အီရန်-အမေရိကန် စစ်ပွဲ လောင်စာဆီပြတ်လပ်မှုနဲ့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးအပေါ် သက်ရောက်နိုင်ခြေ
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၂၉ မြင်ကွင်း
(မိုးမခ) ဧပြီ ၃၀ ၊ ၂၀၂၆
အီရန်-အမေရိကန် စစ်ပွဲ လောင်စာဆီပြတ်လပ်မှုနဲ့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးအပေါ် သက်ရောက်နိုင်ခြေ
ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးလ် နိုင်ငံတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ပို့ဆောင်ရာမှာ အရေးပါတဲ့ လမ်းကြောင်း ဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်နိုင်ငံက ပထမ ပိတ်ဆို့ခဲ့ပြီး နောက်ပိုင်း အမေရိကန်ပြည်ထောင်စုက နောက်တဆင့် ထပ်မံပိတ်ဆို့ခဲ့တာကြောင့် ကမ္ဘာမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ၊ သဘာဝဓါတ်ငွေ့က ထုတ်လုပ်တဲ့ မြေသြဇာ အစရှိတဲ့ ထွက်ကုန်စျေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။ ရေနံစျေးနှုန်းက စစ်ပွဲ မဖြစ်မီ တစည်ကို ကန်ဒေါ်လာ ၇၀ ဝန်းကျင်ရှိရာကနေ စစ်ပွဲဖြစ်ပြီးနောက် ၁၀၀ ဝန်းကျင်၊ ၁၀၀ အထက်ကို ရောက်ရှိလာပါတယ်။ ကမ္ဘာ့ရေနံဈေးနှုန်းက စစ်ပွဲမှာ ပါဝင်တဲ့ နိုင်ငံတွေအကြား ညှိနှိုင်းဆွေးနွေးမှုတွေအပေါ် မူတည်နေပြီး ရက်ပိုင်း သို့မဟုတ် သီတင်းပတ် အနည်းငယ်သာကြာမြင့်မယ်လို့ ယူဆပြီး စစ်ပွဲကို စတင်ခဲ့ကြတဲ့ အမေရိကန်နဲ့ အစ္စရေးလ်နိုင်ငံတို့ ရဲ့ တွက်ချက်မှုတွေ လွဲချော်ခဲ့ပြီး စစ်ပွဲက ၂ လ ပြည့်လာခဲ့ချိန်မှာ စစ်ပွဲပြီးဆုံးဖို့ သို့မဟုတ် ကုန်သွယ်ရေး လမ်းကြောင်းဖွင့်လှစ်ဖို့ မျှော်လင့်ချက် လမ်းစ မတွေ့ရသေးတဲ့ အနေအထားဖြစ်ပါတယ်။
ဒီ အီရန်-အမေရိကန် စစ်ပွဲရဲ့ အကျိုးသက်ရောက်မှုတွေက တကမ္ဘာလုံး အတိုင်းအတာနဲ့ သက်ရောက်တာ ဖြစ်ပေမယ့် ပါးရှန်း ပင်လယ်ကွေ့ဒေသက ရေနံနဲ့ သဘာဝဓါတ်ငွေ့ ထွက်ကုန်ပစ္စည်းတွေကို အဓိကမှီခိုအားထားနေကြရတဲ့ နိုင်ငံတွေကို သက်ရောက်မှုပိုကြီးမားတာ ဖြစ်ပါတယ်။ အထူးသဖြင့် အဆိုပါဒေသက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တို့ကို လုံးဝနီးပါး မှီခိုနေရတဲ့ အရှေ့အာရှနိုင်ငံတွေကို ထိခိုက်စေတာဖြစ်ပြီး အဆိုပါနိုင်ငံတွေထဲမှာမှ အရန်ရေနံသိုလှောင်မှု နည်းပါးတဲ့နိုင်ငံတွေကို ပိုပြီး သက်ရောက်စေတာ ဖြစ်ပါတယ်။ ဂျပန်၊ တရုတ်နဲ့ တောင်ကိုးရီးယားလို နိုင်ငံတွေအဖို့ အရန်သိုလှောင်နိုင်တဲ့ အင်အားရှိလို့ အခြေအနေပျက်လောက်အောင် မဖြစ်ပေမဲ့ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာတို့ အနေနဲ့ သက်ရောက်မှု ပိုခံစားကြရတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီလိုနိုင်ငံတွေ အထဲမှာမှ မြန်မာနိုင်ငံက ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် မြန်မာနိုင်ငံက ဒီသက်ရောက်မှုကို အဆိုးဆုံးခံစားရမယ့် အနေအထားမျိုးလို့ ဆိုရမှာပါ။
နိုင်ငံရဲ့ နယ်မြေအများအပြားကို လက်နက်ကိုင်အဖွဲ့တွေက သီးခြားစီ ထိန်းချုပ်ထားကြတာ ဖြစ်ပြီး အချို့သောနယ်မြေဒေသတွေကို အာဏာသိမ်းစစ်တပ်က လောင်စာဆီ၊ ရိက္ခာ၊ ဆေးဝါး ပိတ်ဆို့မှုတွေ ထပ်ပြီးလုပ်ဆောင်ထားတာကြောင့် ကမ္ဘာ့ ရေနံထွက်ပစ္စည်းပြတ်တောက်မှုနဲ့ စျေးမြင့်တက်မှုဒဏ်သာမက ပြည်တွင်း ကန့်သတ်ပိတ်ဆို့မှုကိုပါ ခံစားနေရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်လို ဒေသမျိုးကို အာဏာသိမ်းစစ်တပ်က နှစ်နဲ့ချီကြာ ကုန်သွယ်မှုပိတ်ဆို့ထားပြီး ၄င်းတို့ ထိန်းချုပ်ထားတဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့ တို့လောက်ကိုသာ အကန့်အသတ်ပမာဏနဲ့ သယ်ဆောင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။ ဒီဒေသမှာ နေထိုင်နေကြတဲ့ ဒေသခံတွေ အဖို့ လောင်စာဆီ စျေးနှုန်းကြီးမြင့်တဲ့ဒဏ် ကြောင့် စိုက်ပျိုးရေး ထုတ်ကုန်ရဲ့ အရင်းအနှီးများပြားလာပေမယ့် ထွက်ကုန်တွေကို တခြားနယ်ကို တင်ပို့ခြင်း မပြုနိုင်တဲ့ ကန့်သတ်ပိတ်ဆို့မှုကြောင့် စိုက်ပျိုးရေးကို အသက်မွေးဝမ်းကျောင်းလုပ်ဖို့ ခက်ခဲလာနေတာ ဖြစ်ပါတယ်။
မြေဆီ (မြေသြဇာ) စျေးနှုန်းတွေလည်း အီရန် စစ်ပွဲစတင်ပြီးနောက်မှာ သိသိသာသာ မြင့်တက်လာနေတဲ့ အကြောင်း သတင်းတွေထဲမှာ မြင်တွေ့လာကြရပါတယ်။ မြန်မာနိုင်ငံမှာလည်း မြေဆီစျေးနှုန်းတွေ အချို့ဒေသတွေမှာ ၂ ဆကျော် ၃ ဆနီးပါးအထိ မြင့်တက်လာနေတဲ့ သတင်းတွေလည်း တွေ့မြင်လာကြရပါတယ်။ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ ဖော်ပြနေတဲ့ စျေးနှုန်းတွေနဲ့ စိုက်ပျိုးရေး လုပ်ကိုင်ရာ ပြည်နယ်၊ တိုင်းဒေသတွေက မြို့တွေမှာ အမှန်တကယ်ဖြစ်ပေါ်နေတဲ့ စျေးနှုန်းတွေက များစွာကွာဟနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
ကုန်စည်သယ်ယူရာမှာ လောင်စာဆီဈေးနှုန်းမြင့်တက်တာ၊ ဝယ်ယူရ ခက်ခဲလာတာတွေက သယ်ယူစရိတ်ကို သိသာစွာမြင့်တက်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် နယ်မြေဒေသတခုနဲ့ တခု ကူးသန်းတဲ့ လမ်းကြောင်းတလျှောက် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေ၊ အခွန်ကောက်ခံတဲ့ ဂိတ်တွေက ပုံမှန်မဟုတ်တဲ့ အခွန်အကောက်နှုန်းတွေနဲ့ ကောက်ယူကြတာကြောင့်လည်း ကုန်စည်စျေးနှုန်းတွေက တနယ်နဲ့တနယ် သိသိသာသာ ကွာဟနေကြတာ ဖြစ်ပါတယ်။
မကြာခင် မိုးရာသီဝင်တော့မယ့် အချိန်ကာလ၊ စိုက်ပျိုးရေးအတွက် မြေဆီကို စတင်အသုံးပြုကြရတော့မယ့် ကာလမှာ အခုလို မြေဆီစျေး မတန်တဆမြင့်တက်တာ၊ လောင်စာဆီစျေးမြင့်တက်တာနဲ့ ဝယ်ရခက်ခဲတာတွေက စိုက်ပျိုးသီးနှံထုတ်လုပ်မှုကို ကြီးမားတဲ့ အတိုင်းအတာနဲ့ ထိခိုက်စေမဲ့ အခြေအနေမျိုး ဖြစ်နေတာပါ။
အခုလို နဂိုကတည်းက ပြည်တွင်းစစ်ကြောင့် ထိခိုက်နေနှင့်ပြီးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍဟာ လောင်စာဆီနဲ့ မြေဆီ ဈေးနှုန်းမြင့်တက်မှုနဲ့ ပြတ်လပ်မှုတို့ကြောင့် ပိုပြီး အန္တရာယ်ရှိလာနေပေမဲ့ အာဏာသိမ်းစစ်အစိုးရ အနေနဲ့ အရေးတကြီး ကိုင်တွယ်ဆောင်ရွက်နေတာမျိုးတော့ မတွေ့မြင်ကြရပါဘူး။
စစ်အစိုးရရဲ့ စွမ်းအင်ဝန်ကြီးဖြစ်သူကို ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ စွမ်းအင်ဝန်ကြီး ဖိတ်ကြားမှုအရ ဆိုပြီး မော်စကိုကို သွားရောက်ခဲ့ပြီး မြန်မာ-တရုတ်_ရုရှား သုံးနိုင်ငံ စွမ်းအင်လုံခြုံရေးနဲ့ စွမ်းအင်ဖူလုံရေး ဆောင်ရွက်မယ့် အစီအမံ ဆွေးနွေးတယ်ဆိုတဲ့ သတင်းတပုဒ်သာ တွေ့ရပြီး လတ်တလော ရင်ဆိုင်နေကြရတဲ့ ပြဿနာနဲ့ ပတ်သက်လို့ ရည်ညွှန်းပြောဆိုတာမျိုး မတွေ့ရပါဘူး။
စစ်အစိုးရအနေနဲ့ နိုင်ငံရဲ့ နယ်မြေအများအပြား လက်လွှတ်ထားရခြင်းက တဖက်ကတွေးရင် ၄င်းတို့ တာဝန်မရှိတဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပြီး တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေ၊ NUG ထိန်းချုပ်နယ်မြေ နဲ့ LPDF ထိန်းချုပ်နယ်မြေတွေမှာ ရင်ဆိုင်နေရတဲ့ စီးပွားရေး ရိက္ခာဖူလုံရေးပြဿနာတွေက ၄င်းတို့နဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသလိုနေကာ တချို့သော အခြေအနေမှာ ပိတ်ဆို့ထားခြင်းဖြင့် တဖက် လက်နက်ကိုင်အဖွဲ့ကို အကြပ်တွေ့စေမယ့် ရည်ရွယ်ချက်မျိုး ရှိကောင်း ရှိနေမှာ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ မိမိတို့ ထိန်းချုပ်ထားတဲ့ ဒေသတွေက ဒေသခံ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်း ဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ ရိက္ခာဖူလုံရေးနဲ့ ပတ်သက်တဲ့ မူဝါဒ၊ အကောင်အထည်ဖော်ဆောင်ရွက်မှုနဲ့ အစီအမံတွေလည်း လက်ရှိအခြေအနေအောက်ကနေ တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်ကြရမဲ့ တာဝန်ရှိနေတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar