မြန်မာ့နိုင်ငံရေး အခင်းအကျင်း မဟာဗျူဟာ အပြောင်းအလဲလုပ်ဆောင်နိုင်စွမ်း
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၁၉ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၀ ၊ ၂၀၂၆
မြန်မာ့နိုင်ငံရေး အခင်းအကျင်း မဟာဗျူဟာ အပြောင်းအလဲလုပ်ဆောင်နိုင်စွမ်း
ဧပြီလ ၁၇ ရက်နေ့မှာ စစ်အာဏာသိမ်းပြီး ရွေးကောက်ပွဲလုပ်ကာ သမ္မတဖြစ်လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစဥ်ကတည်းက ဖမ်းဆီးထိန်းသိမ်းကာ အဂတိမှုတွေနဲ့ အမှုဆင်ပြီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ သမ္မတ ဦးဝင်းမြင့်ကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ကာ လွှတ်ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးသေးတဲ့အပြင် သူနဲ့ပတ်သက်တဲ့ ကျန်းမာရေး၊ ဘယ်နေရာမှာ ထားရှိတယ်ဆိုတဲ့ အချက်အလက်တွေကိုလည်း အသိပေး ထုတ်ပြန်ခြင်းမရှိပါဘူး။
၂၀၁၀ ခုနှစ်နှောင်းပိုင်း ရွေးကောက်ပွဲ ကျင်းပပြီးနောက် ၂၀၁၁ နှစ်ဆန်းပိုင်းမှာ ဦးသိန်းစိန် ဦးဆောင်တဲ့ ကြံ့ခိုင်ရေး ပါတီအစိုးရအဖွဲ့ အာဏာရလာပြီးနောက်မှာ လုပ်ဆောင်ခဲ့သလို နိုင်ငံရေး အကျဥ်းသားတွေ လွတ်ငြိမ်းခွင့်ပေးတာ၊ အဲဒီကာလမတိုင်ခင် ရွေးကောက်ပွဲ ကျင်းပပြီး ရက်အနည်းငယ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့တဲ့ အခင်းအကျင်းမျိုး ၂၀၂၆ မှာ ပြန်လာမလားလို့ အများက မျှော်လင့်ကြပေမယ့် အခု လက်ရှိအနေအထားတွေ အရတော့ အဲဒီအခင်းအကျင်းမျိုး ဖြေလျှော့မှုမျိုး လာဖို့ အလားအလာမရှိဘူးလို့ ယူဆရပါတယ်။ ရွေးကောက်ပွဲ မကျင်းပမီနဲ့ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ကာလတွေ အတွင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ၂ ကြိမ် ကြေညာခဲ့ပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ (အမျိုးသားအောင်ပွဲနေ့) မှာ ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဥ်းသားတွေ လွှတ်ပေးတာ နဲ့ အမှုဖွင့်ခံထားရသူတွေ ရုပ်သိမ်းတာ ကြေညာခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပပြီးနောက် မတ်လ ၂ ရက် (တောင်သူလယ်သမားနေ့) မှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ၅၂ (က) တွေနဲ့ ထောင်ကျနေသူတွေ ကို လွတ်ငြိမ်းခွင့် ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ လွတ်ငြိမ်းခွင့် ၂ ကြိမ်မှာ နိုင်ငံရေးပြစ်မှုနဲ့ အကျဥ်းကျနေသူတွေ ထောင်ဂဏန်းနဲ့ လွှတ်ပေးခဲ့ပေမယ့် NLD ပါတီရဲ့ အဓိကခေါင်းဆောင်၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစဥ် အစိုးရအဖွဲ့ဝင် အချို့၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ် အချို့ကိုတော့ လွတ်ငြိမ်းခွင့်ထည်း ထည့်သွင်းခြင်း မရှိဘဲ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် အန်အယ်လ်ဒီ ပါတီခေါင်းဆောင် အချို့၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်အချို့ကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။
မတ်လမှာ လွှတ်တော်ခေါ်ယူကာ သမ္မတရွေးချယ်ကာ အစိုးရအသစ် ဖွဲ့စည်းပြီးနောက် ဧပြီ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်း၁ ရက်နေ့) မှာ ကြေညာတဲ့ ပြစ်ဒဏ်လျှော့ပေါ့ခြင်းနဲ့ ကျင့်ထုံးပုဒ်မ ၄၀၁ အရ အကျဥ်းသား ၄ ထောင်ကျော် ပါဝင်တဲ့ လွတ်ငြိမ်းခွင့်မှာတော့ သမ္မတဦးဝင်းမြင့်ကို သီးခြားထုတ်ပြန်ချက် တစောင်နဲ့ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဦးဝင်းမြင့် လွတ်မြောက်လာခြင်းဟာ တိုင်းပြည်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ နိုင်ငံရေး အရ စိတ်ဝမ်းကွဲမှုတွေကို အဖြေရှာဖို့ လုပ်ဆောင်မှု အစလားလို့ အချို့က မျှော်လင့်ကြပေမယ့် အခုလို ဦးဝင်းမြင့် တဦးတည်းကို ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပေးရုံနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားလာတဲ့ နိုင်ငံရေး အကျပ်အတည်း၊ စစ်ရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အတွက် လမ်းစပေါ်ဖို့ အခွင့်အလမ်း နည်းပါးလွန်းနေသေးတယ် လို့ဆိုရမှာဖြစ်ပါတယ်။
နေ့စဥ်နဲ့ အမျှ နိုင်ငံနေရာအနှံ့အပြားမှာ စစ်ပွဲတွေ ဖြစ်ပွားနေသေးသလို လေကြောင်းတိုက်ခိုက်မှုတွေ ဥပဒေမဲ့ သတ်ဖြတ်မှုတွေလည်း နေ့စဥ် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နဲ့ အပစ်အခတ် ရပ်စဲမှု လုပ်ဆောင်ခဲ့သည့်တိုင် အများအပြားနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ရခိုင်၊ ကချင်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး နဲ့ ကရင်၊ တနင်္သာရီဒေသတွေမှာ နေ့စဥ်လိုလို ပြင်းထန်တဲ့တိုက်ပွဲတွေ ထိုးစစ်တွေ၊ စခန်းသိမ်းယူတဲ့ တိုက်ပွဲတွေ ဖြစ်နေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း နေရာအများအပြားမှာ ရှိနေဆဲ ဖြစ်ပါတယ်။
ဒီလို အနေအထားကို ကြည့်ရင် မိမိဖဲ မိမိချိုးပြီး အစိုးရသစ် ဖွဲ့လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအနေနဲ့ ပြည်တွင်းစစ် ရပ်စဲဖို့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့ ၊ စစ်တပ်က စစ်တပ်တာဝန်ကိုသာ ဆောင်ရွက်ဖို့အတွက် နိုင်ငံရေးနယ်ပယ်က ထွက်ခွာဖို့ ရည်ရွယ်ချက်တွေ ရှိမနေတာ ထင်ရှားပါတယ်။
ဒါတွေက အာဏာသိမ်းစစ်တပ် ရဲ့ ဘက်က အနေအထားတွေ ဖြစ်ပြီး တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေဘက်က အနေအထားတွေက ဘယ်လို ရှိနေသလဲ ဆိုတာ ဆန်းစစ်ကြည့်ကြမယ်ဆိုရင် ၂၀၂၃ အောက်တိုဘာ ကနေ ၂၀၂၄ နှစ်လယ်ပိုင်းနဲ့ နှစ်ကုန်ပိုင်းလောက်အထိ စစ်ရေးအရ အောင်ပွဲရခဲ့ကြတဲ့ စစ်ရေး အောင်မြင်မှု အထွတ်အထိပ်ကာလကို ကျော်လွန်ခဲ့တဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ အဆိုပါ ကာလမှာ တနိုင်ငံလုံး မဟုတ်သည့်တိုင် အရှေ့ဘက် ရှမ်းမြောက်မှ အနောက်ဘက် ရခိုင်၊ တောင်ဘက် ကရင်ပြည်နယ်နဲ့ ကရင်နီ၊ အနောက်မြောက် ချင်း၊ စစ်ကိုင်းတိုင်း စတဲ့ ဒေသအများအပြားမှာ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေက စစ်ရေးအရ အသာစီးရခဲ့ကြတာ ဖြစ်ပါတယ်။
ဒီကာလကို တော်လှန်ရေးအင်အားစုတွေ အနေနဲ့ စစ်ရေးအရ အောင်မြင်မှု အထွတ်အထိပ်ရောက်ရှိခဲ့တဲ့ အချိန်အခါလို့ ဆိုနိုင်ပါတယ်။ အာဏာသိမ်းစစ်တပ်ကို အပြီးတိုင် အောင်ပွဲခံဖို့ မျှော်လင့်ချက်တွေ တောက်ပခဲ့တဲ့ ကာလလို့လည်း ဆိုနိုင်ပါတယ်။ သို့ပေမယ့် ၂၀၂၅ ခုနှစ် အစပိုင်းကနေ အခု ၂၀၂၆ ခုနှစ်ဆန်းပိုင်း တနှစ်ကျော်ကာလအတွင်း အာဏာသိမ်းစစ်တပ် အနေနဲ့ ၄င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့တွေ နယ်မြေတွေကို ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ် လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးအရ ခံစစ်ကနေ နေရာအချို့မှာ ထိုးစစ်ပြန်ဆင်လာနိုင်တဲ့ အနေအထားရောက်လာခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ အနေနဲ့ တဖွဲ့ချင်းရဲ့ ရပ်တည်ရေး၊ နယ်မြေအုပ်ချုပ်ခွင့်၊ လက်နက်ကိုင်တိုက်ခိုက် သိမ်းယူထားတဲ့ နယ်မြေကို မိမိတို့ အုပ်ချုပ်ခွင့်ရှိတဲ့ နယ်မြေအဖြစ် ကြေညာနိုင်ဖို့၊ သယံဇာတထုတ်ယူခွင့် အစရှိတဲ့ အကြောင်းအရာတွေ ၊ အကျိုးစီးပွားတွေက အခြားသော တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေနဲ့ စည်းလုံးညီညွတ်မှုကို ထိပါးစေလာတာလည်း တွေ့ကြရပါတယ်။
အခုလို တော်လှန်ရေး လက်နက်ကိုင် အင်အားစုအချင်းချင်း အကြားက ပြဿနာတွေကို ရန်သူ အာဏာသိမ်းစစ်တပ်ရဲ့ သွေးခွဲ သပ်လျှိုလုပ်ရပ် အဖြစ် အလွယ်တကူ အပြစ်ဖို့တာထက် ဖြစ်ပွားလာတဲ့ အခြေခံအကြောင်းရင်းကို ဆန်းစစ်ကြည့်ဖို့ အဖြေရှာဖို့ အရေးကြီးလှပါတယ်။
၂၀၂၃ခုနှစ် အောက်တိုဘာ မတိုင်ခင် အနေအထား စည်းလုံးမှုမျိုး အခုနေဘာကြောင့် မရှိနိုင်ကြတာလဲ၊ ဘယ်အချက်တွေ ဘယ်လိုအကြောင်းအရာတွေက ပြောင်းလဲသွားတာလဲ ဆိုတာကို မဖုံးမကွယ်ဘဲ စဥ်းစားသုံးသပ်ကြည့်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖိအားဆိုပြီး အလွယ်တကူ ကောက်ချက်ချကာ မိမိတို့ အတွင်းအကြောင်းအချက်တွေကို လျစ်လျူရှုကြဖို့ မသင့်ပါဘူး။ တရုတ်နိုင်ငံရဲ့ ဖိအား၊ ပထဝီနိုင်ငံရေး စတာတွေကြောင့် ဆိုတဲ့ ကောက်ချက်ချမှုတွေက လုံးလုံး မှားယွင်းခြင်း မရှိသည့်တိုင် အပြည့်အဝလည်း မှန်ကန်မနေဘူးလို့ ဆိုရမှာပါ။
ရန်သူ အာဏာသိမ်းစစ်တပ် အနေနဲ့ ၄င်းတို့ရဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေး ဗျူဟာတွေကို အစဥ်ပြန်လည်သုံးသပ်ပြီး အခြေအနေနဲ့ လိုက်ဖက်အောင် ပြောင်းလဲလေ့ရှိတာတွေ့ကြရမှာ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေဘက်မှာလည်း မိမိတို့ရဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေး ဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို သုံးသပ်ပြီး အခြေအနေ အပြောင်းအလဲနဲ့ ကိုက်ညီအောင် ပြုသာပြင်သာ ရှိကြဖို့နဲ့ မဟာမိတ် အချင်းချင်းအကြားဆက်ဆံရေးမှာလည်း အမှန်တကယ် မဟာမိတ် ဖြစ်တဲ့ ဆက်ဆံရေးမျိုး စုစည်းညီညွတ်မှုမျိုး ရှိကြဖို့ အရေးတကြီးလိုအပ်နေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar