၊၂ ၊ ၃ ဆိုတာမျိုး အလုပ်အကိုင်သတ်မှတ်ရင် အောက်ခြေက ကျွမ်းကျင်အဆင့် ၁ တွေ ပြုတ်ကုန်တယ် ဆိုရမှာပေါ့။ အော်တိုမက်တစ်ကားတွေ ပေါ်လာတော့ တက္ကစီဒရိုင်ဘာတွေ အလုပ်မရှိတော့သလိုမျိုး။

ရှေးခေတ်က အခြေအနေမျိုးနဲ့ ပြန်ပြောရင် ကွန်ပြူတာပေါ်လာတော့ လက်နှိပ်စက်စာရေးတွေ အလုပ်ပြုတ်၊ ကွန်ပြူတာအော်ပရေတာအဖြစ် ပြောင်းလုပ်ကြရတာမျိုး။ အီးမေးတွေ ပေါ်လာတော့ စာပေးစာယူအလုပ်သမားတွေ အလုပ်ပြုတ်၊ စာတိုက်တွေ အလုပ်တွေ ကျကုန်တာမျိုး။ ဂဏန်းတွက်စက်ပေါ်လာတော့ လော်ဂရစ်သန်စာအုပ်တွေ မရောင်းရတော့ဘူး။ မိုက်ခရိုဝေ့ ပေါ်လာတော့ မီးဖိုထဲမှာ မီးခိုးတွေ မမွှန်တော့ဘူး။ သည်လိုမျိုးပေါ့။ သို့သော် လူတွေကတော့ အခြားလုပ်စရာတွေ ပြောင်းကြ ရှာကြရတော့တာပါပဲ။

အေအိုင်ပေါ်လာတော့ ပညာရေးလောက ၊ စာရင်းအင်းလောက ၊ စီးပွားရေးပညာနယ်ပယ်မှာ ပုစ္ဆာတွေကနေ အဖြေထုတ်တဲ့အလုပ်ကို သူ့ကို ခိုင်းလို့ရလာတယ်လို့ ဆိုကြပါတယ်။ အရင်က ဆရာတွေက မေးခွန်းတွေ ထုတ်ပြီး ကျောင်းသားတွေကို အဖြေရှာခိုင်းပြီး စာမေးပွဲ စစ်နေတာကနေ၊ ဆရာတွေထုတ်တဲ့ မေးခွန်း Problem set တွေကို အဖြေရှာတဲ့အလုပ်က အေအိုင်ကလုပ်ပေးနိုင်ပြီဆိုတော့ ကျောင်းသားလေးတွေက အေအိုင်ကို အဖြေမှန်ရအောင် ရှာခိုင်းနီုင်ဖို့ အဲသည်လိုဉာဏ်ရှိဖို့ ပြောင်းလဲ သင်ကြားပေးရတော့မယ်လို့ ဆိုကြပါတယ်။ အရင်က သင်္ချာဘာသာမှာ ညီမျှခြင်းတွေ စာမျက်နှာ ၂၀၊ ၃၀ နဲ့ တွက်နေတာကနေ ကွန်ပြူတာကို ခိုင်းလို့ရသလိုမျိုး၊ တချို့ပညာနယ်ပယ်မှာ ပုစ္ဆာပေး အဖြေရှာရတဲ့ သင်ကြားရေးစနစ်ကို ပြုပြင်ဖို့ အချိန်ရောက်ပြီလို့ ဆိုကြပါတယ်။

အခုချိန်မှာ အေအိုင်နဲ့ ပညာရေး ဘယ်လို စခန်းသွားကြမလဲဆိုတာ ပြောဖို့ စောပါသေးတယ်။ ဆွေးနွေး ငြင်းခုန်တုန်း။ သို့သော် ကောလိပ်အဆင့် စီးပွားရေးအတန်း၊ စာရင်းအင်းကိုင်၊ ကွန်ပြူတာအတန်း၊ သိပ္ပံအတန်းတွေတွေ ကျောင်းသားတွေ စိတ်ဝင်စားမှု နည်းလာပါတယ်။ ဥပမာ - ဆရာတွေက ၁ နဲ့ ၁ ပေါင်း ၂ ချည်းပဲ သည်အတန်းမှာ နှစ်တိုင်းသင်ပေးနေတာကို ကျောင်းသားကလည်း မလိုချင်တော့ဘူး။ အလုပ်ခွင်တွေကလည်း ၁+၁=၂ လုပ်တတ်တဲ့ ပညာတတ်တွေကို မလိုချင်တော့ဘူး။ သည်လို ဖြစ်လာတယ်လို့ ပြောချင်ပါတယ်။

ဒါဆိုရင် ဘယ်လိုပညာမျိုးတွေကို ပိုခေတ်စားလာမလဲ။ သိပ္ပံမှာတော့ နောက်ပြန်ကြည့်ဦးစားပေးတဲ့ အတွက်အချက်တွေ ခိုင်းတာလုပ်တတ်တာမျိုးတွေထက်၊ ရှေ့သို့မျှော် တွေးခေါ်မှု ပြင်ဆင်မှုတွေဆီ သွားကြမယ် လို့ ဆိုပါတယ်။ ဝိဇ္ဇာမှာတော့ဖြင့် ပထဝီ၊ သမိုင်း၊ ဘာသာစကား၊ အနုပညာ၊ အတွေးအခေါ် စတာတွေကို လူတွေက ပိုလိုအပ်လာမယ် ဆိုကြတယ်။ အေအိုင်က အဖြေရှာတတ်သူ ဆိုပေမယ့် လူမှ မဟုတ်တာကိုး။ သဘာ၀ပတ်ဝန်းကျင်နဲ့ ကိုက်ညီမှု လူ့သမိုင်း ဖြစ်စဉ်တန်ဖိုးတွေနဲ့ လိုက်လျောညီထွေ ရှိမှုကို လူတွေကပဲ ဆုံးဖြတ်ရွေးချယ်ကြမှာ ဖြစ်လို့ အဲသည်လို ပညာတတ်သူတွေ ပိုလိုအပ်မယ် လို့ ဆိုကြတယ်။

အေအိုင်က ဉာဏ်ရည်တုလို့ ပြောကြတယ်။ လူတွေလိုအသိဉာဏ်ရှိတယ်လို့ ဆိုချင်ကြတယ်။ အဲသည်မှာ အေအိုင်နဲ့ လူနဲ့ ကွဲတာကတော့ အင်္ဂလိပ်လို ပြောရရင် လူက feeling and experience ဆိုတာကနေ တွေးခေါ်စဉ်းစား လုပ်ကိုင် ကြတာဖြစ်တယ်။ ကိုယ်ပိုင် ခံစားချက်နဲ့ အတွေ့အကြုံဆိုတာ ရှိပါတယ်။ လူ လူချင်းတောင် မတူကြပါဘူး။ အေအိုင်ကတော့ သူ့ကို သွင်းထားတဲ့ data, algorithmတွေ ကနေ အဖြေသို့မဟုတ် အကြံပြုချက် ထုတ်ပေးရုံသာ ရှိပါတယ်။ ဗမာတွေ၏ အဘိဓမ္မာဥပမာနဲ့ပြောရင် အေအိုင်မှာက ခန္တာ ၅ ပါး၊ ရုပ်နာမ် ၂ ပါး မရှိဘူး လို့ ဆိုရပါမယ်နော်။

အီလန်မတ်စ်တို့လို ခေတ်လွန်ဂုရုကြီးတွေရဲ့ အနာဂတ်အမြင်က ဘာများလဲ။ သူတို့က အေအိုင်၊ နည်းပညာနဲ့ လူမှုဘ၀သစ်တည်ဆောက်တဲ့ဆီမှာ အခုရှိနေတဲ့ သာမန်ရိုးကျအလုပ်တွေ မရှိတော့ဘူး။ လုပ်စရာ မလိုတော့ဘူးတဲ့။ လူဘောင်သစ်မှာ လူတွေက စက်ရုပ်တွေကို ခိုင်းစေပြီး အရှင်သခင်တွေလို အသက် ရှင်ပြီး နေထိုင်ကြဖို့သာ လိုရင်းပဲတဲ့။ စားဖို့ အသက်ရှင်တာမဟုတ်၊ အသက်ရှင်ဖို့ စားနေတာလို့ ဆိုချင်တာပေါ့။ ဥပမာတခုက ရိုဘိုတက္ကစီတွေကို ဝယ်ထားပြီး စက်ရုပ်ကို တက္ကစီမောင်းခိုင်းပြီး ကိုယ်က အိမ်ကနေ ငွေသိမ်းနေရုံပဲလို့ ပြောတာမျိုးပေါ့။ သူတို့တွေးခေါ်တာတွေကို ငြင်းချက်ထုတ်ချင် ထုတ်နိုင်ပေမယ့် သူတို့လို အရင်းရှင်ကြီးတွေက သူတို့အလုပ်မှာ အေအိုင်နဲ့ စက်ရုပ်ပဲ ထားတော့မယ်လို့ တွေးလာကြတာကို ထောက်ပြချင်တာပါ။

လူတွေဟာ စားသုံးသူတွေ ဈေးဝယ်သူတွေ (customer, consumer) တွေဆိုတာကိုတော့ သူတို့က အစားထိုးပစ်မှာ မဟုတ်ပါဘူး။ လူတွေက ဘယ်က ပိုက်ဆံနဲ့ ဝယ်သုံးမှာ ပါလိမ့်လို့ တွေးချင်စရာပေါ့။ သူတို့အလုပ်မရှိရင် ဘယ်ကဝင်ငွေနဲ့ စားကြမလဲ။ အဲသည်မှာ ဉာဏ်ကြီးရှင်တွေက သူတို့တွေ၏ နောက်တဆင့် တွေးခေါ်မျော်မြင်ချက်က ငွေဆိုတာကို အစားထိုးပစ်ဖို့အထိ စဉ်းစားနေကြပုံပါ။ အေအိုင်ရယ် စက်ရုပ်တွေရယ် အော်တိုမေးရှင်းတွေ လည်ပတ်နေရင် လူတွေကို အဲသည်၏ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေ ခံစားကြဖို့ လုပ်ငန်းရှင်ကြီးတွေ အစိုးရကြီးတွေက ထိုက်သင့်သော ငွေကြေးကို ထုတ်ပေးထားမယ်ဆိုတာမျိုး တွေးနေကြတာပါ။ နိုင်ငံသားတွေကို နိုင်ငံတော်က အခြေခံလစာပေးထားမယ် ဆိုတာမျိုး။ universal income ပေါ့။ ဗမာတွေ၏ ကမ္ဘာဦးအစ အတွေးအခေါ်တခုဖြစ်တဲ့ ပဒေသာပင်လိုမျိုး နေမှာပေါ့။ လူတွေက ဘ၀၏ ရှင်သန်ခြင်း အဓိပ္ပါယ်ကို တွေးခေါ်ကြ၊ အသစ်တွေ ဖန်တီး တည်ဆောက်ကြ၊ မျှဝေခံစားကြ။ အချင်းချင်း ပေးဝေကြ။ ဒါမျိုးလား။

ကဲ ထားပါတော့။ ပြောချင်တာက ဘာလဲ။ အေအိုင်ကတော့ လာနေပြီ။ အရင်းရှင်ကြီးတွေ ပညာရှင်ကြီးတွေက ကစားစရာသစ် စမ်းသလို စမ်းနေကြပြီ။ ငါတို့တွေက ဘာလဲ ဘယ်လဲပေါ့။ မေးခွန်းက။ အေအိုင်တွေကတော့ နွေဦးတော်လှန်ရေးအတွက် အဖြေထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ အင်အားကြီးသူတွေ ဉာဏ်ကြီးသူတွေ အနိုင်ယူတော့မယ့် ခေတ်ကို သွားနေရင် ကိုယ်ကလည်း အဲသည်လှိုင်းတော့ စီးကြရမှာပေါ့။ အေအိုင်ကို ဂုတ်ပေါ်က ခွမစီးနိုင်ရင် နောက်ကနေ တရွတ်တိုက် လိုက်ရင် လိုက်ကြရမှာပေါ့။ နို့မို့ သူတို့က နွားအုပ်ကြီးပြေးသလို ကိုယ့်ပေါ်က တက်နင်းပြီး သွားကြတာ ခံကြမလား။

စပျစ်ပင်အောက်မှာ ချစ်သူလေးနဲ့ ဝိုင်တခွက်နဲ့ သေပျော်ပါတယ်ဆိုတဲ့ ခေတ်ကနေ စမတ်ဖုန်းနဲ့ အင်တာနက်ရယ် ရှိရင် သေပျော်ပါပြီဆိုတဲ့ခေတ်ကြီးကို ရောက်နေပါပြီ။ သေပျော်တာထက် နေပျော်အောင် သူတို့ကို အသုံးချ အမြတ်ထုတ်ကြရပါမယ်။ မိသားစုတွေ၊ ဆရာတပည့်တွေ ၊ အလုပ်ရှင်အလုပ်သမားတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ဆက်ဆံရေးမှာ အေအိုင်ကောင်တွေကိုပါ စကားဝိုင်းထဲ ထည့်ပြီး အရာသွင်းတဲ့ခြေလှမ်းကို စကြရမယ် ထင်ပါတယ်။ တခုခုကို သင်ကြားမယ်၊ လေ့လာမယ်၊ ဆွေးနွေးကြမယ် ဆိုတာနဲဲ့ အေအိုင်ကိရိယာတွေဖြစ်တဲ့ ချက်ဂျီပီတီတို့ ကိုပိုင်းလော့တို့ ဂျင်မနိုင်တို့ကိုပါ ဘေးက အရန်ထားပြီး တွဲဖက်သွားကြရင် ထိရောက်ကြမယ် ထင်မိပါတယ်။ ဟိုကင်ဆာပျောက်ဖို့ ဒန်းရွက်ကြိုသောက်ရမလားချည်းပဲ အေအိုင်ကို မေးနေကြရင်တော့ ကိုယ့်ဘေးက အေအိုင်က ပေါချောင်ချောင်ဖြစ်သွားပြီး သူများအေအိုင်လက်ထောက်တွေက ကိုယ့်ထက်သာကုန်မှာပေါ့ဗျာ။

ခေတ်သစ်မှာ ပညာ ဗဟုသုတ ရှာဖွေတာ ပြောင်းလဲသွားပါပြီ။ ကိုယ့်နာရီက ၁၀နာရီမှာ ရပ်ပြီး ပျက်နေတော့ တနေ့မှာ ၂ ခါတော့ မှန်နေတာပဲဆိုပြီး အဟုတ်ကြီးထင်နေကြရင်လည်း ဒန်းရွက်လေး ကြိုသောက်ပြီး ကျန်ရစ်ခဲ့ကြရုံသာ …။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar