Breaking News

မောင်လူမွှေး - မဆုတ်မနစ် လုပ်ရမဲ့ ရပ်ရွာလူထု ဖွံ့ဖြိုးရေး

မောင်လူမွှေး - မဆုတ်မနစ် လုပ်ရမဲ့ ရပ်ရွာလူထု ဖွံ့ဖြိုးရေး

မိုးမခ ၊ ဧပြီ ၂၀ ၊ ၂၀၂၆


"ငါတို့ငယ်ငယ်တုန်းကတော့ အလံနီကွန်မြူနစ်တွေနဲ့ စစ်တပ်နဲ့၊ ဘယ်တော့များမှ နိုင်မလဲလို့ အောက်မေ့ခဲ့ကြရတာ။ အချိန်တန်တော့လည်း ပြီးသွားခဲ့ကြတာပဲ။ အခုလည်း အချိန်တန်ရင် ပြီးသွားမှာပါ" လို့ မောင်လူမွှေးနှင့်အတူ ရေနွေးသောက်နေတဲ့ အသက်ရှစ်ဆယ်ကျော် အဘိုးက ပြောတယ်။

မောင်လူမွှေးနှင့် မစ်(စ)မွှေးဟာ တောင်ကုန်းတောင်တန်းတွေကြားက ချောင်ကျတဲ့ ကျေးရွာလေးတစ်ရွာမှာ ပညာရေးကိစ္စတစ်ခုအတွက် တစ်ပတ်လောက် တည်းခိုနေထိုင်နေကြတာပါ။ အဲဒီရွာကလေးရဲ့ ပညာရေးတာဝန်ခံဆရာရဲ့ အဘိုးဖြစ်သူနဲ့ မောင်လူမွှေးတို့ နေ့လယ်ခင်း ရေနွေးသောက်ရင်း စကားလက်ဆုံကျနေကြတာပါ။ အဘိုးတို့ငယ်ငယ်က အခု မောင်လူမွှေးတို့ ရောက်နေတဲ့ ရွာဝန်းကျင်ဟာ ကွန်မြူနစ်တွေ ကြီးစိုးခဲ့တာပါ။

"တစ်အိမ်ကို တစ်နှစ် နှစ်ကျပ် ကောက်တယ်။ ဆန်ပေးရတာ ရှိတယ်။ ကျန်တာတွေတော့ မရှိဘူး။ ပြည်သူကို အနိုင်ကျင့်တာမျိုး မရှိဘူး။ ဒလန်ဆိုရင်တော့ မညှာဘူး၊ ရှင်းပစ်တာ။ စစ်တပ်ကို သတင်းပေးနေတဲ့ အမျိုးသမီးတစ်ယောက်ကို သတ်ပစ်တာ ကြုံခဲ့ရတယ်" လို့ သူ့ငယ်ဘဝ အတွေ့အကြုံတွေထဲက အချို့ကို အဘိုးက ပြောပြတယ်။

မောင်လူမွှေး ရောက်နေတဲ့၊ တစ်ချိန်က ကွန်မြူနစ်တွေ ကြီးစိုးခဲ့တယ်ဆိုတဲ့ နေရာဒေသမှာ အခုအချိန်ထိ သစ်တောတွေကို ခပ်ကျဲကျဲ မြင်နေရဆဲမို့ ဟိုအရင်က ဘယ်လောက် တောတောင်ထူထပ်ခဲ့မယ်ဆိုတာကို ခန့်မှန်းလို့ရနေပါတယ်။ ကွန်မြူနစ်တွေဟာ စည်းရုံးရေးကောင်းသူတွေမို့ ဒေသခံတွေထဲမှာ ကွန်မြူနစ်ဝါဒကို ယုံကြည်သူတွေလည်း မနည်းဘူးလို့ အဘိုးက ဆိုပါတယ်။

"နိုင်ငံရေးတရားပွဲတွေတော့ မကြာမကြာလုပ်တယ်။ တကယ်စကားပြောကောင်းတဲ့သူတွေဗျ။ စကားပြောကောင်းတဲ့ထဲမှာ ဒီနားရွာတဝိုက်က သူ တစ်ယောက်တောင် ပါသေးတယ်။ စစ်တပ်က စစ်ကြောင်းထိုးလာမှ သူ အလင်းဝင်သွားတာ" လို့ အဘိုးက ပြောပြပါတယ်။

"သူတို့က အဘိုးတို့ရွာတွေမှာ လာပြီး ကျန်းမာရေးတို့၊ ပညာရေးတို့၊ ရွာဖွံ့ဖြိုးတိုးတက်ရေးတို့ လုပ်ပေးတာရှိလား" လို့ မောင်လူမွှေးက မေးတော့ "ဒါတွေတော့ သူတို့လုပ်ပေးတာမရှိဘူး" လို့ အဘိုးက ဖြေပါတယ်။

အဲဒီအချိန်က လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ စိုက်ပျိုးမြေမဖော်နိုင်လို့ စားဝတ်နေရေးအခက်အခဲတွေကို အဘိုးတို့ မျိုးဆက်ဟာ ရင်ဆိုင်ဖြတ်သန်းခဲ့ကြရတာပါ။ အဲဒီလို ခက်ခဲတဲ့ဒေသမှာ အခြေစိုက်ထားတဲ့ ကွန်မြူနစ်တွေဟာလည်း သူတို့တပ်တွေရဲ့ ရပ်တည်ရေးအတွက်တောင် အနိုင်နိုင်ဖြစ်နေတဲ့အတွက် ပြည်သူတွေကို ကူညီဖို့ဆိုတာ တော်တော်ခဲယဉ်းတဲ့ကိစ္စလို့ မောင်လူမွှေး တွေးမိပါတယ်။

အခု အာဏာသိမ်းစစ်တပ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေမှာတော့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ ရပ်ရွာဖွံ့ဖြိုးရေးကို လိုအပ်ချက်များစွာ ရှိနေပေမဲ့ လည်ပတ်အောင်တော့ ဆောင်ရွက်နေကြတယ်။ ပြည်သူတွေ ပါဝင်တဲ့ တော်လှန်ရေးမို့ ဒီလိုလည်ပတ်နေနိုင်တာ ဖြစ်ပါတယ်။

အဘိုးတို့ငယ်ငယ်က သူတို့ဒေသမှာ ကြီးစိုးခဲ့တဲ့ ကွန်မြူနစ်တွေကို စစ်တပ်က စစ်ကြောင်းထိုးပြီး ရှင်းလင်းခဲ့တယ်။ အခု မောင်လူမွှေးတို့ နွေဦးတော်လှန်ရေးမှာတော့ အဘိုးတို့ ငယ်ငယ်တုန်းကလို စစ်တပ်က စစ်ကြောင်းထိုး အနိုင်ရပြီး ပြီးသွားလို့ မဖြစ်ဘူး။ မောင်လူမွှေးတို့ တော်လှန်ရေးတပ်ဖွဲ့တွေ အနိုင်ရပြီး ပြီးသွားမှဖြစ်မယ်ဆိုတာ မောင်လူမွှေးရော၊ မောင်လူမွှေးနှင့်အတူ နွေခေါင်ခေါင်မှာ ရေနွေးကြမ်းသောက်နေတဲ့ အဘိုးရော သိကြပါတယ်။

"ဂျပန်ခေတ် စစ်ဖြစ်တုန်းကရော၊ ကွန်မြူနစ်တွေရှိတုန်းကရော မင်းအောင်လှိုင်လောက် ဆိုးတာကို မကြုံဖူးဘူး။ ဒီတစ်ခါ စစ်တပ်က ရှုံးမှဖြစ်မယ်။ ရှုံးစေချင်တယ်။ မင်းအောင်လှိုင်မှာ အကုသိုလ်တွေ များနေပြီ" လို့ အဘိုးက ပြောပါတယ်။

စစ်တပ်ကိုနိုင်ဖို့ မောင်လူမွှေးတို့ တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားတောင့်တင်းမှ ဖြစ်မယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားတောင့်တင်းဖို့ ရပ်ရွာတွေ ဖွံ့ဖြိုးတိုးတက်မှဖြစ်မယ်။ ရပ်ရွာတွေရဲ့ ပညာရေး၊ ကျန်းမာရေးအပါအဝင် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအလုပ်တွေကို မဆုတ်မနစ်လုပ်နေတာဟာ စစ်အာဏာရှင်ပြုတ်ကျရေးကို အခြေခံအကျဆုံးနည်းနဲ့ ဆောင်ရွက်နေတာဖြစ်တယ်။ ဘယ်လိုအခက်အခဲတွေပဲရှိရှိ၊ အခက်အခဲတွေကြားထဲကနေ ရပ်ရွာလူထု တိုးတက်ရေးကို ကြိုးစားဆောင်ရွက်နိုင်မှ တော်လှန်ရေးအောင်မြင်နိုင်မယ်ဆိုတာကို သတိလက်လွတ်မဖြစ်စေဖို့ အရေးကြီးပါတယ်ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar