Breaking News

ငြိမ်းဝေ - ''ဒုံသမိချောင်းပေါ်က ကြယ်နီ ၇''

 

Art- Than Htay Maung

''ဒုံသမိချောင်းပေါ်က ကြယ်နီ ၇''
ဒုံသမိချောင်းဘေး သေနင်္ဂဗျူဟာကျေးရွာများဆီ ဒုတိယအကြိမ်သွားရောက်ခြင်းနှင့် 

အာရေဗျပုံပြင်ထဲက ရေတံခွန်ကြီး
ငြိမ်းဝေ
(မိုးမခ)ဧပြီ ၁၆၊ ၂၀၂၆


၁။

တညအိပ်ခဲ့ရသည့် တဲပျက်ကလေးမှာ သံလွင်မြစ်ကမ်းဈေးဆိုင်တန်း၏ ထိပ်တွင်ဖြစ်သည်။
တဲပေါ်ကဆင်းပြီး အညောင်းအညာပြေစေရန် လမ်းအတိုင်း လမ်းလျှောက်လာလိုက်သည်။ 
မနေ့မနက် ရှစ်နာရီက ကျနော်နှင့် ဗိုလ်သိန်းစိုးတို့ မာနယ်ပလောမှ ခြေလျင်ထွက်ခဲ့ကြသည်။ ဦးတည်ချက်ကတော့ တပ်မဟာ ၁ နယ်မြေသို့ ဒုတိယအကြိမ် ခြေဆန့်ခြင်း၊ သတင်းအချက်အလက် ယူလိုခြင်း ဖြစ်သည်။
ပထမအကြိမ် တပ်မဟာ ၁ နယ်မြေဆင်းပြီးနောက် ရရှိလာသည့် သတင်းများအပေါ်အခြေခံကာ သတင်းဆောင်းပါးများ ကျနော်ရေးခဲ့၏။ အထူးသဖြင့် ခေတ်ပြိုင်ဂျာနယ် အမှတ် ၅ နှင့် ၆ တွင် “ ဒုံသမိချောင်းကမ်း ငရဲခန်းများ” ခေါင်းစဉ်ဖြင့် အခန်းဆက် ခရီးသွားသတင်းဆောင်းပါးများ ရေးခဲ့၏။ 
သည်ကြားထဲ နော်ဝေမြန်မာကောင်စီဥက္ကဋ္ဌ “မစ္စတာ အဲဗတ် ခူ ကူလွိုင်း”နှင့် သူ၏အတွင်းရေးမှူးမလေး “ဟယ်လင်နာ”တို့ နော်ဝေမှ မာနယ်ပလောသို့ လာရောက်လည်ပါတ်ကြ၏။ မစ္စတာကူလွိုင်းမှာ DVB  အသံလွှင့်ဌာနထူထောင်ရာတွင် ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းခေါင်းဆောင်သော NCGUB နည်းတူ အရေးပါပြီး အဓိကကျသော ပုဂ္ဂိုလ် ဖြစ်သည်။  နော်ဝေအစိုးရထံမှ အသံလွှင့်လုပ်ငန်းလိုင်စင် ရရှိအောင် အဓိကကြိုးပမ်းသူမှာလည်း သူပင်ဖြစ်သည်။ သူသည် မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုကိုထောက်ခံအားပေးသူဖြစ်သည်။ သူနှင့် ဟယ်လင်နာတို့က နယ်ဆင်းပြီး ပြန်ရောက်ကာစ DVB သတင်းထောက် ကျနော်နှင့် တွေ့ချင်သည်ဟုဆိုသဖြင့် သူတို့နှစ်ယောက်နှင့်ကျနော် မာနယ်ပလောတည်းခိုရိပ်သာတွင် သွားတွေ့ရ၏။ ကျနော်ရိုက်ယူလာခဲ့သော ကျုံစိန်ရွာ လက်နက်ကြီးကျစဉ် ထွက် ပြေးကြသော ရွာသားများဓာတ်ပုံကို သူထုတ်ဝေမည့်စာအုပ်တွင် အသုံးပြုခွင့်တောင်း၏။ ပြီးတော့ ဟယ်လင်နာက ကျနော်နှင့်သီးခြားတွေ့ဆုံကာ တပ်မဟာ ၁ အတွေ့အကြုံများကို မေး၏။ ကျနော့်ပြောပြချက်များအပေါ် စာနာစိတ်ဖြင့်နားထောင်၏။ သူတို့နှစ်ဦး မာနယ်ပလောမှပြန်ကြသော အခါ ဟယ်လင်နာက ကျနော့်အတွက် ဓာတ်ခဲနှင့်အသုံးပြုရသော ကင်မရာတလုံးနှင့် ကျနော်လိုချင်သော စာအုပ်တချို့ဝယ်ကာ ဘန်ကောက်မှတဆင့် ပို့ပေးခဲ့၏။ 
 (သည်နေရာတွင် အထူးရှင်းပြဖို့ လိုအပ်မည်ထင်သည့်အချက် ရှိပါသည်။ ကျနော်ရယူခဲ့သည့် ရှေ့ တန်းဒေသသတင်းများ ပြန်လည်အသံလွှင့်ရာနှင့်  ပုံနှိပ်ဖော်ပြရာ၌ နေ့ချင်းညချင်းတော့ မဖော်ပြနိုင်ခဲ့ အသံမလွှင့်နိုင်ခဲ့ပါ။ ရှေ့တန်းဒေသကနေပြီး ဌာနချုပ်မာနယ်ပလောကို ယခုခေတ်လို သတင်းများကို အချိန်နှင့် တပြေးညီဆက်သွယ်ပို့ဆောင်နိုင်သောအချိန်မျိုးမဟုတ်သေးပါ။ လက်ကိုင်ဖုန်းလည်း မပေါ်သေးပါ။ အင်တာနက် လူမှုကွန်ရက်ဆိုတာလည်း မရှိသေးပါ။ ထို့ကြောင့် ကျနော့်မှာ ကျနော်ရရှိသည့်သတင်းများကို သတင်းဆောင်းပါးများ အသံလွှင့်ဆောင်းပါးများအနေဖြင့်သာ ပြင်ဆင်ထုပ်ပိုးပြီး အသုံးပြုခဲ့ရ၏။ ထိုစဉ်က DVB မှတဆင့် “ဒုံသမိချောင်းပေါ်က ကြယ်နီ” အခန်းဆက် အသံလွှင့်အစီစဉ် ၁၉ ပိုင်းအထိတော့ အသံလွှင့်နိုင်ခဲ့၏။)
တွေးကောင်းကောင်းနှင့် လမ်းလျှောက်ရင်း တွေးနေစဉ် တဲပျက်ကလေးဆီက  ဗိုလ်သိန်းစိုး၏အော်ခေါ်သံကြားလိုက်ရ၏။

“ ဆရာငြိမ်းရေ မြန်မြန်လာ၊ စက်လှေရပြီ ဟိုဘက်ကမ်းကူးဖို့ ကျနော်တြိ့ကိုစောင့်နေတယ်”

သံလွင်ကမ်းနား လှေဆိပ်ကိုဆင်းတော့ မနေ့ညနေကတည်းက တမေ့တမေါ ကြည့်ခဲ့ရသည့် ရေတံခွန်ကြီးရှိရာ သမင်လည်ပြန်ကြည့်ဖြစ်အောင် ကြည့်မိသေးသည်။ အတော်ဝေးသော တောင်တန်းကြီး၏ ခါးလည်တနေရာက လှပသော ရေတံခွန်ကြီး။ မနက်အိပ်ရာထတော့လည်း နိုးနိုးချင်း ရေတံခွန်ကြီးကို တမေ့တမောကြည့်ခဲ့ရသေး၏။ ကျနော့်စိတ်ထဲ ငယ်စဉ်က ရုပ်ရှင်ထဲတွင် ကြည့်ခဲ့ရဖူးသည့် ထူးဆန်းသော အာရေဗျပုံပြင်ထဲက ရေတံခွန်ကြိးကို ပြန်တွေးမိနေသည်။ ရုပ်ရှင်ထဲက ပုံပြင်လာ ရေတံခွန်ကြီးက ဖွင့်လို့ပိတ်လို့ရသည့် ရေတံခွန်ကြီးဖြစ်၏။ ဓါတ်ပုံရိုက်ဖို့ စိတ်ကူးသော်လည်း ကင်မရာထဲတွင် ဖလင်က မရှိသေး။ ထို့ကြောင့် အပြန်ကြမှ ရိုက်ဖြစ်အောင်ရိုက်မည်ဟု တေးထားလိုက်ရ၏။
စက်လှေပေါ်ကျနော်ရောက်တော့ စက်လှေသည်လည်း သံလွင်မြစ်တဖက်ကမ်းသို့ စက်သံမြှင့်ပြီး မောင်းထွက်လေသည်။

၂။

သည်တခါ တပ်မဟာ ၁ ခရီးစဉ်က ပထမတခေါက်တုန်းကလို သံလွင်တဘက်ကမ်း မယ်ညောခီးတောင်ကိုကျော်ရသည့် လမ်းမဟုတ်။ မာနယ်ပလောမှတဆင့် သောင်ရင်းမြစ်ဘေးအတိုင်း ခြေလျင်ဆန်လာရ၏။ တနေကုန်မှ သံလွင်မြစ် အ‌ေရှ့ဘက်ကမ်း နွားမှောင်ခို ဈေးကွက်ရွာကိုရောက်၏။ ယင်းဈေးကွက်ရွာတွင် တညအိပ်ရ၏။ မနက်ကြကာမှ သံလွင်မြစ်ကိုကူးကာ တပ်မဟာ ၁ နယ်မြေထဲ ခရီးဆက်ရခြင်း ဖြစ်သည်။ 
တချို့နေရာတွင် တောလမ်းအတိုင်း၊ တချို့နေရာတွင် နွားမှောင်ခိုလမ်းအတိုင်း ခြေလျင်တနေကုန်ခရီးနှင်ပြီး ဟီးထိုးထတောင်ကြားသို့အဝင် နေရောင်ခြည်က တော်တော်အားပျော့သွားပြီဖြစ်သည်။ တောစပ်တနေရာတွင် တဲကလေးတလုံးတွေ့၏။ ထိုတဲတွင်ပင် ဆန်ကျိုးကိုဖြေကာ ဟန်းကောနှင့် ထမင်းချက်ကြ၏။ “ဆန်ကျိုး” ဆိုသည်မှာ ဆန်ကို လက်သီးဆုပ်မရှိတရှိအကျယ် အိတ်အရှည်ထဲထည့်ကာ စလွ ယ်သိုင်း ယူလာသော ဆန်အိပ်အရှည်ကို ဆန်ကျိုးဟု ခေါ်ခြင်းဖြစ်သည်။ ပါလာသည့် မာမားထုပ်များကို ရေနည်းနည်းဖြင့်ပြုပ်ကာ ခေါက်ဆွဲသုပ်လုပ်ပြီး ထမင်းစားလိုက်ကြ၏။ 
တဲကလေးမှာ တောင်ကြားထဲကထွက်လာသော စမ်းချောင်းဘေးတွင် ရှိသည်။ တဲရှေ့နှင့်ဘေးတွင် စားပင်များစိုက်ထား၏။ တဲရှင်က စကားသိတ်မပြော။ အင်မတန် နှုတ်နည်းလေသည်။ ညကြတော့ ကျနော်တို့သုံးယောက်စလုံး တဲဘေးတောစပ်တွင် ပခက်ဆွဲပြီး အိပ်ကြ၏။ မနက်ကြတော့ နေခေါင်းပြူကာစတွင် ခရီးထွက်ကြ၏။ ကျနော်တို့ထွက်လာတော့ တဲရှင်မှာမူ မနိုးသေး။
တောင်ကြားလမ်းမှာ နွားမှောင်ခိုလမ်းဖြစ်သဖြင့် နွားခြေရာခွက်များ ပြည့်နေ၏။ တောင်ကုန်းပြေပြေမြင့်မြင့် တနေရာအရောက်တွင် ဆီးဖြူပင်တပင်အောက် ရောက်လာ၏။ ဆီးဖြူသီးတချို့ အပင်အောက်တွင်တွေ့၏။ ဆီးဖြူသီးများမှာ အံ့ဩရလောက်အောင်ကြီး၏။ တချို့ဆိုလျင် ဖန်ဂေါ်လီအကြီးများလောက် ရှိ၏။ တလုံးကိုကောက်ပြီး စားကြည့်သောအခါ အဖန်ဓါတ်နည်းပြီး ချို၏။ ကျနော်က ပူပြင်းသောနေရောင်အောက်တွင် အမောပြေစားရန် အလုံးနှစ်ဆယ်မျှ အားရဝမ်းသာ ကြောပိုးအိပ်ထဲကောက်ထည့်ခဲ့၏။ တလမ်းလုံးလည်း စားကောင်းကောင်းနှင့် တလုံးပြီးတလုံး စားလာခဲ့၏။
ညနေ လေးနာရီခန့်တွင် တလမ်းလုံးစားခဲ့သော ဆီးဖြူသီးများက တန်ခိုးပြလာတော့သည်။ ကျနော့်မှာ ဣန္ဒြေမဆည်နိုင်လောက်အောင် ဗိုက်အောင့်လေထိုး ဖြစ်လာ၏။ အခုလို ဗိုက်အောင့်လေထိုးမှုမျိုး တသက်တွင် တခါမျှမခံစားဖူးသေး။ ကောက်ရိုးပုံတခုဘေး တောစပ်သို့ရောက်သောအခါ လမ်းဆက်မလျှောက်နိုင်တော့ဘဲ ကောက်ရိုးပုံပေါ်လှဲချရင်း အပြင်းအထန် လေထိုးတော့၏။ 
ဗိုလ်သိန်းစိုးနှင့် ရဲဘော်လေးဝှေ့စာမှာ ကျနော့်အဖြစ်ကိုကြည့်ကာ ထိတ်လန့်နေကြ၏။ သူတို့တွင် မည်သည့်ဆေးမျှမပါ။ ဒါ့အပြင် လူသူမနီး တောကြီးမျက်မည်းခရီး လမ်းခွပ်လပ်။ မခံမရပ်နိုင်လွန်းတော့ ကျနော် သတိလစ်သွားခဲ့၏။ သတိပြန်ရလို့ ဘေးဘီကိုကြည့်သောအခါ ကျနော့်ဘေးတွင် မီးဖိုတခုတွေ့ရ၏။ ဗိုလ်သိန်းစိုးက ဟန်းကောနှင့်ရေနွေးတည်နေလေသည်။ သတိပြန်ရလာသောကျနော့်ကိုငုံ့ကြည့်ကာ ဗိုလ်သိန်းစိုးမှာ ဝမ်းသာနေ၏။ နောက်ထပ် နာရီဝက်ခန့်ရှိတော့ ရဲဘော်လေးဝှေ့စာနှင့် ကရင်အမျိုးသမီးငယ်တဦးရောက်လာ၏။ တောင်ခြေရွာက ဝမ်းဆွဲဆရာမလေးကို သွားခေါ်လာခဲ့ခြင်း ဖြစ်သည်။ ဝမ်းဆွဲဆရာမလေးက အစာကြေလေဆေး နှစ်ပြားတိုက်၏။ ရေနွေးတိုက်၏။ ခြေလက်များပူနွေးသည်အထိ ဆုပ်နယ်ပေး၏။ ကျနော် သတိလစ်အိပ်ပျော်နေစဉ်က မကြာခဏဆိုသလို လေလည်နေခဲ့ကြောင်း ဗိုလ်သိန်းစိုးက ပြောပြ၏။ ကံအားလျော်စွာ ကျနော့်မှာ လူကောင်းပကတိ ပြန်ဖြစ်လာ၏။
မိနစ်နှစ်ဆယ်ခန့်ရှိသောအခါ နေရောင်ခြည်မှာလုံးဝချုပ်ငြိမ်းသွားပြီ ဖြစ်သည်။ ဝမ်းဆွဲ ဆရာမလေးအပါအဝင် ကျနော်တို့လေးယောက် ဆရာမလေး၏ ဓာတ်မီးအကူအညီဖြင့်ပင် တောင်ခြေရွာအထိ ခရီးနှင်ကြလေသည်။

၃။

မနေ့က ဟီးထိုးထတောင်ကြားမှထွက်ကာ တနေကုန်ခရီးနှင်ပြီး နေစောင်းကာမှ မဲပလိရွာခြေ ရောက်ကြလေသည်။ 
ကျောင်းဆရာ ကိုမျိုးမြင့်အိမ်တွင် စည်းရုံးရေးမှူး စောချောအို့အိုးက အဆင်သင့်စောင့်နေသည်ကို တွေ့ရ၏။ မိနစ်နှစ်ဆယ်မျှနားပြီးမှ ခြေလက်သုပ်သင်ကြ၏။ ကျနော့်အ‌ေခြအနေမှာ အနည်းငယ်အားနည်းနေသည်မှလွဲ အားလုံးကောင်းနေသဖြင့် ကိုယ့်ကိုယ်ကို စိတ်ချသွားရ၏။ 
ကိုမျိုးမြင့်အိမ်တွင်ပင် ကျနော်တို့သုံးယောက် ထမင်းစားကြ၏။ စောချောအို့အိုးကမူ ဝင်မစား။ ညဉ့်နက်တော့ စောချောအို့အိုး ပြန်သွား၏။ ဗိုလ်သိန်းစိုးနှင့် ဝှေ့စာက တခြားအိမ်များတွင် သွားအိပ်ပြီး ကျနော်က ဆရာကိုမျိုးမြင့်အိမ်တွင် အိပ်၏။
မနက် နေကောင်းကောင်းထွက်‌လို့ အိပ်ရာနိုးတော့ ဆရာကိုမျိုးမြင့်ဇနီးက ကျနော့်အတွက် ထမင်းစားပွဲအဆင်သင့်နှင့် စောင့်နေသည်ကို တွေ့ရ၏။ ကျနော်ကြိုက်သော ပဲကတ္တီပါပြုပ်နှင့် ငပိရည်စပ်စပ် ဖြစ်သည်။ တို့စရာဟင်းရွက်များက စုံသည်။
မဲပလိရွာမှ နေ့လည်ခင်း နေပူကြဲကြဲအောက်တွင် ခရီးထွက်ကြရပြန်သည်။ ယွန်းစလင်းချောင်းမကူးခင် ကမ်းစပ်ဈေးဆိုင်လေးတွင် ခဏ ဝင်နားကြ၏။ ဈေးဆိုင်ပိုင်ရှင်မှာ မူဆလင်မိသားစု ဖြစ်သည်။ စစ်မက်ဖြစ်ပွါးပြီး လုံခြုံရေးစိတ်မချရသော သ ည်လိုနေရာမျိုးတွင် လာရောက်နေထိုင်သည့် မူဆလင်မိသားစုကို ကျနော်အံ့ဩကြောင်းပြောမိတော့ သည်မိသားစုမှာ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းရှိရာ တစတစ ရွှေ့သွားကြမည့်သူများ ဖြစ်သည်ဟု ဗိုလ်သိန်းစိုးက ပြော၏။
ယွန်းစလင်းချောင်း တဖက်ကမ်းတွင် ကျနော်တို့သည် တပ်မဟာမှူး ဗိုလ်ချုပ်ကျော်လင်းနှင့် တွေ့ဆုံရမည် ဖြစ်ကြောင်း၊ သထုံခရိုင်အတွင်းရေးမှူး ပဒိုကိုလေးလည်း ပါကြောင်း၊ ကျနော့်ကို တပ်မဟာမှူးထံအပ်ကာ ဗိုလ်သိန်းစိုးက ကျနော်နှင့် ယာယီလမ်းခွဲမည်ဖြစ်ကြောင်း  ကြိုတင်ပြောပြ၏။
မိုးအကုန် ဆောင်းကူးချိန်က တပ်မဟာမှူး ဗိုလ်ချုပ်ကျော်လင်း၊ ခရိုင်အတွင်း‌ေရးမှူး ပဒိုကိုလေးတို့ကို မာနယ်ပ‌ေလာတွင် ကျနော်တွေ့ဆုံ သိကျွမ်းခဲ့ပြီးဖြစ်သည်။ သူတို့နှစ်ဦး  မာနယ်ပလော အစည်းအဝေးလာတက်စဉ် ကျနော့်မိခင်အဖွဲ့အစည်းဖြစ်သော NLD LA လူကြီးများက သူတိုနှစ်ဦးကို  ကျနော်တို့၏ရုံးချုပ်တွင် ထမင်းစားဖိတ်ခဲ့ကြ၏။ ထိုအချိန်က တပ်မဟာ ၁ အတွေ့အကြုံများကို ကျနော်က ဆောင်းပါးများလည်းရေး DVB မှ အသံလည်းလွှင့်နေသည့်အချိန် ဖြစ်သည်။ ထို့ကြောင့် တပ်မဟာမှူးနှင့် ပဒိုကိုလေးတို့က ကျနော့်ကို တွေ့ချင်နေကြသည်ဟု ဆို၏။ 
တပ်မဟာမှူးနှင့် ပဒိုကိုလေးတို့ ကျနော်နှင့်တွေ့ဆုံဖို့ စီစဉ်ပေးသူမှာ ထိုစဉ်က မာနယ်ပလော DVB ရွှေဗဟိုစည်စတူဒီယိုတာဝန်ခံ ကိုစိုးဟန် ဖြစ်သည်။ ကိုစိုးဟန်က ဘီးလင်းမှတောခိုလာသူဖြစ်ပြီး ပဒိုကိုလေးနှင့် ရင်းနီး၏။
ထိုစဉ်က တပ်မဟာမှူးနှင့် ပဒိုကိုလေးထံ အကူအညီတခု အလေးအနက်ထား ကျနော်တောင်းခဲ့သည်။ ကော့ကရိတ်ဖါပွန် ထောက်ပို့ကားလမ်းတွင် နအဖစစ်တပ်က ဒေသခံကျေးရွာလူထုကို “လူသားမိုင်းရှာကိရိယာ” အဖြစ် အဓမ္မခိုင်းစေနေသည်ဟု ကျနော်သိရကြောင်းနှင့် ယင်းအဖြစ်အပျက်ကို ဖြစ်နိင်လျင် ကျနော် ကိုယ်တိုင်သွားရောက် သတင်းယူချင်ပါကြောင်း၊ သွားရောက်သတင်းယူနိုင်ဖို့ အကူအညီတောင်းခံပါကြောင်း ကျနော်ပြောခဲ့၏။ ထိုစဉ်က တပ်မဟာမှူး ဗိုလ်ချုပ်ကျော်လင်းရော ခရိုင်အတွင်းရေးမှူး ပဒိုကိုလေးနှစ်ဦးစလုံးက ကူညီပေးမည့်အကြောင်း ကျနော့်ကို ကတိပေးခဲ့ကြ၏။ 
ယခု ယွန်းစလင်း‌ေချာင်းတဖက်ကမ်းတွင် တပ်မဟာမှူးနှင့်ကျနော် ထပ်ပြီး တွေ့ဆုံရမည်ဟု ဗိုလ်သိန်းစိုးကပြောသောအခါ ကျနော့်မှာ မျှော်လင့်ချက်တခုပြည့်တော့မည်‌လောဟု ချက်ချင်းတွေးမိသည်။ 
ယွန်းစလင်းချောင်းမှာ ထိုအချိန်က ရေတော်တော်တိမ်သည်။ ဒူးဆစ်သာသာပဲ ရေရှိသည်။ တဖက်ကမ်းကိုကူးပြီး တောစပ်ကိုရောက်တော့ ညနေ ခြောက်နာရီရှိပြီ။ ဗိုလ်သိန်းစိုးက တချိန်လုံး စက်ဖြင့်စကားပြော လာခဲ့၏။ သူနှင့်ဝှေ့စာက ကနေ့တည ကျနော်နှင့်အတူအိပ်ပြီး နောက်နေ့တွင် ကျနော့်ကို တပ်မဟာမှူးထံထားခဲ့ပြီး လမ်းခွဲကြမည်ဖြစ်သည်။ 
တောထဲဝင်လာပြီး ငါးမိနစ်ခန့်အကြာ ကျနော်တို့ဘေးတွင် KNU စစ်သားတချို့အသံမပြုဘဲ  ပေါ်လာခဲ့၏။ ဗိုလ်သိန်းစိုးနှင့် စစ်သားတယောက် အပြန်အလှန် နှုတ်ဆက်ပြီးနောက် တဲတလုံးနှင့် စစ်သားတချို့ ထပ်တွေ့ရ၏။ တဲမှာ ငှက်ပျောဖက်အမိုး ငှက်ပျောဖက်အကာ ယာယီဝါးတဲဖြစ်၏။ တဲဘေးတွင် တပ်မဟာမှူးက ရပ်နေသည်။ တပ်မဟာမှူးမှာ အသက် ခြောက်ဆယ်မရှိတရှိဟုထင်ရ‌သော ပိန်ပိန်ပါးပါး အရပ်မြင့်မြင့်လူတယောက် ဖြစ်သည်။ ဗိုလ်ချုပ်ကျော်လင်းက ပြုံးပြကာ “ကိုငြိမ်းဝေ နေကောင်းတယ်နော်” ဟု ကျနော့်ကိုနှုတ်ဆက်သည်။  ကျနော်က “နေကောင်းပါတယ်ဗိုလ်ချုပ်”ဟု ပြန်ပြောစဉ် ကျနော်တို့ဘေးသို့ လူတယောက်လာရပ်၏။ ခရိုင်အတွင်းရေးမှူး ပဒိုကိုလေးဖြစ်လေသည်။
ထိုညက ဗိုလ်ချုပ်ကျော်လင်း၊ ပဒိုကိုလေးနှင့် ကျနော်တို့သုံးယောက် စကားတော်တော် ပြောဖြစ်၏။ အထူးသဖြင့် သူတို့နှစ်ဦးက ကျနော်ပြောပြသည့် DVB အကြောင်းများကို တကယ့်ကို စိတ်ဝင်တစား နားထောင်ကြ မေးကြ၏။ ကျနော်ကလည်း DVB နှင့်ပတ်သက်ပြီး ကျနော်လက်လှမ်းမီပြီး ပြောလို့ရသည့်အချက်အလက်များကို ပြောပြရ၏။
စကားဝိုင်းမဆုံးခင် ကရင်စစ်သားတဦး တပ်မဟာမှူးထံလာပြီး ကရင်လိုတခွန်းနှစ်ခွန်းပြော၏။ ထို့နောက် တပ်မဟာမှူးက ကျနော်အကြားချင်ဆုံးမျှော်လင့်ထာသောစကားကိုပြောလာလေတော့သည်။ 
“ ကိုငြိမ်းဝေရေ ခင်ဗျားတော့ အဆင်ပြေပြီ၊ မနက်ဖြန် ခင်ဗျား ခရီးထွက်ရမယ်၊ ကျနော့်ဆီက ရဲဘော်တယောက်ပါမယ်၊ ရန်သူ့ကားတန်းဆင်းမယ်တဲ့၊ အစတော့ ခင်ဗျားလည်း ခရီးပန်းနေလို့ နောက်တခါကားတန်း အဆင်းအတက်လုပ်မှ သွားခိုင်းမလို့ပဲ၊ ခုဟာက မနက်ဖြန်မသွားလို့ကို မရဘူးဗျ၊ ဒီတခါကားတန်းဆင်းတာ ဒီရာသီအတွက် နောက်ဆုံးဆင်းတဲ့ကားတန်း ဖြစ်ဖို့များတယ်ဗျ၊ အဲဒီတော့ ခင်ဗျား မနက်ခရီးထွက်ဖို့သာပြင်ပေတော့၊ ကျနော်ထည့်ပေးမယ့် တပ်ကြပ်ကြီးဖါး‌ေတးနဲ့ ခင်ဗျား ကျောက်ဖြာရွာကို သွားရမှာဗျ”

တပ်မဟာမှူး၏စကားကိုကြားတော့ ကျနော့်မှာ ဖေါ်မပြတတ်အောင် ဝမ်းသာသွားရသည်‌ေတာ့ အမှန်ဖြစ်သည်။ နအဖစစ်တပ်က စစ်ကားတန်းမဆင်းခင် ကားလမ်းအနီး ရွာသားများကို ကားလမ်းပေါ်တက် တံပျက်စည်း လှည်းခိုင်း၏။ အကယ်၍် KNU က မိုင်းထောင်ထားခဲ့သည်ရှိသော် တံပျက်စီးလှည်းရသည့်ရွာသားများ မိုင်းထိကြမည် ဖြစ်သည်။ သည်နည်းဖြင့် သူတို့စစ်ကားများ မိုင်းမထိစေရန် ဒေသခံရွာသားများကို  “လူသားမိုင်းရှာကြိယာ” အဖြစ် အသုံးချခြင်း ဖြစ်သည်။ 
တပ်မဟာမှူးနှင့်စကားပြောပြီး မိမိအိပ်ရန်စီစဉ်ထားသည့် သစ်ပင်ခြေရင်းကိုရောက်တော့ ဗိုလ်သိန်းစိုးကို အကျိုးအကြောင်း ပြောပြရ၏။ တဆက်တည်းဆိုသလို ဗိုလ်သိန်းစိုးကို မေးခွန်းတခု ကျနော် မေးလိုက်သည်။

“ ဒီကနေပြီး ကမ္မမောင်းကိုသွားပြီး ဖလင်ဝယ် ပြီးတော့ ကျောက်ဖြာရွာကို ဖလင်လာပို့မယ်ဆိုရင် ဘယ်လောက် ကြာမယ်ထင်လဲဗျ”
ဗိုလ်သိန်းစိုးက ခဏစဉ်းစားပြီး..
“ အသွားတည ပြန်လာပြီး ကျောက်ဖြာရွာ ဆက်လာမယ်ဆိုရင် အားလုံး နှစ်ညအိပ်သုံးရက်တော့ကြာမယ်ဆရာငြိမ်း”
ကျနော်က ထိတ်ထိတ်ပြာပြာဖြစ်သွားသောစိတ်ကိုအတင်းဖုံးဖိကာ... “ အော် ဟုတ်လား၊ အေးဗျာ သွားရင်းလာရင်း ဖလင်ထပ်လိုရင်ဝယ်ခိုင်းရအောင်လို့ မေးကြည့်တာပါ” ဟု ဣန္ဒြေမပျက် ပြန်ပြောလိုက်၏။ အမှန်တကယ်တော့ ကျနော့်မှာ အခက်အခဲတခုရှိလာပြန်သည်။
မာနယ်ပလောက ထွက်လာစဉ်က ကျနော့်မှာ ခရီးစရိတ် ဘတ်သုံးရာပါ၏။ စတူဒီယိုတာဝန်ခံ ကိုစိုးးဟန်က သည်ခရီးမှာလည်း ဌာနကလွှတ်ခြင်းမဟုတ်ဘဲ မိမိသဘောနှင့်မိမိ ဆင်းသည့်အတွက် ခရီး စရိတ်မပေးနိုင်ဟု ပြော၏။ နောက်တော့မှ ဘတ်ငွေ ၁၅၀ ထုတ်ပေး၏။ ကျနော့်ကိုယ်ပိုင်ငွေနှင့်ပေါင်းမှ ဘတ်သုံးရာ ဖြစ်လေသည်။ ထိုငွေထဲမှ ဖလင်တလိပ်ဝယ်ရန် စဉ်းစားထား၏။ သို့သော် ဖလင်က ထိုင်းဘက်ကမ်း သော်လဲထ ဈေးကွက်ရွာကို စက်လှေဖြင့်သွားဝယ်လျင် အသွားအပြန် အနည်းဆုံး နေ့ဝက်ခရီး ဖြစ်သည်။ သို့နှင့် ဖလင်ဝယ်ဖို့ စက်လှေစုံစမ်းနေစဉ် ဗိုလ်သိန်းစိုးက ခရီးထွက်ဖို့ ပြောလာခဲ့၏။ ထို့ကြောင့် ကျနော့်မှာ ကင်မရာနှင့် ဓာတ်ခဲသာပါ၏။ ဖလင် ဝယ်ချိန်မရခဲ့။
ပထမအကြိမ် တပ်မဟာ ၁ သို့ဆင်းစဉ်က ဘားအံမြို့နယ် ပဒိုလာဘ၏ အကူအညီဖြင့် ဆက်သားတယောက်ကို ကမ္မမောင်းသို့လွှတ်ပြီး ဖလင်ဝယ်ခဲ့ဖူး၏။ ထို့ကြောင့် သည်တခေါက်တွင်လည်း ဗိုလ်သိန်းစိုး သို့မဟုတ် နယ်မြေတာဝန်ရှိသူတဦးဦးကို အကူအညီတောင်းကာ ကမ္မမောင်းတွင် ဖလင်ဆင်းဝယ်ခိုင်းမည်ဟု စဉ်းစားထားခဲ့၏။ သို့သော် နေ့မဆိုင်းညမဆိုင်း ခရီးထွက်ရမည်ဖြစ်ပြီး ကျနော်သွားရမည့် ကျောက်ဖြာရွာဆီ နောက်က ဆက်သားဖြင့် ဖလင်လိုက်ပို့ရန်ကလည်း ဗိုလ်သိန်းစိုး၏ ပြောစကားအရတွက်ချက်လျင် အချိန်က မမှီနိုင်တော့။
ညနေက တပ်မဟာမှူး၏ ရဲဘော်လေးနှစ်ယောက်က ကင်မရာထုတ်ကြည့်နေသောကျနော့်ကို အမှတ်တရ တပုံလောက်ရိုက်ပေးဖို့ တောင်းဆိုသဖြင့် ဖလင်မပါသောကင်မရာဖြင့်ပင် သူတို့စိတ်ကြေနပ်အောင် ခလုပ်နှိပ်ပြီး ရိုက်ပေးခဲ့သေး၏။
ကျနော့်ကင်မရာမှာ ဖလင်မထည့်ထားသော်လည်း ဓာတ်ခဲထည့်ပြီး ခလုပ်နှိပ်လျင် မောင်းတံမြည်ပြီး ဓာတ်ပုံတကယ်ရိုက်သလို မောင်းကျ၏။ 
အမှန်တကယ်တော့ ကျနော့်မှာ မဖြစ်လို့သာ ရဲဘော်လေးများကို ဓာတ်ပုံရိုက်ပေးလိုက်ရသော်လည်း ကင်မရာထဲ ဖလင်မပါသည်ကို မည်သူမှမသိပါ။ 

ကျနော်သည် မာနယ်ပလော ဗဟိုဌာနချုပ် အသံလွှင့်ဌာနမှဆင်းလာသော သတင်းထောက်ဖြစ်သည်။ ထို့ကြောင့် ဖလင်မပါသည့်ကင်မရာဖြင့် ခရီးထွက်လာလိမ့်မည်ဟု မည်သူမျှ မထင်နိုင်ပါ။ ထို့ကြောင့် ဖလင်ဝယ်ပြီး မပြန်ခင် တပ်မဟာမှူးတို့အဖွဲ့နှင့် ပြန်တွေ့သည့်အခါကြမှ ထိုရဲဘော်လေးနှစ်ဦးကို ဖလင်ထည့် ထပ်ရိုက်ပေးတော့မည်ဟုတွေးပြီး အိန္ဒြေမပျက် ကင်မရာခလုပ်ကို နှိပ်ခဲ့ခြင်း ဖြစ်သည်။ အခုတော့ ကျောက်ဖြာရွာ စစ်ကားများအဆင်းအတက်လုပ်စဉ် လိုအပ်သောဓါတ်ပုံများရိုက်ရန် အချိန်မီ ဖလင်မရောက်လာနိုင်တော့။ ကျနော့်မှာ ထိုညက လူသားမိုင်းရှာကိရိယာများကို မျက်ဝါးထင်ထင်သတင်းယူခွင့်ရတော့မည့် အခွင့်အရေးအတွက် ဝမ်းသာရ စိတ်လှုပ်ရှားရ။ ပြီးတော့ ဖလင်မရှိသောကင်မရာအတွက် ယူကြုံးမရ ဖြစ်ရ။
စိတ်ကိုမနည်းထိန်းဆုံးမကာ ညဉ့်နက်သည်အထိ အိပ်မပျော်ခဲ့။

ငြိမ်းဝေ
( အပိုင်း ၈ သို့ ဆက်လက်ဖတ်ရှုပါရန်….) 

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar