Breaking News

နိုင်မင်းညို (မြစ်ခြေ) - ပြတ်ရွေ့အိပ်မက်

ပြတ်ရွေ့အိပ်မက်

နိုင်မင်းညို (မြစ်ခြေ)

 မိုးမခ ၊ ဧပြီ ၂၀ ၊ ၂၀၂၆


(၁)

သူ့နှလုံးခုန်သံကို သူ တဒုတ်ဒုတ် ပြန်ကြားနေရတယ်။ သူနဲ့ မျက်နှာချင်းဆိုင် မြေပြင်ပေါ် မှောက်ရက်လဲကျနေတဲ့မြန်မာပြည်ကရောက်စလူသစ်ကို သူ စကားလှမ်းပြောနေပေမဲ့ သူ့အသံဟာ လည်ချောင်းထဲက အပြင်ကို ထွက်မလာဘူး။ သူတို့အနီးမှာတော့ အုတ်အော်သောင်းတင်း အသံတွေနဲ့ လူတွေက ဝိုင်းလို့။ အထက်အောက် မျက်တောင်ပင်ချင်း ထိသွားတဲ့အထိ လူသံ၊ ဆူညံသံတွေ မကြားရတော့တဲ့ အမှောင်ထဲကို သူ ပြုတ်ကျသွားတယ်။

(၂)

"ဒါ ရေငတ်နေသူတွေကို ရေတွင်းထဲ ပစ်ချလိုက်တာပဲ။"

ရှေ့တည့်တည့် စတိတ်စင်ပေါ် မျက်တောင်မခတ် အကြည့်မပြတ် ငေးကြည့်ပြီး သူ ပြောလိုက်တော့ မင်းထိုက်က ဘီယာပုလင်းဖုံးကို သွားနဲ့ အံကြိတ်ကိုက်ဖွင့်ရင်း သူ့ကို လှမ်းကြည့်တယ်။ ပြီးမှ "ကိုမင်း ဘီယာသောက်ဦးမလား။ သွေးပူအောင် သောက်ထားဦး" ဆိုပြီး ဘီယာပုလင်း လှမ်းပေးတယ်။

"နည်းနည်းပါးပါး" လို့ သူ ပြုံးစိစိပြန်ပြောရင်း လှမ်းယူလိုက်တယ်။

ကောင်းကင်အမိုး မျက်နှာကြက်အောက်မှာ စားပွဲခုံလေးတွေက စီစီရီရီ၊ မိုးတိုးမတ်တတ်။ စားပွဲခုံလေးတွေရဲ့ အထက်မှာတော့ အမည်အမျိုးမျိုး တံဆိပ်အထွေထွေနဲ့ ဘီယာပုလင်းတွေ။ အဲဒီဘီယာပုလင်းတွေရဲ့ နံဘေးမှာ လက်မအရွယ် ပုစွန်လေးငါးကောင် ပြုတ်ပြီး စီကာပတ်ကုံး ထည့်ထားတဲ့ ပန်းကန်ပြားသေးသေးလေး တစ်ချပ်။ သင်္ဘောသီးကို ထုထောင်းထားတဲ့ ချဉ်ငံစပ်တစ်ပွဲ။ သက်သတ်လွတ် ကြာဆံကြော်တစ်ပွဲ။ ပြီးတော့ ချဉ်ရည်ပန်းကန်လိုမျိုး သေးသေးမွှားမွှားလေးတွေက ခစားဝိုင်းရံထားကြတယ်။

စတိတ်စင်အောက်မှာ ကွေးလိုက်ဖြောင့်လိုက် ကခုန်ပျော်ပါးနေကြသူတွေက ယိမ်းထိုးလှုပ်ခုန် အော်ဟစ်လို့။ သူ ဘီယာတစ်ငုံ မော့လိုက်ပြီး "လူစည်ကားတဲ့ပွဲတွေ၊ အပျော်တွေကို သိပ်စိတ်မဝင်စားဘူး။ အသွားအလာ နည်းတယ်။ ဒါပေမဲ့ ဒီနေ့ညကတော့ ငါ့စိတ်ထဲ ကြည်နူးမိတာ အမှန်ပဲ" လို့ ပြောလိုက်တယ်။

သူ့စကားဆုံးတော့ လှိုင်ဝင်းက စားပွဲခုံကနေ ရုတ်တရက် ယိမ်းယိမ်းယိုင်ယိုင် ထရပ်လိုက်ပြီး "ကျွန်တော် အရှိန်တက်လာပြီ ကိုမင်း။ စင်ရှေ့သွားကလိုက်ဦးမယ်" ဟု ဆိုသည်။ သူ ခေါင်းတစ်ချက် ညိတ်ပြလိုက်တယ်။ မဝေက လှိုင်ဝင်းကို ပြုံးပြုံးကြီး ငေးကြည့်ရင်း "ရန်မဖြစ်နဲ့နော် ကလေး" ဆိုပြီး လှမ်းပြောနေသံဟာ သူ့နားထဲ ထော်လော်ကန့်လန့်ကြီး တိုးဝင်လာတယ်။

"ကိုယ့်စက်ရုံထဲကလူတွေပဲရှိတာ ဘယ်လိုလုပ် ရန်ဖြစ်မှာလဲ။ နေ့တိုင်း မြင်တွေ့နေရတဲ့ မျက်နှာတွေ။ နင့်ယောက်ျား ကလေးမဟုတ်ဘူး" လို့ ပြောပြီး စတိတ်စင်ဘက် သူ ဆက်ငေးနေလိုက်တယ်။ ညက တဖြည်းဖြည်း အမှောင်ဘက်လုလာခဲ့ပြီ။ လေအေးအေးက တစ်ချက်တစ်ချက် ဝေ့ခနဲ ဝေ့ခနဲ ရောက်လာတတ်တယ်။ လူတွေဟာ ဘီယာတန်ခိုး၊ အရက်တန်ခိုးကြောင့် တဖြည်းဖြည်းဆူပွက်၊ တွန်းတိုက်၊ တိုးဖယ် အရိုင်းစိတ်တွေနဲ့ကခုန်ပျော်ပါးလို့။ သူ ကောင်းကင်ကို မော့ကြည့်လိုက်တော့ လခြမ်းကွေး ကွေးလေးရဲ့ အနီးအနားမှာ ကြယ်ကလေးတွေ ပတ်ချာဝိုင်းနေတယ်။

(၃)

"ဟေး... ဖြောင်းဖြောင်း။ ရွှီး... ရွှီး။"

လက်ခုပ်သံ၊ လက်ခေါက်မှုတ်သံ၊ ဟေးခနဲအော်သံတွေကြောင့် တူနဲ့ညှပ်ပြီး စုစည်းထားတဲ့ သင်္ဘော သီးဖတ်လေးတွေကို ပန်းကန်ထဲ သူပြန်ထည့်လိုက်တယ်။ စတိတ်စင်ပေါ် လှမ်းကြည့်လိုက်တော့ "သူဌေး" ဆိုပြီး ပါးစပ်က ယောင်ပြီး ထွက်သွားပေမဲ့ တစ်ယောက်မှမကြားဘူး။ စတိတ်စင်ပေါ် သူဌေးတက်လာတဲ့အချိန်မှာပဲ လက်ခေါက်မှုတ်တဲ့လူ၊ လေချွန်တဲ့လူ၊ လက်ခုပ်လက်ဝါးတီးတဲ့လူတွေနဲ့ ဆူညံလို့။ စိတ်ပျက်လက်ပျက်နဲ့ ဘာပြောမလဲဆိုပြီး သူဌေးကို သူ ဆက်ကြည့်နေလိုက်တယ်။

သူဌေးက မိုက်ကို "တဖူးဖူး" နဲ့ လေမှုတ်စမ်းပြီး အလုပ်သမားခေါင်းဆောင်ကို ခေါ်လိုက်တယ်။ အဲဒီခဏမှာပဲ သူဌေးဘေးကို အလုပ်သမားခေါင်းဆောင် ခပ်သွက်သွက် ရောက်လာတယ်။ သူဌေးက မိုက်တစ်လုံး လှမ်းပေးပြီး စကားပြန်ခိုင်းတယ်။

"ကျွန်တော် တိုတိုနဲ့ လိုရင်းပဲ ပြန်ပေးပါ့မယ်။ အလုပ်ကို ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ကြဖို့နဲ့ သူများမြေပေါ်မှာ စည်းကမ်းရှိရှိ နေတတ်ရမယ်တဲ့။"

စကားအဆုံးမှာ "ဟေး" ဆိုတဲ့ အသံတွေနဲ့အတူ လက်ခုပ်သံတွေ တဖြောင်းဖြောင်း ထွက်လာတယ်။ အဲဒီအချိန်မှာ လက်ခုပ်မတီး လေမချွန်ဘဲ ငြိမ်နေတဲ့ သူတို့စားပွဲဝိုင်းလေးကို မင်းထိုက်က ရုတ်တရက် စတင်ပုတ်နိုးလိုက်တယ်... "အလကား အပိုတွေ" ဆိုပြီး ဘီယာပုလင်းကို ကောက်မော့လိုက်တယ်။ ပြီးတော့ "အေ့" ခနဲ လေချဉ်တက်ပြီး 'ဘယ့်နှယ်လဲ' ဆိုတဲ့ အကြည့်မျိုးနဲ့ သူ့ကို စိုက်ကြည့်နေပြန်တယ်။

သူ့ခေါင်းထဲ တစ်ချက်ငိုက်ခနဲဖြစ်သွားတော့ "ငါ ရီဝေဝေ ဖြစ်စပြုနေပြီ မင်းထိုက်" ဆိုပြီး သူ မင်းထိုက်ကို ပြောလိုက်တယ်။ မင်းထိုက် လက်မထောင်ပြတာကို သူ သဲသဲကွဲကွဲ မြင်ရသေးတယ်။ မဝေကတော့ စတိတ်စင်ရှေ့က လှိုင်ဝင်းဆီ စိတ်မချသလိုငေးကြည့်မပြတ်။ စတိတ်စင်ပေါ်က ဆလိုက်မီးတွေ ပြိုးခနဲ လက်ခနဲ သူတို့စားပွဲဆီရောက်လာကြတယ်။ ဆောင်းဘောက် (Sound Box) ဆီက မြူးဇစ်သံကြောင့် ရေငတ်သူကို ရေတွင်းထဲ ပစ်ချလိုက်သလို ဟေးခနဲ ဝါးခနဲဆူညံသံတွေ ပွက်လောရိုက်နေတယ်။

စတိတ်စင်ပေါ် အငေးလွန်၊ အကြည့်လွန်နေတဲ့ သူ့ခြေထောက်ကို စိုစွတ်နေတဲ့ လျှာနဲ့ လျက်သလို ခံစားလိုက်ရတယ်။ စားပွဲခုံအောက် ငုံ့ကြည့်လိုက်တော့ တိုးနီ။ စက်ရုံထဲက ခွေး။ စက်ရုံမှာ တိုးနီ၊ ဖြူကျား၊ မိုင်လို၊ ဖီလို ဆိုတဲ့ ခွေးလေးကောင်ရှိတယ်။ သူ တိုးနီကို ပုစွန်ပြုတ်တစ်ကောင် ချကျွေးလိုက်ပြီး သူလည်း ပုစွန်တစ်ကောင် ချဉ်ရည်စိုစိုနှစ်ပြီး ဝါးလိုက်တယ်။ ဆိမ့်တဲ့အရသာက သူ့ခံတွင်းမှာ ထူးထူးကဲကဲ။ နှုတ်ခမ်းမှာ ကပ်ကျန်နေတဲ့ အရသာကို လျှာဖျားလေးနဲ့ သပ်သိမ်းလိုက်ပြီး တိုးနီ သွားရည်ရွှဲရွှဲနဲ့ဝါးနေတာကို လှမ်းကြည့်လိုက်တော့ ကျန်တဲ့ ခွေးသုံးကောင်က မကျေနပ်တဲ့ပုံနဲ့ ပြူးပြူးကြောင်ကြောင် တိုးနီကို ကြည့်နေကြတယ်။ တိုးနီက အစာဂုဏ်နဲ့ မာန်ဖီလို့ မဆုံးဘူး။

(၄)

စက်ရုံရဲ့ နှစ်ပတ်လည်ညမှာ အပျော်ဆုံးက ကျွဲကြီး ဖြစ်လိမ့်မယ်။ ခန္ဓာကိုယ်ထွားထွားကြီးကို ဘောင်းဘီရှည်ပွပွကြီး ဝတ်ထားပြီး အင်္ကျီက မပါဘူး။ ခန္ဓာကိုယ်ကြီးက လှုပ်ရှားနေတဲ့ မီးရောင်အောက်မှာ မည်းမည်းပြောင်ပြောင်။ ခေါင်းမှာ စက္ကူပန်းခြောက်တွေလည်း တိုးလိုးတွဲလောင်း ချိတ်ထားတယ်။ ပြီးတော့ နားနှစ်ဖက်မှာ စတိတ်စင်က ဖြုတ်ထားတဲ့ လက်သီးသာသာ အရွယ် ပူဖောင်းနှစ်လုံးကို တစ်ဖက်စီ ပန်ထားသေးတယ်။ ပျော်ကလည်း အလွန်ပျော်တတ်၊ အအနောက်ကလည်း သိပ်သန်၊ အရက် ဘီယာကိုလည်း အလွန်ကြိုက်တဲ့ကောင်။

စတိတ်စင်ပေါ်မှာ နှစ်ယောက်တည်းရှိတဲ့ ထိုင်းအဆိုတော်မနှစ်ယောက်က တစ်ယောက်တစ်လှည့် ဆိုပြ၊ လှုပ်ပြနေကြတယ်။ ဒါကို ကျွဲကြီးက စတိတ်စင်ဘေး ချိတ်ဆွဲထားတဲ့ ပူဖောင်းတွေ ဖြုတ်ပြီး စင်ပေါ်တက် ဆုချလိုက်၊ လက်ကိုကိုင်ပြီး နှုတ်ဆက်လိုက်၊ အောက်ကလူတွေကို လက်ဝှေ့ယမ်းပြလိုက်နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်နေတယ်။ တခြားလူတွေလည်း ကျွဲကြီးအတိုင်း နောက်က တဖြည်း ဖြည်းလိုက်လုပ်လာကြပြီ။ ထိုင်းမနှစ်ယောက် ဘာဆိုနေမှန်းမသိပေမဲ့ သူ့စိတ်ထဲကြည်နူးနေမိတာတော့ အမှန်ပဲ။

ပွဲဆို ဝေးဝေးက ရှောင်တတ်တဲ့သူဟာ ဒီညမှာတော့ စက်ရုံက ဖရိုဖရဲ အဖြစ်ကလေး ဆောက်ပေးထားတဲ့ စတိတ်စင်ရှေ့ ကခုန်ပျော်ပါးနေကြတဲ့ လူတွေကို ကြည့်ပြီး... "ငါတို့လူမျိုးတွေ ပွဲငတ်နေကြတာ အသိသာကြီး။ အခုလို ညမျိုးအတွက် ငါကြည်နူးနေမိတယ်။ ဒီလိုပွဲလေး လုပ်ပေးလို့ သူဌေးကိုလည်း ကျေးဇူးတင်မိတယ်" လို့ မင်းထိုက်နဲ့ မဝေကို လှမ်းပြောလိုက်တော့ "ပွဲငတ်နေတာ မဟုတ်ဘူး၊ အပျော်ငတ်နေကြတာ ကိုမင်းရ။ တို့လူမျိုးတွေက ပွဲတို့၊ အပျော်အပါးတို့ အလွန်ကြိုက်တဲ့လူတွေ။ စနေညဆိုတော့ ပိုကဲကြပြီပေါ့ဗျာ" လို့ မင်းထိုက်က ပြန်ပြောတယ်။

"အေးကွာ... တပြည် တနယ်၊ ရေခြားမြေခြားမှာ ပိုက်ဆံလာရှာကြတဲ့ ဘဝတူတွေအချင်းချင်း ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး မြင်တွေ့ရတာ ကြည်နူးစရာပဲ။"

မင်းထိုက်ကို ပြန်ပြောနေတဲ့ သူ့စကားအဆုံး "အေ့" ခနဲ လေချဉ် ပါးစပ်က မှုတ်ထုတ်လိုက်တယ်။

(၅)

"ဟေ့ မလုပ်နဲ့၊ မလုပ်နဲ့။ ဆွဲကြဦး၊ ဆွဲကြဦး။"

အော်သံတွေ၊ ဆူသံတွေနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်တဲ့နေရာကို သူတို့ လှမ်းကြည့်လိုက်ကြတယ်။ ခဏကြာမှ သူ စားပွဲခုံကထ၊ လူအုပ်ကြားထဲတိုးဝင်သွားလိုက်တော့ ကျွဲကြီးမျက်နှာမှာ ဖီးခိုင်ရဲ့လက်သီး သုံး လေးချက်ကြောင့် အာလူးအရွယ် အဖုကြီးတွေ ထွက်လာပြီး ရောင်ကိုင်းနေပြီ။

"ဘယ်လိုဖြစ်တာလဲဗျ" ဘေးနားက တစ်ယောက်ကို သူ မေးကြည့်လိုက်တယ်။

"ကျွဲကြီးက လှိုင်ဝင်းကို ကြမ်းကြမ်းတမ်းတမ်း ပွေ့ချီစနောက်တာ။ အဲဒါ မူးနေတဲ့ ဖီးခိုင်က ရန်ဖြစ်တယ်ထင်ပြီး ကျွဲကြီးကို အလဟဿ ဝင်ထိုးတာတဲ့။"

အဲဒီအချိန်ခဏမှာပဲ သူဌေး ရောက်လာတယ်။ အလုပ်သမားခေါင်းဆောင်က သူဌေးဘေးမှာ ကပ်ပါလာတယ်။ သူဌေးက ကျွဲကြီးကို စူးစူးရဲရဲကြည့်ပြီး စကားသုံးလေးခွန်း ပြောတယ်။ ကျွဲကြီးပခုံးကို အလုပ်သမားခေါင်းဆောင် အသာအယာ ဆုပ်ကိုင်လိုက်ပြီး လေသံတိုးတိုးလေးနဲ့ "ကျွဲကြီး... ညီလေး၊ သူဌေးက အခု ပြန်တော့တဲ့။ တနင်္လာနေ့ အလုပ်မလာနဲ့လို့လည်း ပြောတယ်" ဟု ဆိုသည်။

ကျွဲကြီးက ခေါင်းတစ်ချက် ညိတ်ပြီး စက်ရုံပွဲခင်းထဲကနေ ခေါင်းငိုက်စိုက်ချကာ လေးလံတဲ့ ခြေလှမ်းတွေနဲ့ ဖြည်းဖြည်းလေး ထွက်သွားနေတယ်။ လှိုင်ဝင်းက အကျိုးအကြောင်း ရှင်းပြဖို့ ရှေ့ကို တိုးလိုက်တော့ အလုပ်သမားခေါင်းဆောင်က လက်ကာတားပြီး "အလုပ်ပြန်ဆင်းတဲ့နေ့ကျ ငါပြောပေးမယ်။ အခု ထားလိုက်ဦး" ဆိုတဲ့ အသံကို သူ သဲ့သဲ့လေး ကြားလိုက်ရတယ်။ အဲဒီခဏမှာပဲ မဝေက သူ့နံဘေးကို တိုးကပ်၊ လေးလုံးမကွဲတဲ့စကားကို တိုးဖွဖွလေး မဲ့ရွဲ့ပြောနေလေရဲ့။ သူကတော့ အံကြိတ် ရင်း ကျွဲကြီးကျောပြင်ကိုသာ လှမ်းကြည့်နေမိတယ်။

"ဟာကွာ... ကျွဲကြီးက မှားတာမှ မဟုတ်ဘဲ။ အလကားသက်သက် အထိုးလည်း ခံရသေး၊ အလုပ်လည်း အထုတ်ခံရသေးနဲ့ မတရားဘူး။ သူဌေးက သူ့လူမျိုးဘက်က ပါတာပေါ့။"

"သူဌေးကို ကျွန်တော် ပြောပေးကြည့်ပါ့မယ်။ အခု အေးအေးဆေးဆေး နေကြပါဦး။"

ဆူညံနေတဲ့ အသံတွေကို ကျောခိုင်းရင်း စားပွဲခုံလေးဆီ သူ ပြန်လာခဲ့တယ်။ ရင်ထဲမှာ အမျိုးအမည်မဲ့တဲ့ ဝေဒနာတစ်ခုက ကပ်ငြိကုတ်ဖဲ့လို့။ သူ စားပွဲခုံနား ရောက်တော့ စားပွဲခုံမှာ လူတစ်ယောက်မှ မရှိဘူး။ တိုးနီက "ဝုတ်" ဆို တစ်ခွန်းတည်း ဟောင်ပြီး သူ့ကို ကြောင်ကြောင်ကြီး ကြည့်နေတယ်။ သူ ဘီယာပုလင်းဖုံးကို စားပွဲခုံစောင်းနဲ့ ရိုက်ဖွင့်လိုက်ပြီး တဂွပ်ဂွပ် မြည်အောင် မော့သောက်နေမိတယ်။ အဲဒီခဏ စတိတ်စင်ပေါ်က အသံကြောင့် သူ့ရင်ဘတ်ဟာ ယိမ်းထိုးလှုပ်ခါသွားတယ်။

(ခိုလှုံရာအရိပ်နဲ့ လမ်းခွဲထွက် ဒါဘဝရဲ့ ခရီးတွေပဲ... ရင်မှာ မောပန်းခြင်းနဲ့ ဝဲလှည့်ရင်း ငါဟာ အိမ်ကို လွမ်းနေသူ... ငါ အိပ်မက်ထဲထိ လွမ်းဆဲ ဘယ်တော့မှ မရောက်နိုင်ခဲ့... အဖြူရောင်ခြယ်တဲ့ နှလုံးသားများ ဘယ်မှာရှာလို့ တွေ့လိမ့်မလဲ...) ဝိုင်းဝိုင်းရဲ့ 'အိမ်လွမ်းသူ' သီချင်းကို စင်ပေါ်မှာ အပြီအပြင် ဟဲနေတဲ့ မင်းထိုက်ကို သူ တွေ့မြင်လိုက်ရတော့ အံ့ဩတဲ့ အကြည့်တွေနဲ့ လှမ်းကြည့်နေမိတယ်။

(၆)

ညဦးပိုင်းကထက် အအေးဓာတ်ဟာ သူ့ကို သိသိသာသာ တစိမ့်စိမ့် ကိုက်ဖဲ့နေတယ်။ ပန်းကန်ထဲက ပုစွန်တွေလည်း ပျော့ဖတ်အေးစက်ပြီး အရသာက ပေါ့ပျက်ပျက် ဖြစ်နေပြီ။ ဒါပေမဲ့ တစ်ကောင်ပြီး တစ်ကောင် ခေါင်းဖြုတ်၊ အမြီးဖြုတ်၊ ချဉ်ရည်စိမ်ပြီး သုံးကောင်ဆက်တိုက် သူ စားပစ်လိုက်တယ်။ မင်းထိုက်က ဘီယာနောက်တစ်လုံးရဲ့ အဖုံးကို ကွမ်းသွေးတွေ နီရဲနေတဲ့ သွားမည်းမည်း ရဲရဲကြီးတွေနဲ့ အံကြိတ်ပြီး ကိုက်ဖွင့်နေလေရဲ့။ လှိုင်ဝင်းကတော့ စတိတ်စင်အောက်မှာ လက်မြှောက်ကခုန်လို့ မမောပန်းနိုင်သေးဘူး။ ဆလိုက်မီးတွေက သူတို့ဆီ ပြိုးခနဲ လက်ခနဲ ရောက်ရောက်လာဆဲ။ တိုးနီတို့အုပ်စု စားပွဲခုံအသီးသီးဆီ ရှာဖွေရေးထွက်ပြီး သူတို့စားပွဲခုံနား ပြန်ရောက်လာကြပြီ။

သူ့စိတ်ကတော့ ညဦးပိုင်းတုန်းကလို မရွှင်ပျ၊ မလန်းဆန်းတော့။ ကြည်နေတဲ့ ရေအိုင်ထဲ နွားရိုင်းတွေ ဝရုန်းသုန်းကား ပြေးလွှားကြသလို အဖြစ်အပျက်တွေကြောင့် ညစ်ညူးနောက်ကျိနေပြီ။ ပုစွန်တစ်ကောင်ကို ခေါင်း၊ အမြီးဖြုတ်တော့ တော်တော်နဲ့ မရ။ ချဉ်ရေစိုစိုလေး နှစ်လိုက်ပြီး တစ်ပိုင်းကို အရသာရှိရှိ လျှာပေါ်တင်၊ ကြေညက်အောင် ဝါးနေတုန်း...

"ခွေးမသား... ကဲဟာ၊ ကဲဟာ။"

"မလုပ်နဲ့၊ မလုပ်နဲ့။ ကိုယ့်အချင်းချင်းတွေ လက်လွန်ခြေလွန် ဖြစ်ကုန်မယ်၊ မလုပ်ကြနဲ့။"

ဆဲသံဆိုသံတွေ၊ အလန့်တကြား အော်သံတွေ ရောထွေးယှက်နွယ် ဆူညံပြီး ရုတ်ရုတ်သဲသဲ ဖြစ်တဲ့နေရာကို သူတို့သုံးယောက် ရုတ်ခနဲ အကြည့်ရောက်ပြီး ကြောင်နေမိကြတယ်။

"ဘာဖြစ်ပြန်ပြီလဲ" လို့ မင်းထိုက်ကို သူ လှမ်းမေးလိုက်တယ်။

"သွေးတွေနဲ့ဗျ။ မြန်မာပြည်က ရောက်စ လူသစ်လေးကို ဓားနဲ့ ထိုးလိုက်တာ။"

"ဟာ... ငါသွားမှ ဖြစ်မယ်။"

သူ စားပွဲခုံကထ၊ လူအုပ်ကြားထဲ မူးမူးနဲ့ ဇွတ်တိုးဝင်လိုက်တယ်... "ဒါကြောင့် တရုတ်သူဌေးမက ပြောတာပေါ့။ မင်းတို့မြန်မာတွေ ခေါင်းထဲမှာ ချေးပဲရှိတယ်လို့။ ကိုယ့်အချင်းချင်းတွေ စည်းစည်းလုံးလုံးနဲ့ သင့်မြတ်အောင် နေကြစမ်းပါ" လို့ ကိုယ်ခန္ဓာ ယိုင်ယိုင်လှုပ်လှုပ်နဲ့ တရုတ်သူဌေးမ ပြောဖူးတဲ့ စကားကို ရန်ဖြစ်နေတဲ့ လူအုပ်ကြားထဲ သူ နာနာကြည်းကြည်း ဝင်ပြောလိုက်တယ်။

အဲဒီခဏမှာ "မင်းက ဘာကောင်မို့ ဝင်ပြောရတာလဲ" ဆိုတဲ့ အသံနဲ့အတူ သူ့ရင်ဘတ်ထဲကို ပူခနဲ၊ ကျင်ခနဲအရာတစ်ခုက တိုးဖောက်ဝင်သွားတယ်။ ကိုယ်ခန္ဓာက မြေပြင်ပေါ် ဖုတ်ခနဲ မှောက်ရက်ပြုတ်ကျပြီး နားထဲမှာ လူသံတွေ တိုးတိုးသဲ့သဲ့၊ မသဲမကွဲ ကြားနေရတယ်။ သူ့အမြင်အာရုံထဲမှာတော့ လှုပ်လှုပ်ရှားရှား မှုန်ဝါးနေတဲ့ လူတွေ။

(၇)

"လုံးစုံများစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။"

အနှစ်နှစ်အလလ သတိရလွမ်းဆွတ်နေတဲ့ အမေ မေခင်မြ အသံဖြစ်ကြောင်း သိတော့ သူ့မျက်နှာပေါ်မှာ ပြုံးရိပ်သန်းသွားတယ်။ အိမ်ရှေ့ မန်ကျည်းပင်ကြီးက အိမ်မှာ သူရှိတုန်းကအတိုင်း ထီးထီးကြီး ရပ်နေတုန်းပင်။ ခြံတံခါးကို ဖွင့်ဖို့လုပ်တော့ မန်ကျည်းပင်အောက်မှာ ဆေးလိပ်တိုကို ရဲနေအောင် ဖွာရှိုက်ရင်း ဦးမင်းညိုက ခြံတံခါးကို လှမ်းကြည့်နေတယ်။

သူ ရုတ်တရက် သတိရရင်း ဘေးကပ်အိတ်ကို လက်က ဆုပ်ကိုင်မိတယ်... "ပိုက်ဆံ၊ ငါ့ပိုက်ဆံတွေ" လို့ အလန့်တကြား ရေရွတ်ရင်း ဘေးကပ်အိတ်ကို နှိုက်ကြည့်လိုက်ပေမဲ့ တစ်ကျပ်မှ မရှိ။ သူ့ခေါင်းထဲ အတိတ်နေ့ရက်အဟောင်းများက တလှုပ်လှုပ် နိုးကြွလာတယ်။

"အမေ့အတွက် ပိုက်ဆံသွားရှာမှာပါ အမေရယ်။ သားကို စိတ်မပူပါနဲ့။ လှိုင်ဝင်းတို့၊ မင်းထိုက်တို့လည်း ပါတာပဲ။ အခုကာလမှာ ထိုင်းဆိုတာ မြန်မာပြည်နဲ့ သိပ်ဝေးတာ မဟုတ်တော့ပါဘူး။"

အမေ မေခင်မြက သူ့ကို မျက်လုံးမှိန်မှိန်လေးနဲ့ စိုက်ကြည့်နေစဉ် ဦးမင်းညိုကတော့ အံကြိတ်ပြီး လေပူတွေကို တဖူးဖူး မှုတ်ထုတ်နေတယ်။ ပြီးမှ "ပိုက်ဆံရှာတဲ့ ယုံကြည်ချက် အိပ်မက်တွေဆီကိုပေါ့... ဟုတ်လား" လို့ မဲ့မဲ့ရွဲ့ရွဲ့ မေးပြီး လက်ကြားက ဆေးလိပ်တိုကို ရဲခနဲ ဖွာရှိုက်လိုက်တယ်။

သူ ရုတ်တရက် ကြက်သီးဖြန်းခနဲ ဖြစ်သွားတာကြောင့် အတွေးကို ခပ်မြန်မြန် ဖြတ်ချလိုက်တယ်။ သူ့ခြေလှမ်းတွေကို တစ်လှမ်းချင်း လှမ်းရင်း ကျောခိုင်းလိုက်တော့ အမေ မေခင်မြရဲ့ မေတ္တာပို့ အမျှဝေသံက သူ့နားထဲမှာ တိုးတစ်ခါ၊ ကျယ်တစ်လှည့် ကြားနေရဆဲ။ သူ့စိတ်တွေ တုန်ခါလှုပ်ရှားပြီး ပါးပြင်ထက်မှာ မျက်ရည်ပူတွေ စိုရွဲလို့။

(၈)

သူ့အမြင်အာရုံဟာ အမှောင်ထဲ ထိုးကျနေပေမဲ့ သူ့နားကို အာရုံစူးစိုက် နားထောင်ကြည့်တော့...

"ဝီ... ဝီ... ဝီ... ဝီ..."

အရေးပေါ်ကားရဲ့ အသံတွေက သူ့နားထဲမှာ ဗလောင်ဆူပွက်လို့။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar