Breaking News

ငြိမ်းဝေ - ဒုံသမိချောင်းပေါ်က ကြယ်နီ ၆

Art- Than Htay Maung
 
ဒုံသမိချောင်းပေါ်က ကြယ်နီ ၆
ပွေးတကောင်နှင့် ချေဟောက်သံ ဂီတ၊ 
မေလရဲ့ သစ်ခွပန်းများ
ငြိမ်းဝေ
(မိုးမခ) ဧပြီ ၉၊ ၂၀၂၆ 

၁။
မဲပလိရွာ ရွာငှားကျောင်းဆရာကိုမျိုးမြင့်အိမ်တွင် ကျနော့်ကိုလိုက်ပို့သောဆက်သား ပြန်သွားခဲ့သည်။ ကျနော်က မာနယ်ပလောကိုပြန်ရန် ဗိုလ်သိန်းစိုးကို မဲပလိရွာမှ စောင့်ရမည်ဖြစ်သည်။ 

မဲပလိရွာကိုပြန်ရောက်‌ရောက်ချင်း စည်းရုံးရေးမှူး စောချောအို့အိုးကို တွေ့ချင်နေမိသည်။ စောအို့အိုးက မဲပလိရွာနှင့်ဆက်နေသောအိမ်ခြေဆယ်အိမ်မျှရှိသည့်တဲစုတွင်နေသူဖြစ်သည်။ ကျနော်ရောက်နေကြောင်း လူလွှတ်ပြီးပြောပေးမည်ဟု ဆရာကိုမျိုးမြင့်က ဆိုသည်။

နာရီဝက်ခန့်ကြာတော့ ကျနော်တို့ဆီ စောချောအို့အိုးရောက်လာ၏။ ကျနော်ရောက်လာမည့်အကြောင်း ဗိုလ်သိန်းစိုးက သူ့ထံ စက်ဖြင့်အကြောင်းကြားထားသဖြင့် သူကလည်း ကျနော့်ကိုမျှော်နေကြောင်း ပြော၏။ ကျနော့်ကို ပြန်တွေ့ရသဖြင့် သူ့ခဗျာ ဝမ်းသာနေသည်မှာ သိသာလှသည်။ ကနေ့ည သူ့အိမ်မှာ လိုက်အိပ်ဖို့ပြော၏။ ကိုမျိုးမြင့်က ရောက်တာမကြာသေးသဖြင့် ရေနွေးသောက်ရင်း ခဏနားပါစေအုန်းဟု ပြော၏။

မေလမို့ နေအပူရှိန် တော်တော်ပြင်းသည်။ မဲပလိရွာမှာ သစ်ပင်များအုံ့ဆိုင်းနေသလိုမို့ အပူဒဏ်သက်သာစေသော်လည်း တလမ်းလုံး နေပူအောက်ခရီးနှင်လာရသဖြင့် ကျနော့်မှာ ချွေးသီးချွေပေါက်များ တော်တော်နှင့် မသိပ်နိုင်သေး။

ညက မိဆိုင်းတောင်ပေါ် ပဒိုသာထူးကျော်၏စခန်းတွင် တတိယညအဖြစ်အိပ်ခဲ့သည်။ မနက်ကြတော့ ရဲဘော်တယောက်ကတောင်ခြေအထိလိုက်ပို့၏။ တောင်ခြေတောစပ်တွင် လူတယောက်က ကျနော့်ကိုစောင့်နေ၏။ ပြီးတော့ ယွန်းစလင်းချောင်းအထိ လိုက်ပို့သည်။ ယွန်းစလင်းချောင်းဘေးရောက်တော့ နောက်ထပ်ဆက်သားတယောက်နှင့်တူ မဲပလိရွာဆီ ခရီးဆက်ခဲ့ရ၏။ ဆရာကိုမျိုးမြင့်အိမ်ရောက်ပြီး ခဏအကြာရှိတာနဲ့သာစားပါဟုဆိုပြီး ဆရာကိုမျိုးမြင့်က ထမင်းကျွေး၏။ ကျနော်လည်း ဟန်မဆောင်တော့ပဲ ငပိရည်၊ ကြက်ဥကြော်နှင့် ဗိုက်ပြည့်အောင် စားရတော့သည်။
ထမင်းစားပြီးပြီးချင်း ‌စည်းရုံးရေးမှူး စေချောအို့အိုး တပြုံးပြုံးနှင့် ရောက်လာခြင်းဖြစ်သည်။

ကျနော်နှင့်စောချောအို့အိုး ကိုမျိုးမြင့်၏ အိမ်ရှေ့ကပြင်တွင် ခြေထောက်ချ စကားပြောနေကြစဉ် ကိုက်ငါးဆယ်ခန့်အကွာ ကုက္ကိုပင်ကြီးအောက်၌ ကလေးတသိုက် ကစားနေကြ၏။ 
ထိုစဉ်မှာပင် အမျိုးသမီးတဦး ရွာလည်လမ်းအတိုင်း ပြေးဝင်လာခဲ့၏။ ပါးစပ်ကလည်း တစုံတရာအော်ဟစ်၏။ ကစားနေသောကလေးတွေက အလန့်တကြား ဟိုဒီပြေးကြ၏။ လူတချို့ အိမ်တွေထဲမှထွက်လာကာ အော်ကြဟစ်ကြပြန်သည်။ လူသုံးလေးယောက် မောကြီးပန်းကြီးဖြင့် ကျနော်တို့ရှေ့မှဖြတ်ကာ အိမ်တွေကြားရောက်သွား၏။ ခွေးဟောင်သံများ အော်သံဟစ်သံများမှာ ပွက်လောရိုက်နေတော့သည်။

“ ရန်သူလာတယ်ဆရာငြိမ်း လာလာ ကျနော့်နောက်ကလိုက်”

ကျနော်က ကြောပိုးအိပ်ကိုကောက်လွယ်ကာ စောချောအို့အိုးနောက်မှလိုက်ဖို့ပြင်သည်။ သို့သော် ဆရာကိုမျိုးမြင့်ကို သတိရသွားသည်။ ကိုမျိုးမြင့်က ခြေတဖက်မသန်သူ။ 
ထိုစဉ်မှာပင် ကိုမျိုးမြင့်၏ဇနီးက ခလေးကိုခါးတစ်ခွင်ကာ အိမ်ပေါ်က ခုန်ချလေသည်။
မပြေးဘဲ ကိုမျိုးမြင့်ဘက်လှည့်နေသောကျနော့်ကြောင့် စောချောအို့အိုးလည်း မပြေးဘဲ ရပ်နေရ၏။

“ ပြေးပြေးဆရာငြိမ်း ချောအို့အိုးနောက်ကိုသာလိုက်၊ ကျနော့်မှာ ပုန်းစရာနေရာရှိတယ် ပြေးပြေးဆရာငြိမ်း”

လူတွေက တဘက်တည်းကိုသာပြေးနေခြင်းမဟုတ်။ ဦးတည်ရာအနှံ့ပြေးနေကြခြင်း ဖြစ်သည်။ စောချောအို့အိုးက ရှေ့ကဖြောင့်အောင်မပြေး။ နောက်ကကျနော့်ကို ခဏခဏငဲ့ကြည့်ရင်း ပြေးသည်။ ကျနော့်အထင် ငါးမိနစ်ခန့်အတွင်း သစ်ပင်များအတွင်းမြုပ်နေသောတဲတချို့ကို ကျော်လာခဲ့ကြသည်။ စမ်းချောင်းတခုကိုကျော်ကြရသည်။ အော်သံဟစ်သံများ သိပ်မကြားရတော့။ ကျနော်တို့နှင့်အတူပြေးလာသူလည်း တဦးမှမရှိ။ စောချောအို့အိုးက အပြေးရပ်ကာ စကားပြောစက်ဖြင့်စကားပြော သည်။ ထို့နောက် ပြုံးဖြဲဖြဲဖြင့် ကျနော့်ကိုကြည့်သည်။

“ ရန်သူမဟုတ်ပါဘူးဆရာငြိမ်း၊ အချင်းချင်းလန့်ပြီးပြေးကြတာပါ၊ လာလာ ကျနော့်အိမ် ဒီနားမှာပဲ၊ စိတ်မပူတော့နဲ့ဆရာငြိမ်း”

သူကသာ စိတ်မပူတော့ဖို့ပြောပေမယ့် ကျနော့်မှာ စိတ်မချနိုင်သေး။ အသက်ရှူမရအောင် မောနေသေး၏။ လူနှစ်ရောက်က တောထဲမှတိုးထွက်လာကာ စောချောအို့အိုးကို ကရင်လိုစကားပြောသွားကြ၏။ စောချောအို့အိုးက စကားပြောစက်ဖြင့် စကားတွေအမျှင်မပြတ်အောင်ပြောနေသေး၏။ ခဏနေတော့ ကျနော်တို့နှစ်ယောက် စမ်းချောင်းအတိုင်း ပြန်လျှောက်လာကြသည်။ သစ်ပင်များခြုံပုတ်များက လူသွားလမ်းမမြင်ရအောင် ပိန်းပိတ်နေ၏။ 

တနေရာအရောက်တွင် ကုန်းမြင့်ပေါ်ကဆင်းလာသည့်လူသွားလမ်းတခုတွေ့၏။ ထိုလမ်းအတိုင်း ကုန်းပေါ်တက်မည်အပြု လမ်းဘေးတွင် ဝါးတရိုက်သာသာအမြင့် ကြောင်သျှာပင်တပင်ကို ကြောင်သျှာသီးလေးငါးဆ‌ယ်‌ေတာင့်ခန့်နှင့်တွေ့၏။ ကျနော်က နုပျိုလွန်းသောကြောင်သျှာပင်ကို မော့ကြည့်ပြီး “ ဟာ ကြောင်သျှာသီးတွေ ကောင်းလိုက်တာ”ဟု ပြောလိုက်မိ၏။ စောချောအို့အိုးက ကျနော့်ကိုကြည့်ပြီး “ နင်စားသလား”ဟု မေး၏။ ကျနော်က “ ဟာ စားတာပေါ့ဗျ”ဟု ပြန်ပြောလိုက်ပြီး တောင်ကုန်းပေါ် တက်ခဲ့ကြ၏။ တဲသာသာအိမ်တလုံး၏ ကပြင်ပေါ်တွင် ကျနော်တို့နှစ်ယောက်တက်ထိုင်မိသောအခါ အိမ်နောက်ဘေးခန်းအမှောင်ထဲမှ အမျိုးသမီးတဦးထွက်လာ၏။ စောချောအို့အိုးနှင့် ပြုံးကာရယ်ကာ စကား‌ေပြာကြ၏။ ရန်သူလာသည်အထင်နှင့် လူတွေထွက်ပြေးကြရသည်ကို ပြောနေမှန်း ကျနော်သိသည်။ နာရီဝက်ခန့်နားပြီးသောအခါ တောင်ကုန်း၏ အခြားတဖက် တောင်ပေါ်မှ ဝါးဖြင့်သွယ်ထားသော ရေစင်ရှိရာ ကျနော့ကို စောချောအို့အိုးက ခေါ်လာပြီး ခြေလက်သုပ်သင်စေလေသည်။ ကျနော်က အေးမြသော တောင်ကျရေတွင် ရေပါချိုးပစ်လိုက်၏။ ရေမချိုးဖြစ်သည်မှာ သုံးရက်ရှိပြီမို့ ရေကိုအားရအောင် ချိုး၏။ ထို့နောက် တဲပေါ်ပြန်ရောက်ကာ တဲဘေးကဝါးလုံးပေါ် နံငယ်ပိုင်းကိုလှမ်း၏။

“ဒီညနေတော့ ဆရာငြိမ်း ဟင်းကောင်းမယ်၊ ခဏနေကျနော်ပြန်လာမယ်၊ ဆရာငြိမ်း ဒီမှာနေ၊ ဘာမှစိတ်မပူတော့နဲ့ ကျနော် ခဏကလေးပဲ” ဟုဆိုကာ စောချောအို့အိုးက လွယ်အိပ်တလုံးလွယ်ပြီး  ပေါက်တူးတလက်ထမ်းကာ ထွက်သွား၏။

နာရီဝက်ခန့်ရှိသောအခါ အိမ်ရှေ့ ဝါးကပြင်ပေါ် အိပ်ပျော်နေသောကျနော်ဘေးတွင် ကြောင်သျှာသီး ဆယ်တောင့်ခန့် ဝုန်းကနဲ ရောက်လာ၏။ 
အလန့်တကြားဖြင့်မော့ကြည့်တော့ ကျနော့်ကိုပြုံးပြနေသည့် စောချောအို့အိုးကို တွေ့ရလေသည်။ 

“ ပွေးတကောင် ရလာပြီဆရာငြိမ်း၊ ညနေစာ ဟင်းကောင်းပြီ”

ပြောပြောဆိုဆို စောချောအို့အိုးက လွယ်ထားသော လွယ်အိပ်ထဲက ဝက်ပေါက်စလေးတကောင် ဆွဲထုတ်ပြီး ကြမ်းပြင်ပေါ်ချလေသည်။ တကယ့်ကို ဝက်ပေါက်စလေးတကောင်ပါပဲ။ 

ကျနော်က ပွေးကို မမြင်ဘူးသေး။ တွေ့တွေ့ချင်း ပေါက်ကာစဝက်ကလေးတကောင်ဟုသာ ထင်နေသေး၏။ တကယ်လည်း ဝဝကစ်ကစ် ဝက်ကလေးတကောင်နှင့် တော်တော်တူသည့် ပွေးလေးတကောင် ဖြစ်လေသည်။ 

“ ကျနော်က ညစာကို ကြောင်သျှာသီးကြော်ရှိရင် ရပါပြီ၊ ကျနော် ပွေးသားမစားပါဘူးဗျ”

ပွေးကလေးမှာ ကြမ်းပြင်ပေါ်တွင် လမ်းမလျှောက်နိုင်ဘဲ လဲသွားလိုက် ပက်လက်လန်လိုက် ပြန်ထလိုက်ဖြစ်နေသည်။ သူ့ခမျာ တွင်းအောင်းသတ္တဝါမို့ ကြမ်းပြင်ပေါ် လမ်းမလျှောက်နိုင် ဖြစ်နေဟန်တူပါသည်။

စောချောအို့အိုးက ပွေးကလေးကို စွေ့ခနဲကောက်ယူကာ အိမ်ထဲသို့ယူသွား၏။ “ ကျနော်က ဆရာ ငြိမ်းအတွက် တမင်သွားတူးလာတာ၊ ရတယ်လေ ညနေကြတော့ ကြောင်သျှာသီးကြော်ပေးမယ် စိတ်ချ”ဟု ပြောလေသည်။ 

ခဏနေတော့ ထမင်းထုပ်နှစ်ထုပ်နှင့်အတူ စောချောအို့အိုး ကျနော့်ဘေးသို့ ရောက်လာ၏။ ကျနော့်ကြောပိုးအိပ်ကို ယူပြီး လွယ်၏။ လှမ်းထားသောနံငယ်ပိုင်းကို ယူ၏။ စကားပြောစက်ဖြင့် စကားတွေပြော‌နေပ့န်သည်။

“ လာဆရာငြိမ်း၊ ကျနော်တို့နေရာပြောင်းရအုံးမယ်၊ ရန်သူသတင်း ထပ်ရထားတယ်” ဟုဆိုကာ စကားပြောစက်ကိုင်လျက် တဲအောက်သို့ ဆင်းလေသည်။ အိမ်နောက်ဖေးက သူ့ဇနီးကိုလည်း ကရင်လို စကားလှမ်းပြော၏။ ကျနော့်မှာ မည်သို့မျှ ပြန်မပြောနိုင်။ ကျနော်က ဧည့်သည်။ သူက နယ်ခံအိမ်ရှင်။ ပြီးတော့ အခြေအနေမှာ သူကလွဲပြီး တခြားကျနော့်မှာအားကိုးမရှိ။ သူ့စကား နားထောင်ဖို့ကလွဲ တခြားနည်းလမ်း ကျနော့်မှာ မရှိ။

တောင်ကုန်းပေါ်ကအဆင်း စမ်းချောင်းအစပ်ကိုရောက်တော့ လူသွားလမ်းဘေးတွင် သစ်ပင်တပင် လဲနေ၏။ သေချာကြည့်တော့ ကျနော်မော့ကြည့်ခဲ့ရာ ကြောင်သျှာပင်ကြီးဖြစ်နေလေသည်။ နုပျိုသော ကြောင်သျှာပင်မှာ ရင်စို့အမြင့်ခန့်က ခုတ်လှဲချထားခြင်း ဖြစ်သည်။

“ ဟင် ကြောင်သျှာပင်ကြီး‘
“ ဟုတ်တယ်လေ နင်ပဲစားတယ်ဆို”

ကျနော်ဘာမျှမပြောတော့ဘဲ စောချောအို့အိုးနောက်မှ တိတ်ဆိတ်စွာ လိုက်လာခဲ့၏။ လူသွားလမ်းအတိုင်းမသွားဘဲ တခါတရံ တောထဲ တိုးဝင်ကြ၏။ တခါတရံ တောင်ကုန်း တခုတလေကို ကျော်ရ၏။ တနာရီခန့်ရှိ‌ေသာအခါ သစ်ပင်များအုံ့ဆိုင်းနေသည့် တဲကလေးတလုံးဆီ ရောက်လာကြ၏။

ယွန်းစလင်းချောင်းတဖက်ကမ်းတွေင် ရန်သူစစ်သားတချို့ ရောက်လာခဲ့သည်မှာ အမှန်ဖြစ်သည်ဟု စောချောအို့အိုးက ပြောပြလေသည်။ မနက် လူတွေ ပြေးကြလွှားကြသည်မှာ ယင်းရန်သူကို မြင်လိုက်သဖြင့် တရွာလုံး ထွက်ပြေးကြသည့်သဘောဟု ပြော၏။ သို့သော် ယခုထက်အထိတော့ ရန်သူကိုမြင်လိုက်သူ တဦးတယောက်မှ မေးလို့မရသေး။ ကျနော့်အတွက်လုံခြုံရေးအရ သူတဦးတည်း ပုန်းအောင်းရာ သည်နေရာသို့ နေရာရွှေ့လာခြင်းဖြစ်ကြောင်း၊ ဗိုလ်သိန်းစိုးက အကြိမ်ကြိမ်ပြောသည့်အတွက် နေရာရွှေ့လာခြင်းလည်းဖြစ်ကြောင်း စောချောအို့အိုးက ပြောပြလေသည်။ 

တဲရှိရာ တောင်ကုန်းအောက်တွင် စမ်းချောင်းတခုရှိပြီး တဲနှင့်မလှမ်းမကမ်းတွင် ဆန်နှင့် ငါးခြောက်တချို့ ဖွက်ထားကြောင်း သုံးလေးရက်စာ ဖူလုံကြောင်း၊ သူလည်း မကြာခဏဆိုသလို လာရောက်ပုန်းခိုကြောင်း စောချောအို့အိုးက ရှင်းပြ၏။ သည်နေရာကို သူ့ဇနီးပင် ကောင်းကောင်းမသိကြောင်း အင် မတန်လုံခြုံစိတ်ချရကြောင်းလည်း ပြောလေသည်။

ကျနော်ကတော့ မည်သို့မျှပြန်မပြောဘဲ နားထောင်ဖို့ကလွဲ အခြားရွေးချယ်စရာမရှိ။ ပြီးတော့ အတွေ့ အကြုံတခုပဲဟုသာ သဘောထားလိုက်၏။ ညနေ နေစောင်းတော့ စက်သတင်းတခု ရောက်လာပြန်သည်။ စောချောအို့အိုးအနေဖြင့် ရွာကို မဖြစ်မနေပြန်ဖို့ဖြစ်လာပြီး KNU လူကြီးတချို့နှင့် ညတွင်းချင်းတွေ့ရမည့်အကြောင်း၊ ကျနော့်ကို လုံခြုံရေးအရ သည်တဲတွင်ပင် တညတန်သည် နှစ်ညတန်သည် ထားခဲ့ရမည်ဖြစ်ကြောင်း စောချောအို့အိုးက စိတ်မကောင်းစွာ ပြောလာခဲ့၏။ 

သူပြောပုံဆိုပုံက တော်တော့်ကိုစိတ်မကောင်းဖြစ်နေသည်ကို ကျနော်အကဲခတ်မိသည်။ အထူးသဖြင့် သူနှင့်ခေါ်သွားသည်ထက် ကျနော့်ကို သည်နေရာတွင်ထားခဲ့သည်က အလုံခြုံဆုံးဟု သူက ယူဆဟန်ရှိ၏။ ထို့ပြင် ထူးခြားသည့်အချက်မှာ ကျနော်ကလည်း သည်နေရာ သည်တဲကလေးတွင် စောချောအို့အိုးနှင့်အတူ တညနှစ်ညမျှအနားယူရင်း အိပ်စက်ချင်သည့်ဆန္ဒရှိနေသည့်အချက်ဖြစ်သည်။ ယခုတော့ စောချောအို့အိုးမရှိဘဲ ကျနော်တယောက်တည်းအိပ်ရတော့မည့်သဘော ဖြစ်လာရပြန်သည်။ ကိစ္စမရှိ။ ကျနော် ကြေနပ်သည်။ ထူးဆန်းပေစွ။

အကယ်၍ သည်အစီစဉ်ကို သဘောမတူပါက သူနှင့်အတူ ပြန်လိုက်ပြီး အခြေအနေအပေါ်ကြည့်ပြီး စီစဉ်ရမည်ဟု စောချောအို့အိုးက ပြော၏။ ဒါ့အပြင် ဗိုလ်သိန်းစိုးက ကျနော့်ကို သည်တဲတွင် ခဏထားသည်က အလုံခြုံဆုံးဖြစ်မည်ဟုပြောကြောင်းလည်း သိရ၏။ သည်လိုနှင့် ကျနော့်ကို တဲကလေးပေါ် တယောက်တည်းထားကာ စောချောအို့အိုး ရွာပြန်လေသည်။

နေရောင်ခြည်များမှာ တစုံတယောက်က တွန်းထုတ်လိုက်သလို အလျင်အမြန် ချုပ်ငြိမ်းသွားနေကြ၏။ အိပ်တန်းတက် ငှက်သံများ ဆူညံ၏။ ကံအားလျော်စွာ လရောင်များက တဲကလေးပေါ် တောအုပ်ပေါ် ခြေချစပြု၏။

နေဝင်သွားသည့်တိုင် လရောင်ကြောင့် စိတ်ထဲ အားရှိသလို ကိုယ့်ကိုယ်ကိုအားပေးရသည်။ တဲကလေးက အမိုးသာရှိပြီး အကာမရှိ။ ထို့ပြင် အမိုးကလည်း အပေါက်အပြဲများဖြင့် ဖယိုဖရဲ။ လ ရောင်များက အင်ဖက်ဟောင်း အပေါက်အပြဲများမှ ခေါင်းလျှိုကာ ကျနော့်ခန္ဓာကိုယ်ပေါ် စိုက်ကျလာကြ၏။ 

ကျနော် ထမင်းထုပ်တထုပ်ကိုဖြေကာ စားသည်။ ကျန်တထုပ်ကို ထုပ်မထားပဲ လေသလပ်ခံထားလိုက်၏။ တရေးနိုးသောအခါကြမှ ဖက်နှင့်ပြန်ထုပ်မည်ဟု စဉ်းစား၏။ ရေဗူးထဲက စမ်းချောင်းရေမှာ ချိုမြလွန်း၏။ အမှောင်ပြပြတွင် ကျနော်စားရသည့်ဟင်းမှာ ကြောင်လျှာသီးဟင်းဆိုသည်ကို ကျနော် သိသည်။

ညည့်နက်လာတော့ တောအုပ်တခုလုံး အသံတွေ တိတ်ဆိတ်ကုန်သည်။ အစပထမတွင် ကျနော့်စိတ်က ဘာကိုကြောက်မှန်းမသိ နေမရလောက်အောင် ကြောက်နေမိသည်။ သိမ်ငယ်စိတ်က ထိန်းမရ။ သို့သော် တနာရီခန့်ရှိတော့ ကြောက်စိတ်သိမ်ငယ်စိတ်က ဘာကြောင့်ရယ်မသိ အလိုလိုပြေလျော့ လာ၏။ ထို့ပြင် လင်းထိန်ဝင်းဝါလျက်ရှိသော လရောင်များက ကြောက်စိတ်ကို ဖယ်ထုတ်ပေးသလို ဖြစ်လာခဲ့သည်။ သည်လိုနှင့် ဘယ်အချိန်ကဘယ်လို အိပ်ပျော်သွာသည်မသိ။ အိပ်ရာနိုးလို့ ထကြည့်တော့ မိုးလင်းစပြုပြီဖြစ်သည်။ ညက ကြောက်စိတ်တဝက် နိုးတဝက်ဖြင့် ပင်ပန်းသည့်ဒဏ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ဟန်တူပါသည်။

၂။
ဒီကနေ့တော့ မနေ့ညက ထုပ်ထားသည့်ဖက်ကို ဖြေထားခဲ့သည့် ထမင်းကိုပဲ မနက်ဆယ်နာရီခန့်က စားလိုက်သည်။ မစားခင် နမ်းကြည့်တော့ မသိုးသေး။ ကံကောင်းချင်တော့ ကြောင်သျှာသီးကြော်ပင်လျင် မသိုးသေး။ ခတ်ကြီးကြီး ပုရွက်ဆိတ်တကောင်နှစ်ကောင်သာ ဖယ်လိုက်ရသည်။ ညနေလောက်ဆိုလျင် စောချောအို့အိုး ပြန်ရောက်မည်ထင်သည်။ ထိုအခါ စားစရာ တခုခုတော့ ပါလာမည်ဖြစ်သည်။

တဲကလေးမှာ သစ်တောထဲရောက်နေသလိုမို့ အပူဒဏ်မခံရ။ သို့သော် လေမရသဖြင့် အနည်းငယ်တော့အိုက်၏။ ကျနော်က စားကျွင်းစားကျန်များ ဖက်များကို တဲနှင့်ဆယ်လှမ်းခန့်အကွာသွားပြီး စနစ်တကျသွားပစ်လိုက်သည်။ မြေကြီးတချို့နှင့်လည်းဖုံး ခဲတွေနှင့်လည်း ဖုံးဖိထားလိုက်သည်။ ပြန်ရောက်လာမည့် စောချောအို့အိုးကိုစောင့်ရင်း ဗလာစာအုပ်တွင် မှတ်သားစရာအချက်များ ပြန်တွေးပြီး ‌အအေချာရေးမှတ်သည်။ စာထိုင်ရေးနေစဉ် တောထဲက လေတိုးသံနှင့် ငှက်မြည်သံများကို နားစွင့်သည်။ 

ညနေ ငါးနာရီခန့်ရှိတော့ ဒီကနေ့တော့ စောချောအို့အိုး ပြန်မလာနိုင်တော့ဟု တွေးမိသည်။ စေချောအို့အိုးသည် တော်ရုံတန်ရုံကိစ္စကြောင့်တော့ ပြန်မသွားဟူ၍လည်း တွေးသည်။ သို့သော် စောချောအို့အိုးကိုကျနော်ယုံသည်။ စောချောအို့အိုးလို ဗိုလ်သိန်းစိုးလိုလူမျိုးက ကတိတည်ကြမည့်ကရင်တိုင်းရင်း သားများဖြစ်သည်ဆိုသည်ကို ကျနော် အသေအချာယုံကြည်သည်။ သည်လိုတွေးပြန်တော့ စိုးရိမ်စိတ် ပူပန်စိတ်က လျော့သွားရသည်။

နေဝင်သွားချိန်အထိ စောချောအိုးအိုး ပြန်ရောက်မလာခဲ့ပါ။ ထိုအခါကြမှ စိတ်ကို ဒုန်းဒုန်းချကာ တကိုယ်တည်း ဒုတိယညအိပ်ဖို့ရန် စိတ်ကိုအဆင်သင့်ပြင်ရတော့သည်။ 

နေစုန်းစုန်းချုပ်တော့ လရောင်က ရှေ့ကို ရဲရဲဝံ့ဝံ့ တိုးလာသည်။ မီးခွက်မရှိသော တဲကလေးပေါ် တွင် လရောင်က အလင်းရောင် ကောင်းကောင်းရနေစေသည်။ ပြီးခဲ့သည့်ညက နှစ်နှစ်ခြိုက်ခြိုက်အိပ်ခဲ့လို့လားမသိ ညဉ့်နက်လာသည်အထိ အိပ်ချင်စိတ်မရှိသေး။ တောအုပ်တခုလုံး တိတ်ဆိတ်နေသည်။ မလှမ်းမကမ်းမှ အိပ်တန်းလုငှက်အချင်းချင်း တောင်ပံရိုက်သံ ကြားရ၏။ ထို့နောက် တော အုပ်မှာ ပြန်လည်တိတ်ဆိတ်သွား၏။

“ ဝေါင်း ”
တောင်ကုန်းအောက် စမ်းချောင်းဆီက တောသတ္တဝါတကောင်ကောင်၏ အော်သံကို အလန့်တကြားကြားလိုက်ရသည်။ ကျနော့်တကိုယ်လုံး နားထင်နားရင်းများပါပူသွားရ၏။ ထို့နောက် အကြောင်းရင်းကိုတွေးမိကာ စိတ်က ချက်ချင်းဆိုသလို ထိတ်လန့်မှု ပျောက်သွား၏။ ချေဟောက်သံကို တပ်မဟာ ၂ နယ်မြေတွင်နေစဉ်က မကြာခဏ ကျနော်ကြားခဲ့ဖူးသည်။ ချေတကောင်၏အော်သံမှာ တတောတတောင်လုံး ဟိန်းသွား၏။ အချိန်တခဏမျှ ပဲ့တင်သံက ပြေးသွား၏။ ထို့နောက် “ချေ” ဆိုတဲ့အကောင်က ခွာသေးသလောက် အသံအင်မတန်ကျယ်သည်ဟူသောစကားကို တွေးမိကာ ပြုံးမိရပြန်သည်။ နောက်ထပ်နာရီဝက်ခန့်အကြာ တောင်ကုန်းအောက်ဘက် အထက်နားဆီက ချေဟောက်သံ ကြားရပြန်သည်။ ထိုညက ချေဟောက်သံ သုံးလေးချက်ကြားရပြီး ကျနော့်မှာ နားထောင်ကောင်းကောင်းနှင့် အိပ်ပျော်သွားရ၏။

မနက် ရှစ်နာရီခန့်တွင် တဲနှင့်မလှမ်းမကမ်းမှ လူသံကြားရပြီး သတိနှင့် စောင့်ကြ ည့်နေစဉ် စောချောအို့အိုး ပြန်ရောက်လာ၏။ သူ့နောက်တွင် ဗိုလ်သိန်းစိုးနှင့် ရဘော်လေးဝှေ့စာ ပါလာ၏။ ဗိုလ်သိန်းစိုးက အခြေအနေကိုရှင်းပြကာ မဖြစ်လို့ တယောက်ထဲ ထားခဲ့ရသည်ကို တောင်းပန်ကြောင်း ပြော၏။ ပြီးတော့ စမ်းချောင်းထဲဆင်းကာ ရေချိုးကြ၏။ ပြီးတော့ တဲပေါ်တွင် ဝှေ့စာနှင့်ကျနော် ထမင်းထုပ်များဖေြပြီးစားကြ၏။ ဗိုလ်သိန်းစိုးနှင့် စောချောအို့အိုးက စားခဲ့ပြီးပြီဟု ပြော၏။ ဟင်းက ကြွက်ကင်ဟင်းဖြစ်သည်။

ပြီးခဲ့သည့်တရက်က ရန်သူ တပ်ခွဲတခွဲမျှ လက်နက်အပြည့်အစုံနှင့် ယွန်းစလင်းချောင်းတဖက်ကမ်းကို ရောက်လာသည်ဟုဆို၏။ သည်နေရာကို ရန်သူမရောက်လာသည်မှာ နှစ်နှစ်ကျော်ပြီဟုဆို၏။ သူတို့ကို ချောင်းဒီဖက်ကမ်းမှတဆင့် တယောက်ယောက်ကမြင်ကာ မဲပလိတရွာလုံး ထွက်ပြေးကြခြင်း ဖြစ်သည်။ သို့သော် ရန်သူမှာ ချောင်းဒီဘက်ကမ်းသို့မကူးဘဲ နောက်ကိုပြန်ဆုပ်သွား၏။ ယခုအခါ မဲပလိရွာမှာ ပုံမှန်အခြေအနေပြန်ဖြစ်သွားပြီဟု သိရ၏။ ထို့ပြင် ညက သေနတ်သံတချို့ မကြားခဲ့ဖူးလားဟု ကျနော့်ကိုမေးကြ၏။ ကျနော်ကမကြားခဲ့ကြောင်းဖြေလိုက်ရ၏။ အမှန်တကယ်လည်း ညက သေနတ်သံမကြားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသေနတ်သံများမှာ မိမိတို့ဘက်မှပစ်သော သေ နတ်သံဖြစ်ကြောင်း မိမိဘက်က သတိနှင့်ရှိနေကြောင်း ရန်သူသိအောင်နေရာခွဲ၍ သေနတ်သံပေးခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်သိန်းစိုးက ပြောပြ၏။ ရန်သူ အနီးကပ်ရောက်လာဖြင့် လုံခြုံရေးအရ ကျနော့်ကို သည်နေရာ ထားခဲ့ရခြင်းဖြစ်ကြောင်းလည်း ထပ်ပြီးရှင်းပြကြလေသည်။ ထမင်းစားပြီးသောအခါ ဒီကနေ့ပဲ မယ်‌‌ေညာခီးတောင်ကို ပြန်ကြမည့်အကြောင်း ဗိုလ်သိန်းစိုးက ပြောလေသည်။ တဲကလေးကိုကြောပေးပြီးထွက်လာကြသောအခါ ကျနော့်မှာ တဲကလေးကို သည်အတိုင်း တောထဲတွင် အထီး တည်းထားခဲ့ရသည့်အတွက် စိတ်မကောင်း ဖြစ်ရပြန်၏။

၃။
မာနယ်ပလောသို့ပြန်ရန် ပြင်ဆင်ကြသောအခါ ကျနော်၏ တပ်မဟာ ၁ ခရီးစဉ်မှာ တလမျှကြာမြင့်ခဲ့သည်ကို တွေးမိသည်။ ဧပြီလကုန်မှ ယခုမေလဆန်းအထိ တပ်မဟာ ၁ နယ်မြေတွင် ကျနော်နေခဲ့ရလေသည်။

မယ်ညောခီးတောင်တက်မည့် ကျနော်တို့အဖွဲ့တွင် လူခြောက်ယောက် တိုးလာ၏။ ဖလံတောင်ရွာက မရေသူတို့လင်မယားနှစ်ယောက်မှာမူ ပါမလာသေး။ နောက်မှ လူကြုံနှင့်လာမည်ဟု သိရ၏။ ဝမ်းသာဖို့ကောင်းသည်မှာ ကျုံစိန်ရွာသူကြီးမ ဒေါ်စောမြိုင် အတူပါလာခြင်း ဖြစ်သည်။ ဗိုလ်သိန်းစိုးနှင့် သူ၏မိန်းမမှာ သောင်ရင်းမြစ်တဖက်ကမ်း ပဟေလူရွာ ကရင်ဒုက္ခသည်စခန်းတွင် နေ၏။ ထိုရွာတွင်နေရန် ဒေါ်စောမြိုင်လိုက်လာခြင်းဖြစ်သည်။ အသက်အရွယ်အားဖြင့် ခြောက်ဆယ်နားနီးသည့်အပြင် နအဖစစ်တပ်၏ရန်မှာ တနေ့မဟုတ်တနေ့ ကျရောက်တော့မည်ဖြစ်သဖြင့် သားနှင့်ချွေးမနှင့်အတူ ဒုက္ခသည်စခန်းတွင်လာနေဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တောင်တက်လမ်းမှာ ခက်ရာခဲဆစ်မရှိလှပါ။ မော့တက် တွယ်တက်ရသည့်နေရာလည်းမရှိပါ။ သို့သော် တချို့နေရာများမှာ လူတယောက်သာ သွားလို့ရပြီး မြင့်မားမတ်စေါက်သော ခြောက်ကမ်းပါးကြီးများဘေးမှတက်လာခဲ့ရ၏။ ဗိုလ်သိန်းစိုးနှင့်အတူပါလာသော အခြားလူငါးယောက်မှာ အသက် ခြောက်ဆယ်ဝန်းကျင်ယောက်ျား သုံးယောက်နှင့် အသက် လေးဆယ်ကျော် အမျိုးသမီး နှစ်ယောက်ဖြစ်ကြ၏။ ပြီးတော့ ထိုငါးယောက်မှာ တယောက်မှ မြန်မာစကား မပြောတတ်ကြပါ။ လွယ်အိတ်ကိုယ်စီ သင်တိုင်းကိုယ်စီဖြစ်ကြ၏။ သို့သော် တယောက်မျှ ဖိနပ်မပါကြပါ။ ထူးခြားသည်မှာ အမျိုး သမီးတယောက်က ပါလာသည့်ဖိနပ်ကို မစီးဘဲ နွယ်ကြိုးဖြင့် လွယ်အိတ်ကို တွဲလာခြင်းဖြစ်လေ သည်။ တလမ်းလုံး စကားသိတ်မပြောကြ။ တခါတရံ စကားပြောသောအခါမူ တော်တော်နှင့်စကားစ မပြတ်ကြ။ 

မယ်ညောခီးတောင် အနောက်ဘက်အခြမ်းမှာ တနေကုန် အတက်လမ်းချည်းဖြစ်သည်။ စစ်သားများသာ အသုံးပြုသည့်လမ်းဖြစ်သဖြင့် လမ်းတွင် ခရီးသည်တယောက်မျှ မဆုံခဲ့ပါ။ တပ်မဟာ ၁ နယ်မြေတွင် တလကြာ သွားလာနေထိုင်ခဲ့သဖြင့် ကျနော်သည်လည်း ပင်ပန်းစပြုပြီဖြစ်သည်။ ကျနော်၏ မာနယ်ပလော အပြန်လမ်းမှာ ထင်သည်ထက်ပိုပြီး ဝေးသည်ဟုခံစားရ၏။

ရေတံခွန်လေးနားတွင် ကျနော်တို့လူစု မိနစ်နှစ်ဆယ်မျှ နားကြ ရေဗူးတွေရေဖြည့်ကြ၏။ မနက်ဝေလီဝေလင်းကတည်းက တောင်ပေါ်တက်လာခဲ့သည်မှာ ရေတံခွန်နားရောက်မှ တထောက်နားကြခြင်း ဖြစ်သည်။ ကျနော်က ရန်သူစစ်သားအလောင်းများ အရိုးသာရှိတော့သည့်ကျောက်ဂူရှိရာအထက် ဖက်ကို မော့တော့ကြည့်ခဲ့သေး၏။ ဝင်တော့မကြည့်ခဲ့ပါ။

ရေတံခွန်းနားမှ ခရီးဆက်ကြသောအခါ နံနက် ဆယ်နာရီကျော်ပြီဖြစ်သည်။ အသက်အရွယ် ကြီးရင့်သူများပါသဖြင့် ကျနော်တို့က ခတ်ဖြေးဖြေးပဲ လျှောက်ခဲ့ကြ၏။ သို့သော် တောင်ပေါ်တွင် ညမအိပ်ဘဲ မယ်ညောခီးအရှေ့ဘက်အခြမ်း သံလွင်မြစ်ကမ်းကို မိုးမချုပ်မှီအရောက်သွားရမည်ဟု ဗိုလ်သိန်းစိုးက ပြော၏။

တောင်ထိပ်သို့ရောက်သောအခါ အလာတုန်းကတွေ့ခဲ့သည့် ကျောင်းသားတပ်မတော် ရဲဘော် ငါးယောက်က ကျနော်တို့ကို ကြိုနေကြ၏။ ကျနော်တို့ရောက်လာမည်ကို စက်ဖြင့် အကြောင်းကြားထားသဖြင့် ဆီးကြိုနေကြခြင်းဖြစ်သည်။ သို့သော် ကျနော်တို့က တောင်ပေါ်တွင်ညမအိပ်ဘဲ ခရီးဆက်ကြမည်ဟုသိသောအခါ သူတို့မှာ စိတ်မကောင်းကြ။ အထူးသဖြင့် ကျနော်နှင့် တညတော့ စကားထိုင်ပြောချင်နေကြ၏။ သို့သော် ကျနော်တို့ကလည်း ခရီးဆက်ဖို့ကိုဘဲ ဆုံးဖြတ်ကြ၏။ တောင်ထိပ်တွင် ထမင်းထုပ်များဖြေပြီး ထမင်းစားကြ၏။ နာရီဝက်မျှအချိန်ယူကြရ၏။ ကျောင်းသားရဲဘော်လေးများကိုနှုတ်ဆက်ပြီး တောင်ပေါ်ဆင်းတော့ မွန်းတည့် တနာရီရှိပြီဖြစ်သည်။

တောင်ဆင်းလမ်းမှာ တက်လာတုန်းကလိုမဟုတ်။ လမ်းနေရာအများစုမှာ ဇောက်ထိုးတွယ်ပြီးဆင်းရ၏။ လျှောချရ၏။ တဦးနှင့်တဦး လက်လှမ်းရ ဆွဲရတွဲရ၏။ အမျိုးသမီးနှစ်ဦးမှာ ခဏခဏလိမ့်ကျ၏။ ဗိုလ်သိန်းစိုးနှင့် ရဲဘော်ဝှေ့စာမှာ လူတိုင်းလိုလိုကို ကူညီရ ဖေးကူရသဖြင့် တော်တော်ပင်ပန်း၏။ ခရီးလည်း မတွင်လှပါ။ တချို့နေရာ အနည်းစုကမူ လူသွားလမ်းပြေ၏။ 

တနေရာအရောက်တွင် ခဏထိုင်နားစဉ် လက်ခုပ်တဖေါင်သာသာအမြင့် သစ်ပင်တပင်၏ပင်စည်တွင် အဝါရောင် သစ်ခွပန်းများကို မြင်လိုက်ရ၏။ ကျနော် ချက်ချင်းဆိုသလို ထိုင်ရာမှထရပ်လိုက် သည်။ “ဟိုမှာ ဟိုမှာ ပန်းတွေ သစ်ခွပန်းတွေ” ဟု အော်ကာ လက်ညှိုးတထိုးထိုးနှင့် လုပ်နေမိ၏။ ထိုစဉ် ရဲဘော်ဝှေ့စာက မပြောမဆို သစ်ပင်ပေါ် တက်သွား၏။ သစ်ခွပန်းပုတ်ကြီးကို ဆွဲခွာ၏။ ထို့နောက် သစ်ပင်ပေါ်မှဆင်းကာ သစ်ခွပန်းခိုင်ကြီး ကျနော့်ကိုပေးလေသည်။ ပြီးတော့ “ နင်လိုချင်လို့လား၊ လမ်းမှာ ဒီပန်းတွေအောလပုံပဲ”ဟု ပြောလေသည်။ 

ကျနော့်မှာဝမ်းသာလွန်းသဖြင့် အိန္ဒြေပင်မဆည်နိုင်အောင် ဖြစ်နေသည်။ သစ်ခွပန်းပုတ်ကြီးကို ကြောပိုးအိပ်တွင် အကျအနချည်၏။ ပြီးတော့ ကြောပိုးအိပ်ကို ယုယုယယကောက်လွယ်ကာ တောင်ပေါ်မှ ဆင်းလေသည်။ လမ်းတွင် သစ်ခွပန်းခိုင် နောက်ထပ်သုံးခိုင် ကျနော်ရ၏။ ရဲဘော်ဝှေ့စာက သွက်လက်ဖြတ်လတ်စွာ သစ်ခွပန်းခိုင်များတက်ခွာပေး၏။ ကျနော်က သစ်ခွပန်းခိုင်များနှင့်  မနိုင်မနင်းဖြစ်နေသောအခါ ရဲဘော်ဝှေ့စာက ကျနော့်ဆီက သစ်ခွပန်းများကိုအတင်းတောင်းယူပြီး သူ့ကြောတွင် ကြိုးဖြင့်သိုင်း၏။ ကျနော်ကတဝက် သူကတဝက် သစ်ခွပန်းများ လွယ်ယူကြရ၏။ 

တလမ်းလုံး ကျနော်စဉ်းစားလာသည်မှာ ဌာနချုပ်ကိုပြန်ရောက်လျင် သစ်ခွပန်းများကို ဘယ်လိုနေရာချလျင် ကောင်းမလဲဟု စဉ်းစားရ နေရာချလာခဲ့၏။ ကျနော်က ဗဟိုဌာနချုပ်ရုံးအဆောက်အဦး၏ နောက်ဘက်တွင် အဖီလေးထပ်ထိုး ဘေးတဖက်ကာပြီး ဝါးကုတင်လေးနှင့် နေသူဖြစ်သည်။ ကျနော့်အိပ်စင်လေး၏ လက်တကမ်းသာသာအကွာတွင် လုံးပတ်တပေမရှိတရှိ ဆေးရိုးပင်ရှိ၏။ ထို ဆေးရိုးပင်ပင်စည်တွင် အုန်းဆံခွံများအုပ်ကာ သစ်ခွများကပ်ထားမည်ဟု တွေး၏။ ဆေးရိုးပင်နှင့် ဆယ်ပေမျှအကွာတွင် တနှစ်ပါတ်လုံးရေမခမ်းသော မယ်တုက္ခီစမ်းချောင်း ရှိသည်။ ဆေးရိုးပင်အောက်တွင် ကျနော်ကိုယ်တိုင်လုပ်ထားသော ဝါးစားပွဲနှင့် ဝါးကုလားထိုင်ရှိသည်။ ထိုနေရာတွင် နာရီပေါင်းမျာစွားအချိန်ယူပြီး ကျနော်ထိုင်၏။ စာထိုင်ရေး၏။ ယခုတော့ ကျနော့်အနားတွင် သစ်ခွပန်းများ ရှိလာတော့မည်ဖြစ်သည်။ မှတ်မှတ်ရရ မေလတွင် ချိတ်ဆွဲစိုက်ပျိုးသော သစ်ခွပန်းများပင်တည်း။

တောင်ခြေကို ညနေ ငါးနာရီကျော်မှ ရောက်လာကြ၏။ ရောက်ရောက်ချင်း ကျနော့်မှာ အနားမယူနိုင်။ သစ်ခွပန်းများကို သံလွင်မြစ်တွင် ရေဖြန်းရစိမ်ရ၏။  ကြိုးများဖြင့် စံနစ်တကျပြန်ချည်၏။ ရေစပ်နှင့်တလံအကွာ ကျောက်တုံးပေါ် ခဏတင်ထားပြီး နားခိုရာ ဘားတိုက်ဆီ ပြန်လာခဲ့၏။ ခရီးသည်များ နားခိုရာ ဘားတိုက်ထဲတွင် နေရာထိုင်ခင်းပြင်ရ၏။ ဗိုလ်သိန်းစိုးက စားဖိုဆောင်ဘက်မှပြန်အလာ သစ်ခွပန်းများနှင့် အလုပ်ရှုပ်နေသောကျနော့်ကို ကြည်နူးမှုအပြုံးဖြင့် ကြည့်၏။ ခဏနေလျင် ရေချိုးမည့်အကြောင်း ထမင်းသွားစားမည့်အကြောင်း ပြော၏။ အတူလာကြသည့် လူများမှာ လဲလျောင်း အနားယူနေကြလေသည်။

ဆယ်မိနစ်ခန့်ရှိတော့ သံလွင်မြစ်ထဲ ရေချိုးရန် ကျနော်တို့ဆင်းလာကြ၏။ ကျနော်က ဗိုလ်သိန်းစိုးတို့ရှေ့မှဆင်းသည်။ ခဏချထားခဲ့သော သစ်ခွပန်းဆိုင်ကြီးကို ရေတခါထပ်ချရန် စဉ်းစားသည်။ ကျနော်တို့ဆင်းလာရာနေရာနှင့် ဝါးတရိုက်ခန့်အကွင်လည်း လူတယောက် ရေချိုးနေ၏။

ကျနော်က သစ်ခွပန်းများတင်ထားခဲ့ရာနေရာတွင် ဘေးဘီကိုကြည့်သည်။ ကျနော်ချထားခဲ့ရာ သစ်ခွပန်းများကို ကျနော်မတွေ့။ အထိတ်တလန့်ဖြင့် ပါတ်ဝန်းကျင်ကို ပြာပြာသလဲကြည့်သည်။ ကျနော့်သစ်ခွပန်းများကိုမူ မတွေ့။

“ အခုနက ကျနော်ခဏချထားခဲ့တဲ့ သစ်ခွပန်းတွေမရှိတော့ဘူးဗျ”ဟု အထိတ်တလန်ဖြင့် ပြောလိုက် သည်။ တဆက်တည်းဆိုသလို သစ်ခွပန်းများ ရေချရေဆွပ်သည့်အချိန်က ကိုယ်တုံးလုံးကလေးငယ်နှစ်ယောက် သောင်စပ်တွင်ရှိနေသည်ကို သတိရသွားသည်။ ကျနော် တကယ်ပင် ထိတ်ထိတ်ပြာပြာဖြစ်ရတော့သည်။

ဗိုလ်သိန်းစိုးက ရေချိုးနေသူကို ကရင်လိုလှမ်းပြော၏။ ထိုလူက အခုနက ကလေးတွေ ပန်းတွေနဲ့ ရေစပ်မှာဆော့နေတာတော့ တွေ့လိုက်ကြောင်း ဗမာလိုပင် ပြန်ပြော၏။ သေချာသွားခဲ့ပြီ။ ကျနော့်သစ်ခွပန်းများကို ထိုကလေးနှစ်ယောက်က သံလွင်မြစ်ထဲ မျှောချလိုက်ပြီ။ ကျနော်က မျှော်လင့်တကြီးဖြင့် အောက်ဖက်သို့ ခတ်မြန်မြန်လျှောက်ကြည့်သည်။ သစ်ခွပန်းများကို အရိပ်အရောင်ပင် မ‌တွေ့ရ။ 

ထိုညက ကျနော့်မှာ ထမင်းကောင်းစွာမစားနိုင်။ ဘားတိုက်ထဲတွင် တညလုံး ကောင်းကောင်းမအိပ်နိုင်။ သစ်ခွပန်းစိတ္တဇဖြင့် ကျနော့်မှာ မိုးလင်းရတော့၏။

ငြိမ်းဝေ
( * ဆောင်းပါး အပိုင်း ၇ သို့ ဆက်လက်ဖတ်ရှုကူညီပါရန်။)
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar