နန္ဒအောင် - မြန်မာ့စာနယ်ဇင်းသမိုင်းကိုဖော်ပြနေတဲ့ ပြည်သူတို့၏ စကားပြန် ( ၁ )
မြန်မာ့စာနယ်ဇင်းသမိုင်းကိုဖော်ပြနေတဲ့
ပြည်သူတို့၏ စကားပြန် ( ၁ )
နန္ဒအောင်
(မိုးမခ)ဧပြီ ၂၀၊ ၂၀၂၆
သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း / စာစောင်တွေ ရှားပါးတဲ့ ခေတ်ထဲမှာ စာရေးသူ တစ်ယောက်အနေနဲ့ စာရေးဖို့ စာမျက်နှာတွေတောင့်တမိတယ်။ တောင့်တာမိတာနဲ့အမျှ ရှားပါး မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်း စာတွေ ရှာဖတ်ဖြစ်တယ်။ ရှာဖတ်တယ်ဆိုပေမယ့် နယ်မှာနေထိုင်သူအတွက်တော့ လက်လှမ်းမီ သလောက်ပေါ့။ စာရေးသူ ဖတ်ဖြစ်တဲ့ စာအုပ်၊ စာစောင်တွေထဲကနေ ရှားပါးစာအုပ်၊ စာစောင်လေးတွေ၊ ပြန်လည်း မထွက်ဖြစ်သေးတဲ့ စာအုပ်လေးတွေအကြောင်း ရည်ညွှန်းပြန်ရေးဖြစ်ပါတယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေထဲမှာ ဆိုရင်တော့ ‘ စာအုပ်စင်ကဏ္ဍ ’ လိုမျိုးပေါ့။
ကျွန်တော့် ဘာသာ စာအုပ်စင်ကဏ္ဍ ဖွင့်လိုက်တယ်ပေါ့ဗျာ။ ရည်ညွှန်း၊ ဖတ်ညွှန်း ရေးတယ်ဆိုပေမယ့် စနစ်တကျ အရေးအသားတော့ မဟုတ်ပါဘူး။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စာမျက်နှာတွေ တောင့်တမိတဲ့ စာရေးသူအတွက် သတင်းစာတွေအကြောင်းရေးထားတဲ့ စာအုပ်လေးတစ်အုပ်နဲ့ ဆုံစည်းဖြစ်သွားတယ်။ “ ပြည်သူတို့၏ စကားပြန် ” ဆိုတဲ့ စာအုပ်လေးပါ။ “ ပြည်သူတို့၏ စကားပြန် ” စာအုပ်ကို ၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာ ဟံသာဝတီ သတင်းစာပုံနှိပ်တိုက် ( အမှတ် ၉၆၊ အောင်ဆန်းလမ်း၊ မန္တလေးမြို့ ) မှာ ပုံနှိပ်ပြီး ဦးမြင့်ထွန်း ( ကင်းလွတ်ခွင့် အမှတ် ၀၂၇၃၆ ) က ဟံသာဝတီသတင်းစာ အခြေခံ ပြည်သူ့အလုပ်သမားကောင်စီ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ငယ် ကိုယ်စား ထုတ်ဝေတယ်လို့ မှတ်တမ်းတင်ထားတယ်။
“ ပြည်သူတို့၏ စကားပြန် ” စာအုပ်ကို ‘ ဝင်းတင် စီစဉ်တည်းဖြတ်သည် ’ လို့လည်း မှတ်တမ်းတင်ထားပါတယ်။ ဝင်းတင်ဆိုတာ ဟံသာဝတီ ဦးဝင်းတင်ပဲပေါ့။ ကျွန်တော်ကတော့ ဟံသာဝတီ ဦးဝင်းတယ်ရယ်လို့ တံဆိပ်ကပ်ကြတဲ့ ခေတ်တွေမှာ ကြီးပြင်းလာသူဆိုတော့ ဟံသာဝတီ ဦးဝင်းတင်လို့ပဲ နှုတ်ကျိုးနေမိတယ်။ “ ပြည်သူတို့၏ စကားပြန် ” စာအုပ်က စာနယ်ဇင်း သမိုင်းနှစ် အထိမ်းအမှတ်၊ ဟံသာဝတီသတင်းစာ ပြည်သူပိုင်သက်တမ်း ( ၅ ) နှစ်မြောက် အထိမ်းအမှတ်တွေအဖြစ် သတင်းစာသမားနဲ့ သတင်းစာ သုတေသီ ပုဂ္ဂိုလ် ၅၀ ရဲ့ ရေးသားချက်တွေကို စုပေါင်းထုတ်ဝေထားတာပါ။
‘ ပြည်သူတို့၏ စကားပြန် ’ စာအုပ်ဟာ မြန်မာ့သတင်းစာသမိုင်းကို ဖော်ပြနေတဲ့ စာအုပ်ဆိုရင်လည်း မမှားပါဘူး။ သတင်းစာသမားတွေ၊ ဂျာနယ်လစ်တွေ၊ သမိုင်းသုတေသီတွေ၊ သမိုင်းစိတ်ဝင်စားသူတွေရဲ့ စာအုပ်စင်မှာ ရှိထားသင့်တဲ့ စာအုပ်ဖြစ်တယ်လို့လည်း ညွှန်းချင်ပါတယ်။ ဦးဝင်းတင် ( ဟံသာဝတီ ဦးဝင်းတင် ) စီစဉ်တည်းဖြတ်တဲ့ စာအုပ်မှာ ကလောင်နာမည်ကို ဆောင်းပါးခေါင်းစဉ်ရဲ့ အပေါ်မှာ အစီအစဉ်ချထားတာ တွေ့ရပါတယ်။
ဥပမာ - တက်တိုး ( ကလောင်နာမည် )
ပြည်သူပိုင် သတင်းစာများ ( ဆောင်းပါးခေါင်းစဉ် )
ဦးဝင်းတင် ( ဟံသာဝတီ ဦးဝင်းတင် ) စုစည်းတည်းဖြတ်တဲ့ ‘ ပြည်သူတို့၏ စကားပြန် ’ စာအုပ်မှာ တချို့ဆောင်းပါးလေးတွေရဲ့ အောက်ခြေမှာ သတင်းစာနဲ့ ပတ်သက်တဲ့ အဆိုအမိန့်၊ အယူအဆ၊ ထင်မြင်ချက်တွေကို ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီဖွင့်ဆိုချက်တွေထဲကနေ အနည်းအငယ်ကို ကူးယူဖော်ပြပါ့မယ်။
စာ - ၃၈ ‘ သတင်းစာတို့ ဝတ္တရား ’
သတင်းစာတို့၏ဝတ္တရားကား၊ သတင်းများကိုထုတ်ဝေရုံမျှမက၊ တိုင်းပြည်အကျိုး အမျိုးသားအကျိုးအတွက် မိမိတို့ထင်မြင်ချက်များကို ထုတ်ဝေရလေသည်။ ထိုသို့မှ မထုတ်ဝေလျှင် သတင်းစာတို့၏ ဝတ္တရားများ ပျက်ပြားရာကျရောက်ချေမည်။
( ၁၉၉၃ ဧပြီထုတ် မြန်မာ့အလင်း နှစ်သစ်မင်္ဂလာ သတင်းစာပါ ဦးဘလှိုင်၏ သတင်းစာရေးသားခြင်း ဆောင်းပါးမှ )
စာမျက်နှာ - ၆၉ ‘ ရည်မှန်းချက် ဦးတည်ချက်ရှိမှ ’
သတင်းစာများသည် အဖျက်ခေတ်တွင်ဖြစ်စေ၊ အပြုခေတ်တွင်ဖြစ်စေ ပေါ်လစီခေါ် ဝါဒနှင့် ကာလာခေါ် အသွေးအရောင်ရှိကြရန် အရေးကြီးပေသည်။ ရည်ရွယ်ချက်မရှိဘဲ ရေးချင်ရာရေးနေသော သတင်းစာတစောင်သည် ဖေတော့မောင်တော့ရေးနေခြင်းဖြင့် ဖတ်၍ စွဲကောင်းစွဲမည်ဖြစ်သော်လည်း ဩဇာညောင်းမှုကား ရှိမည်မဟုတ်ပေ။ တိကျသောဝါဒဖြင့် ရည်မှန်းချက်၊ ဦးတည်ချက်အတိုင်း မှန်မှန်ကန်ကန်သွားသော သတင်းစာသည် ဩဇာတိက္ကမ ရှိလာမည်သာဖြစ်သည်။
သတင်းစာဆရာကြီး ဦးသန်းတင့် ( ဓူဝံ )
စာမျက်နှာ - ၁၇၆ ' တနေ့တာ သမိုင်းပြုစုသူ ’
သတင်းစာ ဆရာသည် အမှန်တရားကို အလေးထားသော တနေ့တာ သမိုင်းပြုစုသူဖြစ်သည်။
အယ်လ်ဘတ်ကမူး
စာမျက်နှာ - ၁၈၉ ‘ သတင်းနှင့်အဖျင်း ’
သတင်းစာဟာ တရားစာမဟုတ်မှန်း လူတိုင်းသိသပေါ့။ ဒါပေမဲ့ အတင်းတွေ၊ အဖျင်းတွေ၊ ကြားချင်ရင် ငါးစိမ်းတန်း သွားမှာပေါ့။ ပိုက်ဆံတောင် မကုန်ဘူး။ သတင်းစာနဲ့ အဖျင်းစာကို မခွဲခြားတတ်သော သတင်းစာဆရာတွေ အစား ကျွန်တော်ဖြင့် ရှက်သဗျာ။
သိပ္ပံမောင်ဝ
စာမျက်နှာ - ၂၀၇ ‘ အချက်နှစ်ချက် ’
သတင်းထောက်သည် အများဂရုစိုက်၍နေသော အကြောင်းအရာ တခုခု ဖြစ်ပွားရာ၌ ဘယ်အချက်ကိုဖြင့် အခြားသတင်းထောက်များ လစ်ဟင်းနေသည်။ ထိုအချက်ကို ငါရအောင် စုံစည်းမည်ဟူသော တဆင့်နှစ်ဆင့် တွေးခေါ် ရှာကြံတတ်သော စိတ်ကူးဉာဏ်လိုလေသည်။
ပီမိုးနင်း ( စာရေးနည်းလမ်းညွှန် )
စာမျက်နှာ - ၂၁၉ ‘ ခေါင်းကြီးပိုင်း ’
ကျွန်ုပ်ဟ အယူအဆမှာ ခေါင်းကြီးမပါဘဲလျက်နှင့် ဩဇာကောင်းသည်ဆိုသော သတင်းစာများသည် ပါးစပ်မပါဘဲ ခြေပြလက်ပြနှင့် ကိစ္စပြီးနိုင်သည်ဆိုခြင်းများကဲ့သို့ အင်္ဂါချို့ငဲ့ရာ ရောက်သည်ဟု ထင်မြင်မိပေသည်။
ဆရာကြီး ရွှေဥဒေါင်း
စာမျက်နှာ - ၃၃၆ ‘ စိတ်ကူးကောင်းသော ကာတွန်း’
သတင်းစာမှန်လျှင် ကာတွန်းပါရမည်။ ကာတွန်းမပါလျှင် ဆားမပါသော ဟင်းနှင့်တူသည်။ သတင်းစာတွင် လက်ရွေးစင်ကာတွန်းများကိုသာ ထည့်သွင်းဖော်ပြသင့်သည်ဟု ထင်သည်။ လက်ရွေးစင်ကာတွန်း ဆိုသည်မှာ စိတ်ကူးကောင်းသော ကာတွန်းကို ဆိုလိုသည်။ လက်ရာညံ့လျှင် အရေးမကြီးလှသေးပါ။ လက်ရာကောင်းပြီး စိတ်ကူးညံ့နေလျှင်ကား သတင်းစာတွင် နေရာဖြုန်းခြင်းသာ ဖြစ်သည်ဟု ယူဆပါသည်။
ဦးဟိန်စွန်း ( မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းထုတ် သတင်းစာစောင်မှ၊ ၁၉၆၃ ဩဂုတ် )
‘ ပြည်သူတို့၏ စကားပြန် ’ စာအုပ်ကြောင့် သတင်းစာတွေအကြောင်း သိရသလို၊ သတင်းစာတွေရဲ့ အခက်အခဲတွေကို သိခွင့်ရခဲ့တယ်။ အထူးသဖြင့် ဆောင်းပါးအများစုမှာ သတင်းစာရဲ့ ကုန်ကြမ်းဖြစ်တဲ့ စက္ကူမလုံလောက်တဲ့ အခက်အခဲတွေ ဖတ်ရပါတယ်။ ဟံသာဝတီ သတင်းစာခေတ်မှာ ပြည်သူတွေရဲ့ သတင်းစာဖတ်လိုအားကိုလည်း ဝမ်းမြောက်စွာတွေ့ရပါတယ်။ ဒီဘက်ခေတ်မှာတော့ လူတွေ ( အများစု ) က သတင်းစာဆိုတာကို မဖတ်ကြတော့လို့ပဲ။ ခေတ်ချင်းလည်း မတူတော့ဘူးလေ လူမှုကွန်ရက်လို နေရာမျိုးမှာလည်း သတင်းပေါင်းမြောက်မြားစွာကို အချိန်မရွေး ဖတ်ခွင့်ရနေတဲ့ အခွင့်အရေးကလည်း ဒီနေ့ခေတ် လူသားတွေဆီမှာ ရှိနေတာပဲလေ။ ဒါပေမဲ့ မတူကွဲပြားခြားနားတာကတော့ သတင်းစာဖတ်လိုအား အရမ်းမြင့်တက်နေတဲ့ ခေတ်တုန်းက သတင်းတစ်ပုဒ်အပေါ် ခံစားနားလည် လေးနက်မှုနဲ့ သတင်းတု၊ သတင်းယောင်တွေ ပေါပေါရနေတဲ့ အခုခေတ် သတင်းအပေါ် လေးနက်မှုခြင်း မတူတာတော့ သေချာပါတယ်။
ပြည်သူတွေ အနေနဲ့ ဟံသာဝတီ သတင်းစာဖတ်လိုအား ဘယ်လောက်ရှိလဲဆိုတာကို ဟံသာဝတီ သတင်းစာ ဝိုင်းတော်သားတစ်ယောက် ဖြစ်တဲ့ ‘ ဦးဝင်းအောင် ’ ရေးထားတဲ့ “ လဖက်ရည်ကြမ်းဝိုင်းမှ သတင်းစာဝိုင်းသို့ ” ဆိုတဲ့ဆောင်းပါးမှာ ဖတ်ရပါတယ်။ ဦးဝင်းအောင်က ဟံသာဝတီအခြေ စိုက်ရာ မန္တလေးကနေ လုပ်သက်ခွင့်နဲ့ နယ်မြို့ကလေးတစ်မြို့ကို သွားရင်းလာရင်းနဲ့ သတင်းစာကိုယ်စားလှယ်ကြီး တစ်ယောက်နဲ့ တွေ့တော့ ဟံသာဝတီ သတင်းစာ တစ်စောင်ရောင်းဖို့ ပြောရာကနေ ကိုယ်စားလှယ်က အပိုမရှိဘူး၊ မရောင်းနိုင်ဘူးလို့ ပြောပါတယ်။ မျက်စိရှေ့မှာ မြင်နေရတဲ့ ဟံသာဝတီသတင်းစာထုပ်ကြီးကို ကြည့်ရင်းနဲ့ ဒီသတင်းစာထုပ်ကြီးကကောလို့ အမေးကို သတင်း စာကိုယ်စားလှယ်က ပြန်ဖြေပုံကို ဦးဝင်းအောင်က အခုလို ရေးသားထားပါတယ်။
‘ ဒီသတင်းစာတွေက လပေးကြည့်တဲ့သူတွေကို ပေးရမှာ။ သတင်းစာအပို လုံးလုံးမရှိဘူးဗျ။ အလွတ်ရောင်းဘို့ မပြောနဲ့ လပေးဖတ်ချင်တဲ့ ရုံးတွေ၊ အိမ်တွေကိုတောင် စေ့အောင် မပေးနိုင်ဘူး။ စောင်ရေတိုးပေးဘို့ အမှာစာပို့ရတာလဲ တံဆိပ်ခေါင်းဖိုး ကုန်လှပြီ။ တစောင်မှ တိုးမရဘူး။ ကျွန်တော်တို့က မျက်နှာပူလှပြီ ’
( စာမျက်နှာ - ၁၀၀ မှ )
စာမျက်နှာ - ၁၀၁ မှာပဲ ‘ ၁၉၆၉ ခု ဂျန်နဝါရီ ၃၁ ရက် ပြည်သူပိုင်သိမ်းစဉ်က နေ့စဉ်စောင်ရေ တသောင်းခန့်သာ ထုတ်ဝေခဲ့ရသည့် ဟံသာဝတီသည် ယနေ့ဆိုလျှင် စောင်ရေ တသောင်းရှစ်ထောင်ကျော် ထုတ်ဝေနေရသည်။ စောင်ရေအမှာစာများအရဆိုလျှင် စောင်ရေငါးသောင်းခန့် ထုတ်ဝေရပေလိမ့်မည်။ အခြားပြည်သူပိုင် သတင်းစာကြီးများလည်း အလားတူပင် စောင်ရေတိုးလျက်ရှိပါသည် ’ လို့ ရေးထားပါတယ်။
ပြည်သူတွေရဲ့ သတင်းစာဖတ်လိုအားက သတင်းအပေါ် လေးနက်မှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ သတင်းစာကြီးတွေရဲ့ သတင်းဖတ်သူအပေါ် ဩဇာညောင်းမှုနဲ့လည်း ဆိုင်ပါတယ်။ သတင်းစာဖတ်လိုအား ( ဝယ်လိုအား ) နဲ့ သတင်းစာထုတ်လုပ်မှု ( ရောင်းလိုအား ) အပိုင်းမှာ သတင်းစာဖတ်လိုအား ( ဝယ်လိုအား ) ကများနေတာကိုလည်း တွေ့ရပါတယ်။
ဦးဝင်းအောင်ရဲ့ ဆောင်းပါးမှာပဲ “ သတင်းစာအသက် တမနက် ” ဆိုတဲ့ဆိုရိုးစကားကို တွေ့ရပါတယ်။
‘ သတင်းစာသည် အခြားသောကုန်ပစ္စည်းများကဲ့သို့မဟုတ်၊ သတင်းစာအသက် တမနက်ဆိုရိုးစကားအတိုင်း နံနက်စောစော အချိန်မီထွက်ပါမှ တန်ဖိုးရှိပါသည်။ နံနက်မိုးလင်း အိပ်ရာထ မျက်နှာသစ်ပြီးသည်နှင့် တပြိုင်နက် သတင်းစာနှင့် ထိတွေ့လိုက်ချင်ကြသည်သာ ’ ( စာမျက်နှာ - ၁၀၁ )
စာပေနယ်ဘက်ကမဟုတ်တဲ့ သာမာန်ပြည်သူတွေတောင် မနက်စောစော မျက်နှာသစ်ပြီးတာနဲ့ သတင်းစာဖတ်ချင်တဲ့အာသီသရှိတာကို တွေ့ရပါတယ်။ တချို့ဆိုရင် သတင်းစာနဲ့မျက်နှာသစ်၊သတင်းစာနဲ့ အိပ်ရာဝင်လုပ်ကြလေသလားဗျာ။ ‘ သတင်းစာအသက် တမနက် ’ ဆိုရိုးစကားက ဘယ်လိုပေါ်လာတာလဲ။ မနက်စောစောနိုးတာနဲ့ သတင်းစာဖတ်ချင်တဲ့ သတင်းစာဖတ်သူတွေကိုပဲ အခြေပြုလာတာလား၊ သတင်းထူး၊ သတင်းဦးတွေကို ပြည်သူတွေဆီ မနက်မလင်းမီ အရောက်ပို့ချင်ကြတဲ့သတင်းစာတိုက်တွေကြောင့်ပဲလား။ ဒါမှမဟုတ် သတင်းစာရဲ့ အသက်က မနက်ပိုင်းတင်ပဲလား။ ဦးဝင်းအောင်ကတော့ အဲဒီဆိုရိုးစကားကို ‘ နံနက်စောစောအချိန်မီထွက်ပါမှ တန်ဖိုးရှိပါသည် ’ လို့ ဖွင့်ဆိုထားပါတယ်။
‘ မြင့်ထွန်း ’ ဆိုတဲ့ကလောင်ကတော့ “ စွမ်းအားပေါင်းစုံ စုစည်းလျက် ” ဆောင်းပါးနာမည်နဲ့ ‘ သတင်းစာအသက် တမနက် ’ ဆိုရိုးစကားအပေါ် သူ့ရဲ့ အမြင်ကို ဖွင့်ဆိုထားပါတယ်။
‘ သတင်းစာအသက် တမနက်ဟူသော ဆိုရိုးရှိပါသည်။ သတင်းစာတန်ဖိုးသည် တမနက်လွန်လျှင် ကုန်ခန်းသွားတော့သည်ဟု ဆိုလိုဟန်ရှိပါသည်။ တန်ဖိုးကုန်ခန်းသွားခြင်းကြောင့် ဝမ်းနည်းစရာ ကောင်းလှသည်ဟု ထင်သူရှားပါလိမ့်မည်။ ’ ( စာမျက်နှာ - ၇၀ မှ )
ဒါကတော့ သတင်းစာဆရာ မြင့်ထွန်းရဲ့ အမြင်ပါ။ သတင်းစာတစ်စောင်က မနက်ပိုင်းလွန်လို့ နေ့လယ်ရောက်ပြီဆိုတာနဲ့ တန်ဖိုးကုန်ခန်းတယ်ဆိုတဲ့ အမြင်ကတော့ လူထုဦးလှရဲ့ ‘ သတင်းစာများသည် သမိုင်းကို ပြောနေကြသည် ’ဆိုတဲ့ အမြင်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
သတင်းစာဆရာမြင့်ထွန်းရဲ့ အမြင်ကို ခြုံငုံသုံးသပ်ဖို့ ဆောင်းပါးတစ်ပုဒ်လုံး သေချာဖတ်ဖြစ်ပါတယ်။ ဆောင်းပါးအစက အရေးအသားနဲ့တင် သတင်းစာဆရာရဲ့ ‘ သတင်းစာအသက် တမနက် ’ ဆိုရိုးစကားအပေါ် သဘောထားတဲ့ အာဘော်ကို အလွယ်လေး ကောက်ချက်ချလို့ မရပါဘူး။ ဆောင်းပါးအဆုံးနားမှာ
‘ သတင်းစာအသက် တမနက်ဆိုသော စကားသည် အတော် အသည်းနာစရာကောင်းသော စကားဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ ခေတ်သမိုင်းကို ဖော်ပြသည့် သတင်းများ၏ တန်ဖိုးနှင့် ချင့်တွက်လျှင် သတင်းစာအသက်သည် တမနက် မဖြစ်သင့်ပါ။
ကျွန်တော်တို့လို သတင်းစာထုတ်လုပ်ရေး လုပ်ငန်းတာဝန်များကို အိပ်သွန်ဖာမှောက် အူယားဖားယားလုပ်နေရသူတို့ကိုယ်တိုင် မြင်သိတွေ့ကြုံနေရသည့် ထုတ်လုပ်ရေးလုပ်အားတန်ဖိုးနှင့် ချင့်တွက်လျှင်လည်း သတင်းစာအသက်သည် တမနက် မဖြစ်သင့်ပါ ’ ( စာမျက်နှာ - ၇၄ မှ ) လို့ ရေးထားတာ ဖတ်ရပါတယ်။
တကယ်တော့ သတင်းစာဆရာမြင့်ထွန်းဟာ သူကိုယ်တိုင် သတင်းစာတစ်စောင်ထွက်ပေါ်လာဖို့ အခက်အခဲများစွာနဲ့ လုပ်ကိုင်လည်ပတ်နေရတဲ့ ဟံသာဝတီသတင်းစာဝိုင်းတော်သားတစ်ယောက်ပါ။ ဦးဝင်းတင် ( ဟံသာဝတီ ဦးဝင်းတင် ) စကားငှားပြောရရင် ‘ အိပ်မက်သတင်းစာသမား ’ မဟုတ်တဲ့ ‘လက်တွေ့သတင်းစာသမား ’ တစ်ယောက်ပေါ့။ သတင်းစာဆရာ မြင့်ထွန်းဟာ သတင်းစာအသက် တမနက်ဆိုရိုးစကားကို သတင်းပုံစံပြန်ရေးတော့ ဦးနှောက်နဲ့ မရေးဘဲ နှလုံးသားနဲ့ရေးတဲ့အရေးအသားလို့ သုံးသပ်မိပါတယ်။ သတင်းစာတွေမှာ သမိုင်းတန်ဖိုးရှိတယ်ဆိုတာ သူ့ရဲ့အယူအဆကို ဆောင်းပါးအဆုံးနားမှာ အထင်းသားတွေ့ရပါတယ်။ သတင်းစာတွေက သမိုင်းကိုဖော်ပြနေလို့ပဲ လူထုဦးလှက ‘ သတင်းစာများပြောပြတဲ့ စစ်အတွင်း ဗမာပြည် အတွဲ ၄ တွဲ ’ ထိရေးသားခဲ့တာပါ။ လူထုဦးလှရဲ့ ‘ သတင်းစာများ ပြောပြတဲ့ စစ်အတွင်း ဗမာပြည် အတွဲ ၄ တွဲ ’ ဟာလည်း ကျမ်းကိုးစာရင်းတော်တော်များများမှာ တွေ့ရပါတယ်။ ကျမ်းကိုးစာရင်းတွေမှာ တွေ့ရတာဟာလည်း သတင်းစာတွေရဲ့ သမိုင်းတန်ဖိုးကို ဖော်ပြနေတာနဲ့ အတူတူပါပဲ။
‘ သတင်းစာအသက် တမနက် ’ ဆိုရိုးစကားအပေါ် အမြင်တွေ၊ အယူအဆတွေဟာ တစ်ဦးချင်းစီအပေါ် မူတည်ပြီး မတူကွဲပြားခြားနားကြမှာပါ။ ‘မနက်ကဖတ်ခဲ့တဲ့ သတင်းတွေဟာ နေ့လယ်ရောက်သွားတဲ့အချိန်မှာပဲ အသစ်မဟုတ်တော့ဘူး။ ညနေအချိန်ရောက်လာရင်တော့ လူတွေဟာ နောက်ထပ် အသစ်အသစ်ဖြစ်တဲ့ သတင်းတွေကို စောင့်ကြည့်နေကြပြီ။ ဒီလိုနဲ့ သတင်းစာတစ်စောင်ရဲ့တန်ဖိုးဟာ မနက်ခင်းအတွင်းမှာပဲ အမြင့်ဆုံးဖြစ်ပြီး နောက်ပိုင်းမှာတော့ တဖြည်းဖြည်း လျော့နည်းသွားတတ်တယ် ’ လို့လည်း တချို့က ယူဆကြလိမ့်မယ်။
စာမျက်နှာ - ၁၆၉ မှာ ‘ ကိုရင်မန်း ’ ဆိုတဲ့ကလောင်က ‘ စာကြည့်တိုက်ထဲက သမိုင်းပဲ့တင်သံ ’ ဆောင်းပါးထဲမှာ ‘ သတင်းတခုဟာ ဖြစ်တုန်းဖြစ်ဆဲအချိန်ကာလမှာ အရေးကြီးတဲ့ သတင်းလို့ မထင်ရပေမယ့် နှောင်းကာလ၊ နှစ်အတန်ကြာတဲ့အခါ အရေးကြီး၊ တန်ဖိုးရှိတဲ့သတင်းတရပ် ဖြစ်လာပါတယ်။ ဖြစ်တုန်းဖြစ်ဆဲ ဒီနေ့အဘို့ သတင်းလို့ ခေါ်ပေမယ့် နောက်တနေ့ကျရင် ဒီသတင်းအဖြစ်အပျက်ဟာ သမိုင်းဖြစ်သွားပါပြီ။ ဒါကြောင့် စာနယ်ဇင်းတွေမှာ ပါတဲ့ သတင်းဖြစ်ရပ်တွေဟာ တဖြည်းဖြည်းနဲ့ အရေးကြီးတန်ဖိုးရှိတဲ့သမိုင်းတွေ ဖြစ်လာတာပါ ’ လို့ ရေးသားထားပါတယ်။
စာမျက်နှာ - ၈၉ မှာဖော်ပြထားတဲ့ ‘ မောင်ပါ ’ ဆိုတဲ့ ကလောင်ကတော့ ‘ သတင်းစာ၏ ဦးနှောက် ’ ဆိုတဲ့ ဆောင်းပါးထဲမှာ သတင်းရဲ့ သမိုင်းတန်ဖိုးကို ရေးသားထားပါတယ်။
‘ သတင်း ဆိုသည်မှာ တပတ်ကျော့တတ်ပါသည်။ သတင်းသည် ဘယ်တော့မှ မသေပါ။ သတင်းသည် ဟောင်းနွမ်းပြီးဆုံးခြင်း မရှိပါ။ ပုံစံအားဖြင့် ရေကြီးခြင်း သတင်းများ၊ ငလျင်လှုပ်ခြင်း သတင်းများ၊ စစ်သတင်းများ စသည်စသည်တို့သည် မကြာခဏ ဖြစ်လေ့ဖြစ်တတ်ပါသည်။ တကြိမ်ဖြစ်ပြီး အချိန်အတော်ကြာသည့် ကာလတွင် တပတ်ပြန်ကျော့တတ်လေ့ ရှိပါသည်။
ထိုထိုသောအခါတွင် ပထမဖြစ်ရပ်သည် နောက်ခံအကြောင်းသဘွယ်ဖြစ်ပါသည်။ နောက်ဖြစ်လာသည့် သတင်းကို အထောက်အကူပြုပါသည်။ သတင်းကို အားဖြည့်ပေးပါသည်။ ’ ( စာမျက်နှာ - ၉၁ နဲ့ ၉၂ မှ )
တကယ်တော့ မနက်ကဖတ်ပြီးသား သတင်းအပေါ် စိတ်ဝင်စားမှုလျော့သွားပြီး ညနေပိုင်းမှာ သတင်းအသစ်ကိုမျှော်တတ်ကြတယ်ဆိုပေမယ့် သတင်းစာတွေမှာ သမိုင်းတန်ဖိုးတွေရှိနေတယ်ဆိုတာ အသေအချာပါပဲ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
