နန္ဒအောင် - မြန်မာ့ စာနယ်ဇင်းသမိုင်းကို ဖော်ပြနေတဲ့ ပြည်သူတို့၏ စကားပြန် ( ၂ )
မြန်မာ့ စာနယ်ဇင်းသမိုင်းကို ဖော်ပြနေတဲ့
ပြည်သူတို့၏ စကားပြန် ( ၂ )
နန္ဒအောင်
(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၆
အရင်ခေတ် သတင်းစာဖတ်လိုအားဟာ စာပေလောကမှာတင် ရပ်တန့်မနေဘဲ သာမာန်ပြည်သူတွေအထိပါ သတင်းစာဖတ်လိုအားက စီးဆင်း မြင့်တက်နေတာပါ။ သတင်းစာဖတ်လိုအားက သာမာန်ပြည်သူတွေဆီမှာတောင် အရမ်းမြင့်တက်နေရတဲ့ အကြောင်းအရင်းများစွာ ရှိနေပါလိမ့်မယ်။ သတင်းစာတိုက်တွေရဲ့ ခိုင်မာတဲ့ မူဝါဒ၊ စာဖတ်ပရိသတ် ပြည်သူမျက်နှာအပေါ်ကိုပဲ ကြည့်တဲ့ မူဝါဒ၊ သတင်းတပုဒ်ရဲ့ လေးနက်ခိုင်မာမှုတွေအပြင် တခြား အကြောင်းအရင်းများစွာ ရှိနေပါလိမ့်မယ်။ ဒီနေ့ခေတ်မှာတော့ သတင်းတစ်ပုဒ်ကို အလွယ်ကလေးနဲ့ သင်ဖတ်နိုင်ပေမယ့်၊ သတင်းတု၊ သတင်းမှားတွေ ပေါများနေတဲ့ ခေတ်ကြီးဆိုတော့ သတင်းတစ်ပုဒ်ဟာ အမှန်လား၊ အမှားလားဆိုတဲ့ ဆင်ခြင်ခြင်းကို အခြေခံထားပြီး ဖတ်သင့်ပါတယ်။
စာမျက်နှာ - ၃၅ မှာတော့ စာရေးဆရာ မောင်မဲရဲ့ “ သတင်းစာဘာကြောင့်ငတ်ရ ” ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ရပါတယ်။ သတင်းထောက်၊ သတင်းစာသမားပီပီ လက်တွေ့ကွင်းဆင်းခဲ့တဲ့ အတွေ့အကြုံကို ပြန်လည်မျှဝေ ရေးသားထားတဲ့ သဘောမျိုးပါ။
“ မော်လမြိုင်အနီး တောမြို့လေး တမြို့မှ ကျွန်တော့် မိတ်ဆွေကိုင်းသမား ကိုမြတ်လှက ကျွန်တော့်ကို အပူကပ်ထားသည်မှာ လွန်လာသော တနှစ်နီးပါး အချိန်ကပင် ဖြစ်ပါသည်။
သူက ‘ သတင်းစာကို လပေးနဲ့ ကြည့်ချင်ပါတယ်၊ လုပ်သားရရ၊ ကြေးမုံရရ၊ ဗိုလ်တထောင်ရရ စောင်လောက် လိုချင်ပါတယ် ’ ဟု အပူကပ်ထားခြင်း ဖြစ်လေသည်။
မနေ့က သူရောက်လာသော အခါ၌လည်း ‘ သတင်းစာ တစောင်လောက် လုပ်ပေးပါအုံး ’ ဟု ထပ်ပြီး ပြန်ပြောသည်။ ” ( စာမျက်နှာ - ၃၅ မှ )
မြို့ကြီးပြကြီးတွေတင်မဟုတ်ဘဲ၊ နယ်ဘက်ကျေးဘက်တွေမှာပါ သတင်းစာကို တောင့်တနေကြတာကို တွေ့ရပါတယ်။ ဆရာ မောင်မဲရဲ့ အရေးအသားအရဆိုရင် မြို့ကြီးပြကြီးတွေက သတင်းစာကိုယ်စားလှယ်တွေက တောကလိပ်စာပေးထားပေမယ့် မြို့မှာပဲနေပြီး သတင်းစာတွေကို မြို့ကြီးပြကြီးတွေမှာပဲ ဖြန့်ဖြူးရောင်းချနေတဲ့ သဘောပါ။ ဘာပဲပြောပြော သတင်းစာကို မြို့ပြရော ကျေးလက်ပါမကျန် ဖတ်ချင်စိတ် ပြင်းပြခဲ့တဲ့ခေတ်တစ်ခေတ်ရှိခဲ့တယ်ဆိုတာ ‘ ပြည်သူတို့၏ စကားပြန် ’ စာအုပ်က သက်သေပြလျက်ရှိနေပါတယ်။
မြို့ပြရော ကျေးလက်ပါမကျန် သတင်းစာဖတ်ချင်တဲ့ သတင်းစာဖတ် ပရိသတ် အခိုင်အမာရှိနေပေမယ့် ဆက်သွယ်ရေး ပစ္စည်းတွေ အလွယ်တကူ မရှိတဲ့ ခေတ်ကြီးထဲမှာ သတင်းထောက်လုပ်ရတဲ့ သတင်းထောက်တွေရဲ့ ဘဝဟာ မလွယ်ကူခဲ့ပါဘူး။ အဲဒီလို မလွယ်ကူလို့၊ လွယ်လွယ်နဲ့ မရခဲ့လို့ပဲ သတင်းတစ်ပုဒ်ဟာ ခိုင်မာလေးနက်တယ်လို့ပဲ ပြောချင်ပါတယ်။ လူဆိုတာကလည်း မလွယ်ကူတာနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ လွယ်လွယ်လေးနဲ့ရနေရင်လည်း ဘာမှလေးနက်ချင်တော့တာ မဟုတ်ဘူး။
သတင်းကြော်ငြာ တစ်ပုဒ်ကြောင့် ဘဝပါပြောင်းလဲခဲ့တဲ့ လူတစ်ယောက်ကို ကိုယ်တွေ့ကြုံခဲ့ရဖူးပါတယ်။ ကျွန်တော့် အဖေက စာပေမလိုက်စားပေမယ့် သတင်းစာတော့ ဖတ်လေ့ရှိတယ်။ လက်ဖက်ရည်ဆိုင် ဖွင့်ထားတာဆိုတော့ ကိုယ်ဖတ်ပြီးသား သတင်းစာကို စားပွဲပေါ် တင်ထားလေ့ရှိတယ်။ လက်ဖက်ရည်ဆိုင် လာသောက်နေကျ လူတွေက သတင်းစိတ်ဝင်စားသူတွေ ပါရင် သတင်းစာငှားဖတ်ကြတယ်။ မြင်းလှည်းမောင်းရင်း အသက်မွေးဝမ်းကျောင်းတဲ့ လူတစ်ယောက်က သတင်းစာ ငှားဖတ်ရင်းနဲ့ အစိုးရရုံးတစ်ရုံးရဲ့ အလုပ်ခေါ်စာကို ဖတ်မိပါတယ်။ အဲဒီအလုပ်ကို သွားလျှောက်တော့ အလုပ်ရပါတယ်။ အခုဆိုရင် အဲဒီရုံးကနေ အငြိမ်းစားဝန်ထမ်း တစ်ယောက်
တောင်ဖြစ်နေပါပြီ။ ကျွန်တော့် ဦးလေးအရွယ်ပါ။ အဲဒီဦးလေးနဲ့ ဆုံတော့ ကျွန်တော့် မိသားစုအကြောင်းပြောရင်းနဲ့ ငါ့ဘဝ ပြောင်းလဲခဲ့တဲ့နေ့က ‘ မင်းအဖေကြီးဆီက သတင်းစာငှားဖတ်ရင်းနဲ့ အလုပ်ခေါ်စာသတင်းကို ဖတ်မိတဲ့နေ့ပဲ ’ လို့ ပြောပါတယ်။ ဒါကတော့ သတင်းစာတစ်စောင်နဲ့ ပတ်သက်လို့ ဘဝပြောင်းခဲ့တဲ့ လူတစ်ယောက်အကြောင်း ကိုယ်တွေ့ပါ။
ဆက်သွယ်ရေးပစ္စည်းတွေ အလွယ်တကူမရှိခဲ့တဲ့ခေတ်ကြီးထဲက သတင်းထောက်တွေရဲ့ ဘဝဟာ မလွယ်ကူခဲ့ပါဘူး။ ဟံသာဝတီ သတင်းစာလုပ်သား သိန်းတန်ရဲ့ “ သတင်းလက္ကား ” ဆောင်းပါးမှာ ဖတ်ရပါတယ်။
‘ တိုက်ခွဲဖွင့်လှစ်စ တနှစ်အတွင်း တယ်လီဖုန်းကို အများဆုံး အသုံးပြုကာ သတင်းပေးပို့ခဲ့ရသည်။ ရာသီဥတုမကောင်းလျှင် တယ်လီဖုန်းများ အသံပျက်ကာ ‘ ဇေယျဝတီ ’ ဟူသော သတင်းပေးပို့ချက်ကို ‘ မြဝတီ ’ ဟု တဘက်က ကြားတတ်မှားတတ်သည်။ ’ ( စာမျက်နှာ - ၁၈၀ မှ )
ဓာတ်ပုံသတင်းထောက်လို့ ဆိုရမယ့် ‘ မောင်မောင်အောင်သီ ’ ရေးတဲ့ ‘ ရုပ်လုံးပေါ်သတင်း ’ ဆိုတဲ့ ဆောင်းပါးကိုလည်း ဖတ်ရပါတယ်။ သတင်းစာတွေမှာပါတဲ့ ဓာတ်ပုံသတင်းအကြောင်းပါ။ ဓာတ်ပုံသတင်းထောက်ရဲ့ ဘဝဟာလည်း အန္တရာယ်များပါတယ်။ မောင်မောင်အောင်သီက ဓာတ်ပုံသတင်းထောက်ဘဝ အကြောင်းကို အခုလို ရေးသားထားပါတယ်။
‘ ၁၉၆၇ ဂျွန်လအတွင်းက ရန်ကုန်မြို့မှာ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ကျွန်တော်သတင်းဓာတ်ပုံ သွားရိုက်ပါတယ်။ ဆူပူမှုဖြစ်နေတဲ့ ကျောင်းရှေ့ရောက်တော့ အုတ်ခုံမြင့်ကလေး တခု တွေ့တာနဲ့ အဲဒီအပေါ် တက်ပြီးရိုက်ပါတယ်။ ဓာတ်ပုံနှစ်ကွက်လောက်လဲ ရိုက်ပြီးရော အနီးမှာရှိတဲ့ ကျောင်းသူကလေးတဦးက ကျွန်တော်ကို လက်ညှိုးထိုးပြီး အော်ပါတော့တယ်။
ဒီအချိန်မှာ အနီးအနားမှာရှိနေတဲ့လူတွေက ဝိုင်းလာကြတယ်။ ကျွန်တော့်ဆီက ဖလင်ကိုတောင်းပါတယ်။ ကျွန်တော်က မပေးဘူး။ တောင်းလို့မရတဲ့အဆုံးတော့ ကျွန်တော့်ကို တယောက်တချက် ဝိုင်းရိုက်ကြပါတယ်။ သူတို့မှာပါလာတဲ့ ထီးတွေဟာ သူတို့အတွက် လက်နက်ကောင်းတွေဖြစ်လာပါတယ်၊ လူပေါင်း ဘယ်လောက် ဝိုင်းရိုက်လိုက်တယ် မမှတ်မိတော့ပါဘူး။ ကျွန်တော်သတိလစ်တချက် ရတချက်ဖြစ်သွားတာနဲ့ သူတို့လက်ထဲကိုဖလင်ပါသွားပါတော့တယ်။ ကျွန်တော်ရိုက်တဲ့ သတင်းဓာတ်ပုံတိုက်ကိုမရောက်ပါဘူး။ ကျွန်တော်သာ ဆေးရုံ ရောက်သွားပါတယ်။ ’ ( စာမျက်နှာ - ၂၁၃ နဲ့ ၂၁၄ မှ )
ဓာတ်ပုံသတင်းထောက် တစ်ယောက်ဆိုတာ သတင်းဓာတ်ပုံ တစ်ပုံအတွက် ဘဝကြီးပါ ရင်းထားရတာပါ။ ဆရာ ဦးထင်ကြီး ( စာပေဗိမာန် ) ကတော့ “ သတင်းဓာတ်ပုံများသည် နောင်အခါတွင် မြန်မာနိုင်ငံသမိုင်း၏ ကြေးမုံကားချပ်များဖြစ်သည်။ မြန်မာနိုင်ငံသည် ရှေ့သို့ တနေ့တခြား တိုးတက် ရင့်သန်လာရန် အခြေအနေများ၌ ရှိသည်။ နောင်အနှစ် ၅၀ လောက် ရောက်သောအခါ ယခုခေတ်၏ နောက်ကြောင်းသမိုင်းကို ပြန်ရေးဘို့ ကြုံလာသော် သတင်းစာများနှင့် သတင်းစာများ၌ ပါဝင်သော သတင်းဓာတ်ပုံတို့ကိုသာ အားကိုးရမည် အမှန်ဖြစ်သည်။ ယခုအချိန်မှစ၍ ဂရုတစိုက် ကြိုတင်သိမ်းဆည်း မထားလျှင် နောင်မှ ပြန်ရိုက်ရန်မဖြစ်ပေ ’ လို့ သတင်းဓာတ်ပုံတွေရဲ့ အရေးပါပုံအကြောင်းကို ရေးသားထားပါတယ်။ သတင်းဓာတ်ပုံတွေကနေ ဖော်ပြနေတဲ့ သမိုင်းအဖြစ်အပျက်တွေကလည်း အများသားမလား။
စာရေးဆရာ နတ်မောက်ထွန်းရှိန်ကတော့ ‘ နောင်တန်းကလူ ’ ဆိုတဲ့ ဆောင်းပါးနဲ့ နယ်သတင်းထောက်တွေအကြောင်းကို ရေးပါတယ်။ နယ်သတင်းထောက်တွေရဲ့ အခက်အခဲ ပုံရိပ်တွေအကြောင်းကို ရေးဖွဲ့ထားတာပါ။ နတ်မောက်ထွန်းရှိန်က ‘ မည်သို့ပင်ဖြစ်စေ ဘဝလုံခြုံမှုနှင့် စားဝတ်နေရေး အာမခံချက် တင်းပြည့်ကျပ်ပြည့် မရရှိကြသော နယ်သတင်းထောက်တို့သည် တိုင်းပြည်နှင့် လူမျိုး၊ အစိုးရနှင့် ပြည်သူအကြားတွင် လူထုဆက်သွယ်ရေး၊ စည်းရုံးရေး၊ လှုံ့ဆော်ရေး သတင်းစာ တပ်သားကောင်းများအဖြစ် ရပ်တည်ရာတွင် ရှေ့တန်းက နေရာမရစေကာမူ နောက်တန်းမှ မားမားမတ်မတ်ရပ်လျက် ရှိကြသူများပင် ဖြစ်ပါသတည်း ’ ( စာမျက်နှာ - ၂၈၈ မှ ) လို့ ရေးသားထားပါတယ်။
စာရေးဆရာ အောင်ဗလကတော့ သတင်းစာသမား တစ်ယောက်မှာ ရှိသင့်တဲ့ သတ္တိကို ‘ သတင်းစာ သတ္တိ ’ ဆိုတဲ့ ဆောင်းပါးနဲ့ ရေးသားထားပါတယ်။ ဆရာ အောင်ဗလရဲ့ ဆောင်းပါးကြောင့် တခေတ်တခါက မြန်မာသတင်းစာလောကကို ဗမာ့ခေတ် ဦးအုန်းခင်နဲ့ နေးရှင်းဦးလောရုံတို့ နှစ်ယောက်သား စိုးမိုးထားခဲ့တဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ သိခွင့်ရခဲ့တယ်။ ဆရာ အောင်ဗလက ဗမာ့ခေတ်သတင်းစာရဲ့ လခစား တစ်ယောက်ဆိုပေမယ့် အလုပ်ပြုတ်ချင်ပြုတ်ပစေဆိုပြီး အစည်းအဝေးတစ်ခုမှာ ဦးအုန်းခင်ရဲ့ အဆိုပြုချက်ကို ထကန့်ကွက်ခဲ့ပါတယ်။
နေးရှင်း ဦးလောရုံကိုလည်း ဆရာ အောင်ဗလက ဝေဖန်တဲ့ ဆောင်းပါးရေးခဲ့တယ်။ ဦးလောရုံကို ဝေဖန်တဲ့ ဆောင်းပါးရဲ့ ကလောင်နာမည်ကိုလည်း ကလောင်ဝှက် မသုံးဘဲ နာမည်ရင်းနဲ့ပဲ ရေးသားခဲ့လို့ ဦးလောရုံက ‘ ကျေးဇူးတင်ပါတယ်ကွာ ’ လို့ ပြောခဲ့တယ်။ ဆရာ အောင်ဗလကတော့ ‘ သတင်းစာသမား တဦးအဘို့သတ္တိဆိုတာ မှန်တယ်ထင်တာကို ရေးဝံ့တာပါ။ ရေးဝံ့ရာမှာ တဦးဦးကို လွှဲမချဘဲ ကျုပ်ရေးတာဗျို့လို့ ပြောဝံ့ဘို့လဲ သတ္တိလိုတယ်။ ရေးရဲပြောရဲပြီး တဘက်မှာ ထိခိုက်သူရဲ့ ပြုသမျှကို ပြုံးပြုံးကလေးခံရဲတာက အရေးကြီးဆုံး သတ္တိဗျ။ ခံရတာ သတင်းထောက်ဗျ ...’ ( စာမျက်နှာ - ၂၃၆ မှ ) လို့ ရေးသားခဲ့ပါတယ်။
‘ ပြည်သူတို့၏ စကားပြန် ’ စာအုပ်ထဲမှာ ဆရာ ငွေဥဒေါင်းရဲ့ ‘ မဂ္ဂဇင်း၊ ဂျာနယ်နှင့် သတင်းစာ ’ ဆောင်းပါးထဲမှာလည်း အရင်ခေတ် သတင်းစာတွေအကြောင်း သိကောင်းဖွယ်ရာတွေ တွေ့ရပါတယ်။ ဆရာ ငွေဥဒေါင်း အဆိုအရ မြန်မာစာနယ်ဇင်း သမိုင်းတလျှောက်မှာ ၁၉၂၀ ကနေ ၁၉၃၅ ခုနှစ်ခန့်အထိ အချိန်ပိုင်းတွေမှာ သတင်းစာတွေထက် ဂျာနယ်တွေက အင်အားပိုပြီး ကောင်းတဲ့အချိန်ပိုင်းတွေပါလို့ ဆိုပါတယ်။ ‘ စာဖတ်တဲ့ ပြည်သူလူထုအများစုကလည်း သတင်းစာထက် ဂျာနယ်တွေကို ပိုပြီး အဖတ်များကြတယ်။ အထိအတွေ့များကြတယ် ’ လို့ ဆရာ ငွေဥဒေါင်းက ဆိုပါတယ်။
ဆရာ ငွေဥဒေါင်းက ‘ သူရိယ၊ မြန်မာ့အလင်းတို့ မတိုင်မီက သတင်းစာများသည် သတင်းစာဟုဆိုရသော်လည်း သတင်းစာအသွင်ဆောင်သော မဂ္ဂဇင်းများ သို့မဟုတ် ဂျာနယ်များဟု ဆိုနိုင်လောက်သည် ’ ( စာမျက်နှာ - ၄၀ မှ ) လို့ ရေးထားပါတယ်။ ပထမကမ္ဘာစစ်ရိပ် သမ်းလာတော့ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းတွေ လှုပ်ရှားလျက်ရှိတဲ့ ၂၀ ရာစုနှစ်ဦးပိုင်းရောက်တော့မှ ဦးဘဘေ၊ ဦးလှဖေတို့ ဦးစီးပြီး ခေတ်အမြင်ရှိတဲ့ အသိုင်းအဝိုင်းတွေ ပါဝင်တဲ့ သူရိယသတင်းစာနဲ့ ဦးရွှေကြူး၊ ဆရာပီမိုးနင်း၊ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးတို့ ဦးစီးတဲ့ မြန်မာ့အလင်းတို့ မရှေးမနှောင်း ထွက်ပေါ်လာကြောင်းကို ဆရာ ငွေဥဒေါင်း အရေးအသားအရ သိရတယ်။
ခေါင်းကြီး အရေးကောင်းလို့ ‘ ခေါင်းကြီး ဦးထွန်းသန်း ’ လို့ ခေါ်ကြတဲ့ တိုးတက်ရေး ဦးထွန်းသန်းက ‘ သူရိယ၊ မြန်မာ့အလင်းတို့ မတိုင်မီက သတင်းစာများသည် အမျိုး၊ ဘာသာ၊ ပိဋကတ်၊ ကဗျာ အငြင်းအခုံများနှင့်သာ ပြီးနေကြောင်း။ သူရိယ၊ မြန်မာ့အလင်းတို့ ပေါ်ပေါက်လာသဖြင့် သတင်းစာလောက၏ အလားအလာ များစွာ တိုးတက်လာကြောင်း ’ ( ဦးထွန်းသန်း၏ မြန်မာပြည်နိုင်ငံရေးရှင်းတမ်း ) ရေးသားခဲ့တယ်။ သူကြီးဂေဇက် ဦးခင်မောင်ရဲ့ အရေးအသားအရ အရင်ခေတ် သတင်းစာတွေမှာ လူပျံတော် ပညာရှိကြီးတွေရဲ့ အမျိုးဘာသာ၊ သပိတ်သံ အိတ်သံတွေ လွှမ်းမိုးခဲ့ကြောင်းကိုလည်း သိခဲ့ရပါတယ်။
ဆရာ ငွေဥဒေါင်းရဲ့ သတင်းစာတွေထက် ဂျာနယ်တွေ အားကောင်းခဲ့ပုံကို မြင်တဲ့အမြင်ကိုလည်း အခုလို ဖတ်ရပါတယ်။
‘ ဤသို့ဖြစ်ရသည့်အကြောင်းမှာ ပြည်သူအများစုသည် ပင်ကိုယ်အားဖြင့် သတင်းစာနှင့် အထိအတွေ့နည်းခဲ့သည့် အပေါ်တွင် ဂျာနယ်များက သတင်းစာထက်ပို၍ အခန်းကဏ္ဍစုံလင်ခြင်း၊ မြန်မာ့ပင်ကိုယ်ကြိုက်ဖြစ်သော ဟာသသဘောနှင့် ကဗျာလင်္ကာတို့ ရောပြွမ်းပါရှိခြင်း၊ ဂျာနယ်ပိုင်းတွင် ပြောင်ပြောင်ထက်ထက် ရေးနိုင်စွမ်းရှိကြသော ဆရာ ပီမိုးနင်း၊ ဒီးဒုတ်ဦးဘချို၊ ဗန္ဓုလဦးစိန်စသော ကလောင်အင်အားများ ရှိနေခြင်းတို့ကြောင့်ဟု ယူဆရသည်။
သတင်းစာတို့၏ သတင်းနယ်ပယ်ကျယ်ပြန့်လာမှုဟု ဆိုနိုင်သော လယ်သမား သူပုန်ကြီး ဂဠန်ဆရာစံတို့၏ တော်လှန်ရေး အရေးအခင်း ကာလအတွင်း၌ပင် သတင်းစာတို့၏ အင်အားသည် ဂျာနယ်ကို မလွှမ်းမိုးနိုင်ခဲ့ပေ။ ’ ( စာမျက်နှာ - ၄၃ မှ )
ဆရာ ငွေဥဒေါင်းရဲ့ ဆောင်းပါးထဲမှာ သူရိယ၊ မြန်မာ့အလင်း သတင်းစာတွေဟာ တစ်နေ့ဖတ်လို့ မကုန်နိုင်လောက်အောင် စာမျက်နှာ - ၅၂ မျက်နှာအထိ မဂ္ဂဇင်း၊ ဂျာနယ်ကြီးတွေ ပုံစံမျိုး ထုတ်ဝေလာခဲ့တာကို ဖတ်ရပါတယ်။ ‘ အရင်ခေတ် သတင်းစာတွေက တပတ်မှာ တနင်္ဂနွေ တစ်ရက်နားကြတယ်။ နားတဲ့ တနင်္ဂနွေမှာ ဖတ်ဖို့ စနေထုတ် သတင်းစာတွေကို ဂျာနယ်မဂ္ဂဇင်း ပုံစံတွေနဲ့ စာမျက်နှာအပို၊ အစီအစဉ်ပိုတွေနဲ့ ထုတ်ဝေကြတယ်။ တချို့ သတင်းစာတွေက စနေနေ့တင်သာ မဟုတ်ဘဲ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့တွေမှာ တစ်ပတ်လျှင် ဂျာနယ်၊ မဂ္ဂဇင်းပုံစံ နှစ်ကြိမ်ဖြစ်အောင် ထုတ်ဝေကြတယ် ’ လို့ ဆရာ ငွေဥဒေါင်းက မှတ်တမ်းတင်ခဲ့တယ်။
ဆရာ ငွေဥဒေါင်းက ဟံသာဝတီ သတင်းစာနဲ့ ပတ်သက်လို့ ‘ ယင်းသို့လျှင် ဂျာနယ်မဂ္ဂဇင်း အမည်မခံဘဲ ဂျာနယ်မဂ္ဂဇင်း အသွင်ယူကာ ရောနှောထုတ်ဝေခဲ့ကြရာမှ မဂ္ဂဇင်းကဏ္ဍဟု အမည်ဖော်ကာ စတင်ထုတ်ဝေခဲ့သော သတင်းစာမှာ စစ်ပြီးခေတ် ဟံသာဝတီ သတင်းစာဟု မှတ်သားမိသည် ’ ( စာမျက်နှာ - ၄၅ မှ ) လို့ မှတ်တမ်းတင် ရေးသားခဲ့တယ်။
( ဆက်ပါဦးမည် )
* အခန်း ၁- https://www.moemaka.com/2026/04/blog-post_20.html
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar