Breaking News

မောင်လူမွှေး - ပညာမျိုးဆက် မပြတ်ရအောင်

မောင်လူမွှေး - ပညာမျိုးဆက် မပြတ်ရအောင်

မိုးမခ ၊ ဧပြီ ၃၀ ၊ ၂၀၂၆


ဧပြီ ၂၆ ရက်နေ့ ညအိပ်ရာဝင်ခါနီး သတင်းတစ်ခု ဖုန်းထဲကို ရောက်လာတယ်။ စာရေးဆရာ ဦးတင်ညွန့်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးလိုက်တယ် ဆိုတဲ့ သတင်းပါ။ ဆရာဟာ ကျောင်းဆရာတစ်ဦးလည်း ဖြစ်ခဲ့လေတော့ ဆရာ့ရဲ့ အတွေးအမြင်တွေ၊ ရေးတဲ့စာတွေဟာ ဆရာ၊ ဆရာမတွေ အပါအဝင် မျိုးဆက်သစ်လူငယ်တွေအတွက် တန်ဖိုးရှိပါတယ်။

စစ်အာဏာရှင် ဆိုတာ အမှန်တရားကို လမ်းပြပေးသူတွေ၊ ထုတ်ဖော်ရေးသားသူတွေကို ကြောက်ပါတယ်။ ကြောက်တော့ မုန်းပါတယ်။ မြန်မာနိုင်ငံက အမှန်တရားကို ထုတ်ဖော်ရေးသားခဲ့တဲ့၊ ပြည်သူလူထုဘက်က ရပ်တည်ခဲ့တဲ့ စာရေးဆရာများစွာဟာ အာဏာရှင်အဆက်ဆက်ရဲ့ ထောင်ချခြင်းကို ခံခဲ့ကြရတာပါ။

စစ်အာဏာရှင် ဆိုတာ ပညာ၊ အနုပညာတို့ကို သိပ်ကြောက်ပါတယ်။ ဒီအရာတွေက လူတွေကို အဆင့်အတန်း မြင့်စေတာကိုး။ အာဏာရှင်က သူတို့အုပ်ချုပ်တဲ့နိုင်ငံက လူတွေ ပညာတတ်မှာ၊ အဆင့်အတန်း မြင့်မှာကို မလိုလားကြပါဘူး။ ဒီတော့ သူတို့ဟာ ပညာကို ဖြန့်ဝေပေးသူတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီး ထောင်ချကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ပညာမျိုးဆက်ကို ဖြတ်တောက်ပစ်ဖို့ ဖြစ်ပါတယ်။

"မြန်မာနိုင်ငံအနေနဲ့ မျိုးဆက်တစ်ခုလုံးကို ဆုံးရှုံးသွားနိုင်တဲ့ အလွန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ရောက်နေတယ်" လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက သတိပေး ပြောကြားတဲ့အကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သတင်းတွေထဲမှာ ဖတ်ရတယ်။ ဒီကိစ္စမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံက အခြေအနေမှန်ကို ပြောလိုက်တာ ဖြစ်တယ်လို့ မောင်လူမွှေး မြင်တယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က သူတို့ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ပညာသင်ကြားရာမှာ နိုင်ငံရေးမပြောရ ဆိုပြီး ပိတ်ပင်ထားတယ်။ လွတ်လပ်စွာ ပညာသင်ခွင့် မရှိပါဘူး။ ပြီးတော့ တော်လှန်နယ်မြေက ကျောင်းတွေကိုလည်း လွတ်လပ်စွာ ပညာမသင်ရဲအောင် လေကြောင်းကနေ ပစ်ခတ်သတ်ဖြတ် ပြထားတယ်။ ဒီလုပ်ဆောင်ချက်တွေဟာ တစ်နိုင်ငံလုံးရဲ့ ပညာမျိုးဆက်ကို ပြတ်တောက်အောင် လုပ်နေတာ ဖြစ်တယ်။

စစ်အာဏာရှင်တွေအလိုကျ ပညာမျိုးဆက် မပြတ်ရအောင်၊ သံအမတ်ကြီး စိုးရိမ်တဲ့ မျိုးဆက်တစ်ခု မဆုံးရှုံးရအောင် မောင်လူမွှေးတို့ဟာ ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ ပညာရေးဆိုတာ လက်တွေ့ကျဖို့ သိပ်အရေးကြီးတယ်။ အွန်လိုင်းပေါ်မှာ အောင်မြင်ပြနေတဲ့ ပညာရေးမျိုးမဟုတ်ဘဲ တကယ့်မြေပြင်မှာ ဘဝရဲ့ ပြဿနာတွေ ဖြေရှင်းနိုင်တဲ့၊ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ပညာရေးဖြစ်ဖို့ လိုပါတယ်။

အခု မြေပြင်မှာ ဖြစ်နေတာက လူငယ်တွေအများစုဟာ ပြောရင်နားထောင်ပြီး လုပ်ကိုင်တတ်ကြပေမဲ့ စာမဖတ်ကြဘူး။ ဆရာ၊ ဆရာမလေးတွေ အများစုဟာလည်း စာဖတ်တဲ့အလေ့အကျင့် သိပ်မရှိတာကို တွေ့နေရတယ်။ အခုလို တော်လှန်ရေးကာလမှာ သူများသင်ပေးမှ တတ်သိမယ်ဆိုရင် တတ်သိလိမ္မာတဲ့သူတွေဖြစ်ဖို့ အခွင့်အလမ်း နည်းပါးလွန်းပါတယ်။ ဒီတော့ စာဖတ်တဲ့အလေ့အကျင့် မွေးမြူကြဖို့ ရောက်တဲ့နေရာတိုင်းမှာ တိုက်တွန်းရပါတယ်။

နွေရာသီ မောင်လူမွှေးနဲ့ မစ်(စ)မွှေးတို့နောက်ကို လိုအပ်တာလိုက်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ လူငယ်လေးတွေဟာလည်း လိမ္မာကြတယ်။ တာဝန်ကျေပွန်ကြတယ်။ ဒါပေမဲ့ စာမဖတ်ကြတာကို တွေ့ရတယ်။ သူတို့တွေ မောင်လူမွှေးနဲ့ အနီးကပ်နေရတုန်း စာဖတ်ဖို့ပြောပြီး စာအုပ်တွေလည်း ဖတ်ဖို့ ပေးရပါတယ်။

"မင်းတို့ စာမဖတ်ရင် ငါတို့နိုင်ငံက နောက်ထပ် နှစ်တစ်ရာလောက် ကောင်းဦးမှာ မဟုတ်ဘူး" လို့ မောင်လူမွှေးက ပြောတော့ "ဗျာ" ဆိုပြီး လူငယ်တစ်ယောက်က မျက်လုံးပြူးသွားပါတယ်။

"တကယ်ပြောတာ မကောင်းနိုင်ဘူး" လို့ မောင်လူမွှေးက ထပ်ပြောလိုက်ပါတယ်။ နောက်နေ့တွေမှာတော့ သူတို့လေးယောက်ထဲက သုံးယောက်ဟာ စာအုပ်လေးတွေ ကိုယ်စီနဲ့ စာဖတ်နေကြတာကို တွေ့ရပါတယ်။ ပညာမရှာတဲ့ မျိုးဆက်၊ ပညာမတတ်တဲ့ မျိုးဆက်အတွက် ပညာခေတ်ကြီးထဲမှာ နေရာမရှိနိုင်ပါ။ မျိုးဆက်မပျောက်ဆုံးရအောင် ပညာကို လက်ဆင့်ကမ်းကြပါ။ ပညာရှာကြပါ၊ စာဖတ်ကြပါလို့ လူငယ်တွေကိုရော စာမဖတ်တဲ့ လူကြီးတွေကိုရော မောင်လူမွှေး တိုက်တွန်းလိုက်ရပါစေခင်ဗျာ...။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar