နန္ဒာအောင်- လူထုစိန်ဝင်းနဲ့ ခေတ်ရှေ့ပြေးတဲ့ အရေးအသား
လူထုစိန်ဝင်းနဲ့ ခေတ်ရှေ့ပြေးတဲ့ အရေးအသား
နန္ဒာအောင်
(မိုးမခ) ဧပြီ ၂၇၊ ၂၀၂၆
၂၀၀၅ ခုနှစ် ဇန်နဝါရီ ၁၉ရက်နေ့ထုတ် ' Flower News ' ဂျာနယ်မှာ လူထုစိန်ဝင်းက ' အဲဒါကြောင့် သတင်းသမားမှန်ရင် သတင်းတိုင်းကို စိတ်ဝင်စားသင့်တယ်။ သမိုင်းမှတ်တမ်း တင်ရမယ့် သတင်းမျိုးကို ပိုပြီး အလေးထားသင့် စိတ်ဝင်စားသင့်တယ်လို့ ပြောချင်ပါတယ် ' လို့ ရေးသားခဲ့တယ်။ "စာနယ်ဇင်းဆိုတာ သမိုင်းကို မှတ်တမ်းတင်ရတာ " ခေါင်းစဉ်နဲ့။ သတင်းစာဆရာကြီး တယောက်ရဲ့ သမိုင်းအမြင်၊ တနည်း သမိုင်းကို သတင်းသမားအမြင်ကနေ ချည်းကပ်တာမျိုးလို့လည်း ယူဆလို့ရတယ်။ ပေါ်ပြူလစ် မီဒီယာသမားတွေက အကယ်ဒမီ ဆုပေးပွဲကိုပဲ ဝိုင်းအာရုံ စိုက်နေတဲ့အချိန် နှစ် (၄၀) အတွင်း အဆိုးဝါးဆုံး အာရှငလျင်ကြီး သတင်းကိစ္စကို မေ့လျော့နေတဲ့ စာနယ်ဇင်းသမားတွေကို သတိပေး ရေးသားတဲ့ အရေးအသားလို့ ခံစားမိပါတယ်။
" စာနယ်ဇင်းဆိုတာ သမိုင်းကို မှတ်တမ်းတင်ရတာ " လို့ရေးခဲ့တဲ့ လူထုစိန်ဝင်းဆိုတဲ့ သတင်းစာ ဆရာကြီးက ခေတ်ရှေ့ပြေးတဲ့၊ ခေတ်ထက် အများကြီးစောတဲ့ " သတင်းတပုဒ် " ကို ရေးသားခဲ့တယ်။ ၂၀၀၆ ခုနှစ် ဇူလိုင် ၂၅ရက်နေ့ထုတ် Flower News ဂျာနယ်မှာ " နယ်စည်းမခြား ရောဂါပိုးများ " ဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားခဲ့တာ။ ဆရာက 'အီကိုနောမစ်( Economist )စာစောင် ' ကနေ ကိုးကားထားတယ်လို့ အညွှန်းပေးထားတယ်။ ကူးစက်မြန် တုပ်ကွေးရောဂါ ကပ်ဆိုးကြီးတွေအတွက် နိုင်ငံတိုင်း ပြင်ဆင်ထားသင့်တယ်ဆိုတဲ့အကြောင်းပါ။ ခေတ်ရှေ့အများကြီး ပြေးတဲ့ ဆောင်းပါးမလို့၊ ဆောင်းပါးထဲက အရေးအသားအချို့ကို ထုတ်နုတ် ဖော်ပြပရစေ။ ဆောင်းပါးထဲမှာ ...
' ဒီ ၁၀ စုနှစ် တစ်ခုအတွင်းမှာပဲ အာရှဒေသနဲ့ ဥရောပနိုင်ငံများမှာ ကြက်ငှက်တုပ်ကွေးရောဂါ၊ နွားရူးပြန်ရောဂါနဲ့ ဆားရောဂါ စတဲ့ ကူးစက်မြန်ရောဂါတွေ တစ်ခုပြီး တစ်ခု ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာကြောင့် ကူးစက်မြန်တုပ်ကွေးရောဂါ တစ်ကျော့ပြန်လာမှာကိုပညာရှင်များက အစိုး ရိမ်ကြီး စိုးရိမ်နေခဲ့ကြပါတယ်။
အံစာတုံးနှစ်တုံးကို အကြိမ်ကြိမ်ပစ်လိုက်တဲ့အခါ တစ်ကြိမ်ကြိမ်မှာ ခြောက်စုံ ကျလာမြဲဖြစ်သလို တုပ်ကွေးရောဂါ စတင်ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးများဟာလည်း အကြိမ်ကြိမ်အခါခါ ဆင့်ကဲဆင့်ကဲ မျိုးပွားနေတတ်တာကြောင့် တစ်နေ့နေ့မှာ လူသန်းပေါင်းများစွာသေစေနိုင်လောက်အောင် အားပြင်းတဲ့ ဗိုင်းရပ်စ်အဖြစ်ရောက်ရှိသွားပြီး ကူးစက်မြန် တုပ်ကွေးရောဂါ ကပ်ဆိုးကြီးအဖြစ် ရောက်ရှိသွားမှာကို စိုးရိမ်နေကြတာပါ။ တချို့ ပညာရှင်များကတော့ ဒီကပ်ဆိုးကြီးဆိုက်ရောက်ချိန်ကျတာထက်တောင် အတော်လွန်နေပြီလို့ ယူဆတဲ့အထိ အစိုးရိမ်ကြီးနေပါတယ်။
အဲဒါကြောင့် ပညာရှင်များက နိုင်ငံတွေဟာ ကူးစက်မြန်တုပ်ကွေးရောဂါ ကာကွယ်ဆေး(anti-viral drugs)များကို အဆင်သင့် သိုလှောင်ထားရှိကြဖို့ လှုံ့ဆော်နေကြပါတယ်။ ဗိုင်းရပ်စ်ရောဂါပိုးများဟာ နိုင်ငံနယ်နိမိတ်စည်းကြောင်းကို နားလည်တာမဟုတ်ဘူး။ နိုင်ငံတစ်နိုင်ငံမှာ ဖြစ်ပြီဆိုတာနဲ့ တခြားနိုင်ငံတစ်ခုကို အလျင်အမြန် ကူးစက်ရောက်ရှိသွားနိုင်တယ် ' လို့ ဖတ်ရတယ်။
Flower News ဂျာနယ်ပါရက်စွဲအရ အဲဒီဆောင်းပါးကို ရေးထာ ၂၀၀၆ ခုနှစ်လို့အတိအကျ မှတ် တမ်းတင်လို့ ရတယ်။ ကူးစက်မြန်ရောဂါဖြစ်တဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးကို ကျွန်တော်တို့ မြန်မာနိုင်ငံတင်မဟုတ်ဘဲ၊ တကမ္ဘာလုံး ၂၀၁၉ ခုနှစ်မှာ ခံစားခဲ့ရပါတယ်။ ဆရာရေးတဲ့ အရေး အသားက ၂၀၀၆ ခုနှစ်ကဆိုတော့ ခေတ်ထက် ၁၃ နှစ်လောက် စောတယ်လို့ ကောက်ချက်ချရမယ်။ ဆရာဟာ သတင်းသမား တယောက်အနေနဲ့ သတင်းအဖြစ်အပျက်ကို မှတ်တမ်းတင်ခဲ့တာ မဟုတ်၊ သမိုင်းတွင်လာမယ့် " သတင်းဆောင်းပါး " တပုဒ်ကို ဘာသာပြန် ရေးသားခဲ့တာပါ။ ဂျာနယ်မှာ ရေးတာဆိုတော့ ဂျာနယ်ဆောင်းပါးလို့ ပြောလိုက၊ ပြောလို့ ရပါတယ်။
သမိုင်းတွင်လာမယ့် ဆောင်းပါးမျိုးကို ရေးသားခဲ့တဲ့ ဆရာအကြောင်း၊ ဆရာရေးခဲ့တဲ့ ဆောင်းပါးအကြောင်းကို ကျွန်တော်တို့အနေနဲ့ ပြန်လည်ဂုဏ်ပြု မှတ်တမ်းတင်သင့်ပါတယ်။ အီကိုနောမစ် ဆောင်းပါးထဲကနေ ဘာသာပြန်ပြီး ရေးတယ်ဆိုတာ သိရတော့ ဆရာရဲ့ ခေတ်ကို မျက်ခြည်အပြတ်မခံတဲ့ သဘောထားကိုလည်း တွေ့ရတယ်။ ဆရာဟာ တိုင်း မဂ္ဂဇင်း တို့၊ အီကိုနောမစ်တို့ကိုအမြဲဖတ်ပါတယ်။ တချို့ ဂျာနယ်တိုက်တွေကဆိုရင် အကိုးအကားအတွက် သူတို့ဆီမှာ မဂ္ဂဇင်းက မရောက်သေးဘူးဆိုရင်၊ ဆရာဆီမှာ မဂ္ဂဇင်းကို လာကြည့်၊ မိတ္တူဆွဲလေ့ရှိတယ်။ တပြိုင်နက်တည်းမှာ လူထုစိန်ဝင်းရဲ့ သတင်းသမားပီသစွာ သတင်းကို မျှဝေပေးတာပါ တွေ့ရတယ်။
တကယ်တော့ ဆရာက သတင်းသမားတယောက်သာပါ၊ ဆေးပညာရှင်မဟုတ်ပါဘူး။ ဆေးပညာရှင်မဟုတ်ပေမယ့်၊ ဒီဆောင်းပါးကိုဖတ်ပြီး ဘာလို့ ဘာသာပြန်သင့်တယ် ဆုံးဖြတ်ချက်ချပြီး ရေး သားခဲ့လဲဆိုတော့ ဆရာဟာ ထူးချွန်တဲ့ သတင်းစာဆရာကြီး ဖြစ်နေလို့ပဲ။ တချို့လည်း ဒီဆောင်း ပါးကိုဖတ်မိကြမှာပဲ၊ ဒါပေမယ့် နောင်တချိန်မှာ ကမ္ဘာလုံးဆိုင်ရာ ကပ်ဆိုးကြီးလို့လည်း ယူဆချင်မှ ယူဆကြမယ်။ ဆရာကတော့ သတင်းမျက်စိအမြင်နဲ့ကြည့်၊ သတင်းအနံ့ခံပြီး စာဖတ်ပရိသတ်တွေ သိသင့်တယ်ထင်လို့ ဘာသာပြန်ရေးခဲ့တယ်။ အဖြစ်အပျက်ကို မှတ်တမ်းတင်တဲ့ အရေးအသားမျိုးတောင် မဟုတ်ဘဲ၊ သမိုင်းတွင်မယ့် အရေးအသားမျိုးကို ရေးခဲ့တာလို့ ပြောရင် လွန်မယ်မထင်ပါဘူး။ ရိုးသားစွာဝန်ခံရရင်၊ ကျွန်တော်တို့လို သူလိုကိုယ်လို လူတွေက အဲဒီဆောင်းပါးကို ဖတ်မိရင်တောင် ' အဲဒီလောက်ကြီး မဖြစ်နိုင်လောက်ဘူး ' ဆိုပြီး အမူမဲ့အမှတ်မဲ့ နေမိကြမှာပါ။
အဲဒီ ခေတ်ရှေ့ပြေးတဲ့ ဆောင်းပါးဟာ ဆရာ အမြဲ ရေးခဲ့တဲ့ လူအိုပေမယ့်၊ ခေါင်းမအိုဘူး ဆိုတဲ့ အရေးအသားကို သက်သေပြလိုက်တာပဲ။ ခေတ်မမှီတော့ဘူးလို့ ပြောလို့မရတဲ့အပြင်၊ ခေတ်ရှေ့တောင် အများကြီး ပြေးနေသေးတယ်။ ဒါတောင် ဒီသတင်းဆောင်းပါးကို ဂျာနယ်ဆောင်းပါး ပုံစံထဲကနေ ရေးခဲ့တာပါ။ ဂျာနယ်ဆောင်းပါးနဲ့ မဂ္ဂဇင်းဆောင်းပါးနဲ့က ပုံစံချင်း မတူပါဘူး။ ဘယ်လိုမတူလဲဆိုရင် ဆရာလူထုစိန်ဝင်းရဲ့အရေးအသားကိုပဲ ထုတ်နုတ်ဖော်ပြပရစေ။ ဆရာက Flower News ဂျာနယ်မှာပဲ ၂၀၀၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့မှာ ' ဂျာနယ်ဆောင်းပါးနဲ့ မဂ္ဂဇင်းဆောင်းပါး 'ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးတယ်။ ဆရာက ဂျာနယ်ဆောင်းပါးနဲ့ မဂ္ဂဇင်းဆောင်းပါး ဘာ ကွာခြားလဲဆိုတာကို သရုပ်ခွဲပြပါတယ်။ နိုင်ငံတကာ သတ်မှတ်ချက်နဲ့ ဒီက သတ်မှတ်ချက်တွေ မတူတာပါ ဆရာက ပြောပါတယ်။
' ဒီမှာက ဂျာနယ်ဆိုတာက သတင်းမျိုးစုံကိုအခြေခံတဲ့ သုတစာပေအမျိုးအစားဖြစ်ပြီး မဂ္ဂဇင်းကတော့ ရသကိုအခြေခံတဲ့ ဝတ္ထု၊ ကဗျာ၊ ကာတွန်း၊ အက်ဆေး၊ ဆောင်းပါးတွေပါတဲ့ ရသစာပေအမျိုးအသား ဖြစ်ပါတယ်။ဂျာနယ်က သတင်းကို အခြေခံရတာ ဖြစ်လေတော့ ' သတင်းပုံစံ ' အတိုင်း ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားနဲ့ လိုရင်းကို ' ဒက်ခနဲ ' ရောက်အောင် ' ဒိုးဒိုးဒေါက်ဒေါက် ' ရေးရတာဖြစ်တယ်။ ဝတ္ထုရေးသလို စကားတန်ဆာဆင်ပြီး မရေးရပါဘူး။ 'လိုတိုရှင်း' ဖြစ်ဖို့လိုပါတယ်' လို့ ရေးထားတယ်။
အဲဒါကြောင့် ကျွန်တော်က ဆရာလူထုစိန်ဝင်းရဲ့ခေတ်ေရှ့အများကြီးပြေးတဲ့ ဆောင်းပါးကို ဂျာ နယ်ဆောင်းပါးပုံစံမျိုးထဲက ရေးတာလို့ ပြောတာပါ။ မဂ္ဂဇင်းဆောင်းပါး ပုံစံမျိုးထဲကသာ ရေးဖြစ်ရင် ဒီထက်ပို အသေးစိတ်တာတွေ ပါကောင်းပါနိုင်ပါတယ်။ ဆရာကိုယ်တိုင်လည်း ဆောင်းပါး ဘာသာပြန်ရင်းနဲ့ ' ဖြစ်လာနိုင်တယ်ဆိုတာမျိုးပဲ ' မှန်းဆပြီး ရေးတာပါ။ ဘယ်ကာလလောက်မှာ ဖြစ်လာမယ်လို့ အတိအကျ ဘယ်သူမှပြောနိုင်တဲ့ ကိစ္စလည်းမဟုတ်လား။ အဲဒါမလို့လည်း ဆရာ က စာဖတ်ပရိသတ်တွေကို ဂျာနယ်ဆောင်းပါး ပုံစံမျိုး ရေးရင်းနဲ့ ကူးစက်ရောဂါတွေကို သတိ ထားဖို့ နှိုးဆော်သတင်းပေးတာပါ။ ကိုယ်ပေးစေချင်တဲ့ သတင်း၊ ကိုယ်သိစေချင်တဲ့အကြောင်းအရာကိုသတင်းစာကနေပေးရုံနဲ့ မလုံလောက်ရင် စာအုပ်အဖြစ်နဲ့ရေးသား တင်ပြလေ့ရှိကြတယ်။ ဆရာကိုယ်တိုင်လည်း အဲဒီအချိန်တုန်းက စာအုပ်တအုပ်ရေးဖို့လောက်ထိ မရည်ရွယ်ခဲ့လောက်လို့ ဂျာနယ်ဆောင်းပါးသာ ရေးပုံမျိုးပါ။ နောက်တချက်ထည့်စဉ်းစားရမှာက အဲဒီအချိန်ကာလတွေမှာ ဆရာလူထုစိန်ဝင်းရဲ့ကျန်းမာရေးကိုလည်း ထည့်စဉ်းစားရမှာပါ။ ဆရာဟာ ကျန်းမာရေးကြောင့် အိမ်ပေါ်ကနေ အောက်ကိုတောင်မဆင်းနိုင်၊ အိမ်ထဲမှာတောင် အောက်ဆီဂျင်ပိုက်နဲ့ နေနေရတာပါ။ အဲဒါကြောင့်မလို့ နောက်ပိုင်းမှာ ဆရာဘာသာပြန် လုံးချင်းစာအုပ်တွေကို စာဖတ်ပရိသတ်တွေမဖတ်ရတာပါ။
ဝင်းဇော်ဆိုတဲ့ကလောင်နာမည်နဲ့ ဆရာဘာသာပြန်တဲ့ ' အလံမလှဲစတမ်း ' စာအုပ်ဆိုရင် အဲဒီခေတ်က စာဖတ်ပရိသတ်ကို အတော်ဩဇာကြီးခဲ့တယ်။ အလံမလှဲစတမ်း စာအုပ်ဖတ်ဖြစ်တဲ့ အဖေတွေဟာ သူတို့သမီးတွေကို စာအုပ်ထဲက ဇာတ်ကောင် ' ချောအိမာန် ' ဆိုတဲ့နာမည်ကို ပေးရင်းနဲ့ မြန်မာပြည်အနှံ့အပြားမှာ ချောအိမာန်ဆိုတဲ့နာမည်တူတွေ များလာတာပါပဲ။ ချောအိမာန်အများစုကလည်း ဆရာရဲ့ ဘာသာပြန်စာအုပ်ကိုမဖတ်ဖူးတော့ သူတို့ဘာလို့ ချောအိမာန် ဖြစ်လာရသလဲမသိကြတာများတယ်။ ဆရာကတော့ ဒီစာအုပ်ကို လူငယ်လူရွယ်တွေအတွက် ရည်ရွယ်ပြီး ဘာသာပြန်တယ်ဆိုတာ စာအုပ်အမှာစာထဲမှာ ရှင်းထားတယ်။
ဆရာဟာ လူငယ်လူရွယ်တွေအတွက် လမ်းပြပြီး ဘာသာပြန်ယုံတင် မဟုတ်ဘူး၊ သူကိုယ်တိုင်လည်း ဘယ်တုန်းကမှ အလံမလှဲခဲ့ပါဘူး။ လူငယ်တွေကိုလည်း ဘယ်တုန်းကမှ အထင်မသေးခဲ့သလို၊ သိပ်ညံ့တာပဲလို့လည်း ကောက်ချက်မချခဲ့ဘူး။ 'တကယ်တော့ ကိုယ်က ကိုယ်ဒီနေ့ရောက်နေတဲ့ အရွယ်ရဲ့ အသိအမြင်နဲ့ ကြည့်နေလို့သာပါ။ ကိုယ်သူတို့ အရွယ်တုန်းက ဘယ်လိုနေခဲ့တယ်၊ ဘာတွေ လုပ်ခဲ့တယ်ဆိုတဲ့ အသိအမြင်မျိုးနဲ့ ကြည့်လိုက်ရင် ဒီခေတ်လူငယ်တွေ သိပ်ညံ့တာပဲလို့ မြင်မှာ မဟုတ်တော့ပါဘူး ' လို့ ဆရာက ရေးလေ့ရှိတယ်။ ပြီးတော့ ဆရာက ' ပန်းတိုင်းပွင့်ပါစေ' စိတ်ထားရှိတယ်၊ ခေတ်လူငယ်တွေက ရက်ပ်တို့၊ ဟစ်ပ်ဟော့တို့ ကြိုက်တာတွေကို လက်ခံ နားလည်ပေးနိုင်တယ်။ ခေတ်လူငယ်တွေကို သူတို့ဖြတ်သန်းရတဲ့ခေတ်ကြီးက ပြဌာန်းပေးလိုက်တာမျိုးကို မြင်အောင် ကြည့်နိုင်လေ့ရှိတယ်။ ခေတ်ကိုက ဟိုးအရင်ခေတ်တုန်းကလို အေးအေးဆေးဆေး နေလို့မရတော့ဘူး၊ အပြိုင်အဆိုင်တွေများပြီး သွားသုတ်သုတ်၊ လာသုတ်သုတ်၊ စားသုတ်သုတ်နဲ့ နေထိုင်ရတဲ့ လူငယ်တွေက သွက်လက်မြူးကြွတာ၊ ဆူညံတာမျိုးကို နှစ်သက်တာ၊ ရွေးချယ်တာကို ဆရာက မြင်အောင်ကြည့်နိုင်တယ်။
' နယ်စည်းမခြား ရောဂါပိုးများ ' ဆောင်းပါးကို ဆရာ လူထုစိန်ဝင်းဟာ ဂျာနယ်ဆောင်းပါး ပုံစံ ရေးပြီး သတင်းပေးတာနဲ့တင် ကျေးဇူးကြီးမားလှပါပြီ။ ၂၀၀၆ ခုနှစ်ဆိုတော့ ၂၀၁၉ ခုနှစ်ထက်တောင် အများကြီး စောနေပါသေးတယ်။ ခေတ်ရှေ့အများကြီး ပြေးတဲ့ ဆောင်းပါးကို မှတ်တမ်းတင် ရေးသားခဲ့တဲ့ ဆရာ လူထုစိန်ဝင်းအကြောင်းကိုလည်း ကျွန်တော်တို့တွေ ပြန်လည်မှတ်တမ်းတင် ရေးသားရမယ်။ စာနယ်ဇင်းလောက နောက်မျိုးဆက်တွေအတွက် လမ်းဖောက်ပြခဲ့တယ်။ စာနယ်ဇင်းသမားဆိုတာ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုကြင့်ကြံရမယ်ဆိုတာမျိုးတွေ အများကြီး ရေးသားပြီး စာနယ်ဇင်းလောကအတွက် ကြိုးပမ်းသွားခဲ့တယ်။ စာနယ်ဇင်းလောကမှာ ပညာရပ်ဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းတွေလိုအပ်ကြောင်းတွေ လိုအပ်တာကို အမြဲ ရေးလေ့၊ ပြောလေ့ ရှိတယ်။
ဆရာဟာ သတင်းသမား စစ်စစ်ပါ။ သတင်းသမား စဖြစ်ကတည်းက သတင်းအနံ့ခံ၊ သတင်းလိုက်၊ သတင်းထောက်၊ သတင်းနှိုက်၊ သတင်းရေးနဲ့ အချိန်ကုန်နေသူ။ သတင်းစာခေတ်မှာ သတင်း ဆောင်းပါးတွေရေး၊ ဂျာနယ်ခေတ်မှာ ဂျာနယ်ဆောင်းပါးတွေရေး နေရင်းနဲ့ ခေတ်ကို မှတ်တမ်းတင်နေသူ။ ကျန်းမာရေး မကောင်းလို့ အိမ်ပေါ်ကနေ အိမ်အောက်ကို မဆင်းနိုင်တော့ ဆရာက လူတွေနဲ့ အဆက်အသွယ် အပျတ်မခံပါဘူး။ အထူးသဖြင့် လူငယ်တွေနဲ့ပေါ့၊ ဆရာက သူ့နေအိမ်မှာ အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်ပြီး လူငယ်တွေနဲ့ ထိတွေ့ပါတယ်။ ဒီနေ့ခေတ် လူငယ်တွေအများစုဆီကနေသာ ဒီနေ့ခေတ်ရဲ့ အကြောင်းအရာ ပေါင်းစုံကို ကြားနိုင်မှာဆိုတာကို ဆရာက ကောင်းကောင်းကြီး သဘောပေါက်လို့၊ ခေတ်လူငယ်တွေ ဆီကနေ ခေတ်ကို လေ့လာခဲ့တယ်။ ဆရာဟာ ဘဝကို သတင်းသမားစစ်စစ်အနေနဲ့သာဖြတ်သန်းချင်ခဲ့ပေမယ့်၊ အခြေအနေအရ ကျောင်းဆရာ လုပ်ခဲ့တယ်။ ကျောင်းဆရာ လုပ်ခဲ့လို့လည်း ဂျာနယ်တွေ လှိုင်လှိုင်ပေါတဲ့ခေတ်မှာ ဆောင်းပါးတွေ အများကြီး ရေးနိုင်ခဲ့တယ်။
ခေတ်ကို မှတ်တမ်းတင်ရတဲ့ စာနယ်ဇင်းသမား တယောက်က၊ မှတ်တမ်းတင်ယုံမက ခေတ်ရှေ့ပြေးတဲ့ အရေးအသားတွေ ရေးခဲ့တယ်ဆိုရင် နောက်မျိုးဆက်တွေက ပြန်လည်ရှာဖွေ တင်ပြသင့်ပါတယ်။ ဆရာ လူထုစိန်ဝင်းက ခေတ်ကို မှတ်တမ်းတင်ယုံသာမက၊ ခေတ်ရှေ့ပြေးတဲ့ ဆောင်းပါးတွေ အများကြီး ရေးခဲ့တယ်။ ကျွန်တော် လက်လှမ်းမှီသလောက်နဲ့ ပြန်လည် တင်ပြပါ့မယ်။ ၃ ၊ မတ်၊ ၂၀၁၁ ခုနှစ်တုန်းက ထုတ်ဝေတဲ့ The Hot News အတွဲ ၁၊ အမှတ် ၃၀ ထဲမှာ ဆရာက ' အွန်လိုင်းစာပေရေစီးကြောင်း ' အကြောင်းကို ကြိုရေးသားခဲ့တယ်။ အွန်လိုင်းစာပေ ရေစီးကြောင်းရဲ့ အားသာချက်ကို ဆွဲထုတ်ပြတယ်။ စာဖတ်ပရိသတ်ရဲ့ တုံ့ပြန်ချက်ကို တန်းရတယ်ဆိုတဲ့ အကြောင်းအရာမျိုးတွေပါ။ သတင်းတု၊ သတင်းမှားတွေ များတဲ့ အွန်လိုင်းခေတ်ကြီးထဲမှာ လူထုစိန်ဝင်းသာ ရှိနေသေးရင် ဆရာရေးမယ့် သတင်းဆောင်းပါးတွေ အများကြီး ဖတ်ရမှာပါ။
ဂျာနယ်ဆောင်းပါးတွေ အရေးများတဲ့ ဆရာဟာ ခေတ်နောက်မကျန်ခဲ့ဘူး၊ စာဖတ်တဲ့ ပြည်သူကို သိသင့်သိအပ်တဲ့ ဆောင်းပါးတွေနဲ့ အမြဲအသိပေးတယ်ဆိုတာ ၁၂ ဩဂုတ် ၂၀၀၉ခုနှစ်ထုတ် News Watch ဂျာနယ်ပါ ဆောင်းပါး ဖတ်ကြည့်ရင် သိနိုင်တယ်။ အိုဘားမား နိုဘဲလ်ဆု ရတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ထားတဲ့ သဘောထားမျိုးပါ။ ဆရာက သူ့အဆိုကို ခိုင်မာအောင် သတင်းအချက်အလက်တွေနဲ့ တည်ဆောက်ပြထားတယ်။ ' နိုဘဲလ်ဆု စာရင်းပိတ်ရက်မှာ အိုဘားမား သမ္မတ ဖြစ်တာ ၁၂ ရက်ပဲ ရှိသေးတယ်။ ၁၂ ရက်ပဲ တာဝန်ထမ်းဆောင်ရသေးတဲ့ သမ္မတ တစ်ယောက်ရဲ့ အရည်အချင်းကို နိုဘဲလ်ဆု ရွေးချယ်ရေးအဖွဲ့က ဘယ်လိုနည်းနဲ့သိပြီး ဘယ်လိုပုံစံနဲ့များ ရွေးချယ်လိုက်ပါသလဲ ' လို့ ရေးထားတာ ဖတ်ရတယ်။ ဒီဆောင်းပါးမျိုးက အတော်ကို ဂယက်ရိုက်နိုင်တဲ့ ဆောင်းပါးမျိုးပါ။ စာဖတ်ပရိသတ်အတွက်ကတော့ တွေးစရာတွေ အများကြီးရတဲ့ ဆောင်းပါးမျိုးပေါ့။ စာသားနောက်ကွယ်က အကြောင်းတရားတွေကို တွေးတောဖို့ အားထုတ်ရမယ်။ စာဖတ်ပရိသတ်ကို အတွေးအမြင်တွေ ပေးနိုင်တဲ့ ဆောင်းပါးမျိုးပါ။
ဒီဆောင်းပါးကို လူထုစိန်ဝင်းရဲ့ ခေတ်ရှေ့ပြေးတဲ့ ဆောင်းပါးတွေ အကြောင်းနဲ့ ဆရာအကြောင်းတွေ ပြန်လည်တင်ပြတဲ့ သဘောမျိုးနဲ့ ရေးပါတယ်။ ၂၀၀၆ ခုနှစ် Flower News ဂျာနယ်မှာ ရေးတဲ့ ' နယ်စည်းမခြား ရောဂါပိုးများ ' ဆောင်းပါးဟာ ၁၃ နှစ်လောက် စောခဲ့တယ်လို့ တင်ပြပြီးပြီ။ ၂၀၁၀ ခုနှစ် ဇန်နဝါရီလထုတ် ' နရသိန် မဂ္ဂဇင်း' မှာ ရေးတဲ့ အရေးအသားကတော့ နောက်ထပ် နှစ်တွေ ဘယ်လောက်တောင်များ စောနိုင်မလဲ၊ ဖြစ်ကောဖြစ်လာနိုင်မလားလို့ တွေးမိပါတယ်။ ' နရသိန်စံများအတွက် နရသိန်ပြန်ရဲ့ မေတ္တာစာ ' ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးတာပါ။ 'ထောင်ဆိုတာ ပျော်စရာ နေရာကြီး ဖြစ်နေရင် လူတွေက ထောင်မကြောက်တော့ဘဲ ဝင်လိုက် ထွက်လိုက် လုပ်နေကြမှာပေါ့လို့ ပြောချင်သူများရှ်ိရင် ထောင်ဆိုတာ ကြောက်လန့်စရာအဖြစ် ဖန်တီးထားတော့ရော လူတွေက ကြောက်လန့်ပြီး ရာဇဝတ်မှုတွေ မကျူးလွန်ကြတော့ဘူးလား။ ထောင်ကို ခဏခဏ ပြန်မလာကြတော့ဘူးလားလို့ ပြန်မေးလိုက်ချင်ပါတယ် ' လို့ ရေးထားတာ ဖတ်ရတယ်။ ကျွန်တော် တဦးတည်းအနေနဲ့ဆိုရင် အတော်ကို ခေတ်ရှေ့ပြေးတဲ့ ဆောင်းပါး၊ အတွေးအမြင်တွေ အများကြီး ပေးနိုင်တဲ့ ဆောင်းပါးလို့ ကောက်ချက်ချပါတယ်။ လူနေမှုစနစ် ပြဿနာတွေအကြောင်းကို ကျွန်တော်တို့ လေ့လာကြည့်ဖို့ အတွေးအမြင်တွေ အများကြီး ရလိုက်သလိုပါပဲ။ ဆရာက ခက်ခဲတဲ့ အတွေးအမြင်တွေကို အရေးရှင်းရှင်းနဲ့ ရေးပြတော့ စာဖတ်သူတို့က အတွေးရှင်းရှင်းနဲ့ တန်းပြီး နားလည်ကြပါတယ်။
သတင်းစာ ပညာသောင်းပြောင်းထွေလာထဲမှာဆိုရင် ဆရာက သတင်းရေးတာနဲ့ စာရေးတာဟာ မတူကြောင်း၊ သရုပ်ခွဲပြသေးတယ်။ ' လူထုဦးလှက
သတင်းစာဆရာဖြစ်ပြီး၊ လူထုဒေါ်အမာက စာရေးဆရာဖြစ်တယ် ' လို့ ဆရာက ဆိုတယ်။ လူထုဦးလှက စာကို ဦးနှောက်နဲ့ ရေးပြီး၊ လူထုဒေါ်အမာကတော့ စာကို နှလုံးသားနဲ့ ရေးတယ်လို့ သုံးသပ်ထားတယ်။ ဆရာက သူ့ကိုယ်သူ သတင်းသမားလို့သာ ခံယူထားတယ်ဆိုတော့ သူ့စံနဲ့သူ ပြန်တိုင်းတာပြောရရင် ဆရာကလည်း စာကို ဦးနှောက်နဲ့ရေးဖြစ်လေ့ရှိတယ်လို့ ခံယူထားမှာပါ။ ဟုတ်ပါတယ်၊ ဆရာစာ အများစုက ဦးနှောက်နဲ့ ရေးထားတာတွေပါ။ ဒါပေမဲ့ ဆရာရဲ့ တချို့ဆောင်းပါးတွေမှာပါတဲ့ အရေးအသားတွေက နှလုံးသားနဲ့ ရေးထားတာမျိုးတွေ တွေ့ရပါတယ်။
ဆရာလူထုစိန်ဝင်းရဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ရေးတဲ့ ဆောင်းပါးတွေကို နောက်ပိုင်းမှာ စုစည်းပြီး လုံးချင်းစာအုပ်တွေ ပြန်ထုတ်ကြတယ်။ အဲဒီစာအုပ်တွေကို ဖတ်ရင်းနဲ့ ငယ်ဘဝ ဂျာနယ်ခေတ်ကို ပြန်ပြောင်း သတိရမိတယ်။ ငယ်ငယ်တုန်းက စာနယ်ဇင်းဆိုတဲ့ အသုံးအနှူန်းကို သေသေချာချာ မသိဘူး။ စာတွေ ဖတ်လာတော့မှ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း သုံးမျိုးပေါင်းပြီး စာနယ်ဇင်းဆိုတဲ့ အသုံးအနှူန်း ပေါ်လာတာ သိတော့တယ်။ ဂျာနယ်ခေတ်မှာ ဂျာနယ်တွေ ဖတ်ရင်းကနေ တဆင့်တက်ပြီး စာအုပ်တွေ ဖတ်ဖြစ်လာတယ်။ စာအုပ်တွေ 'စု' မိလာတယ်။ စာအုပ်တွေ 'စု' ဖြစ်တာကနေ စာရေးဆရာတွေရဲ့ အရေးအသားတွေကို 'တု' ချင်လာတယ်။ ဟိုဟိုဒီဒီအရေးအသားလေးတွေ ရေးရင်းနဲ့ 'တု'မိလာတယ်။ စု၊ တု၊ ပြု ထဲက နောက်ဆုံးအဆင့်ဖြစ်တဲ့ ' ပြု ' ဆိုတဲ့ အဆင့်ကတော့ အရမ်းကျယ်ပြန့်လွန်းပါတယ်။ ကျွန်တော်လို လူမျိုးအတွက်တော့ အဝေးကြီးပါ၊ ဟိုဟိုဒီဒီအရေးအသားလေးတွေတော့ ကြိုးစား ရေးသားနေဆဲပါ။
ဆရာလူထုစိန်ဝင်းကတော့ သူ့နည်းသူ့ဟန်နဲ့ သတင်း ဆောင်းပါးတွေကို ' ပြု ' ဆိုတဲ့ အဆင့်ထိ ရေးသားနိုင်ခဲ့ပါတယ်။ တကယ်တော့ ဆရာဟာ သတင်းသမား စစ်စစ်ကြီး တယောက်ပါ။ သွားလည်း သတင်း၊ စားလည်း သတင်း၊ အိပ်လည်း သတင်းနဲ့ နေထိုင်သူ။ သတင်းမှ တပါး အခြားမရှိဆိုတဲ့ ပုဂ္ဂိုလ်မျိုး။ ကျွန်တော် ထောက်ပြခဲ့သလို ခေတ်ကို မှတ်တမ်းတင် ရေးသားယုံသာ မဟုတ်၊ ခေတ်ရှေ့ပြေးတဲ့ သတင်းတွေကို ဆောင်းပါးရေးပြီး စာဖတ်သူတွေကို အသိအမြင်ပေးခဲ့တဲ့ ဆရာအကြောင်း၊ ဆရာ အရေးအသားတွေကို သတင်းစာ ဆရာကြီးတွေနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်ပွဲတွေမျိုးမှာ ထည့်သွင်း ပြောကြားသင့်တယ်။ ဆရာရဲ့ ခေတ်ရှေ့ပြေးတဲ့ သတင်းအရေးအသားတွေကို သတင်းစာ သင်တန်း၊ ဂျာနယ်လစ် သင်တန်းတွေမှာ ပို့ချရမယ်။ ဆရာကိုယ်တိုင်လည်း စာနယ်ဇင်း အရေးအသားပုံစံသစ် ဆိုပြီး အများကြီး ရေးသွားတယ်။
ခေတ်၊ သမိုင်း၊ အဖြစ်အပျက်၊ အကြောင်းရာတွေကို ဆရာက မှတ်တမ်းတင်ရေး
သားတယ်။ ၂၀၀၆ ခုနှစ်တုန်းက ရေးတဲ့ ' နယ်စည်းမခြား ရောဂါပိုးများ ' လို ခေတ်ရှေ့ပြေးတဲ့ အရေးအသားမျိုးတွေကို ရေးသားခဲ့တယ်။ ' စာနယ်ဇင်းဆိုတာ သမိုင်းကို မှတ်တမ်းတင်ရတာ' လို့ ရေးတဲ့ လူထုစိန်ဝင်းကို ကျွန်တော်ကလည်း လက်လှမ်းမှီသလောက် ဂျာနယ်တွေ၊ စာစောင်တွေနဲ့ ဆရာအကြောင်း၊ ဆရာ အရေးအသားတွေအကြောင်းကို ပြန်ပြီး မှတ်တမ်းတင် ရေးသားတယ်။ ကျွန်တော့်ကို ရေးသားခွင့်ပေးတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေက စာမျက်နှာတွေထက်မှာ ပြန်လည် ဖော်ပြတယ်။ ကျွန်တော်တို့ဟာ ကိုယ်စီ ဆိုင်ရာဆိုင်ရာတွေ လုပ်ရင်းနဲ့ တယောက်ကို တယောက် မှတ်တမ်းတင်ကြတယ်။ နိဂုံးချုပ်တော့ ' လူထုစိန်ဝင်းနဲ့ ခေတ်ရှေ့ပြေးတဲ့ အရေးအသား ' ဆိုပြီး ကျွန်တော် မှတ်တမ်းတင် ရေးသားဖြစ်တယ်ပေါ့ဗျာ။
နန္ဒာအောင်
* စာကိုး
လူထုစိန်ဝင်း။ ၂၀၁၉ ။ ပန်းတိုင်ကဘာလဲနှင့်အခြားဆောင်းပါးများ။ စိတ်ကူးချိုချိုအနုပညာ။
လူထုစိန်ဝင်း။ ၂၀၁၄ ။ နရသိန်စံများအတွက် နရသိန်ပြန်ရဲ့ မေတ္တာစာ။ နှစ်ကာလများစာပေ။
လူထုစိန်ဝင်း။၂၀၁၈။ပညာတတ်တိုင်း ပညာရှိမဖြစ်။ နှစ်ကာလများစာပေ။
လူထုစိန်ဝင်း။ ၂၀၀၉။ လမ်းဖောက်သူဖြစ်ပါစေ။ ပင်ဝါးရုံစာပေ။
လူထုစိန်ဝင်း။ ၂၀၂၁။ သတင်းစာပညာ သောင်းပြောင်းထွေလာ။ ပင်ဝါးရုံစာပေ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
