Breaking News

မောင်လူမွှေး - ကြေကွဲဆို့နင့် ကျမျက်ရည်

မောင်လူမွှေး - ကြေကွဲဆို့နင့် ကျမျက်ရည်

မိုးမခ ၊ မေ ၂၇ ၊ ၂၀၂၆


မောင်လူမွှေး ဒီစာကို ရေးနေတဲ့အချိန်မှာ မျက်လုံးတွေက ရဲပြီး ရောင်နေတယ်။ စာရေးနေရင်း မျက်ရည်ဟာ တောက်လျှောက် စီးကျနေတယ်။ ကျစမ်းပါစေ။ မောင်လူမွှေး မျက်စိနာနေလျက်နဲ့ ဒီစာကို ဆက်ရေးတယ်။ မျက်စိနာလို့ကျတဲ့ မျက်ရည်နဲ့ သူ့အတွက်ကျတဲ့ မျက်ရည်ဟာ ရောယှက်နေတယ်။

သူဆိုတာ မောင်လူမွှေး ညီအရွယ် ဆရာတစ်ယောက်။ ဘီအီးဒီဘွဲ့ရ အထက်တန်းပြ CDM ဆရာတစ်ယောက်။ ပညာတော်ပြီး စိတ်နှလုံးသား ဖြူစင်သိမ်မွေ့သူ။ လူ့အဖွဲ့အစည်းရဲ့ အကျိုးကို အဆောင်နိုင်ဆုံး အသက် သုံးဆယ်ကျော်အရွယ်။ အရွယ်မရောက်သေးတဲ့ ကလေးလေးတစ်ယောက်ရဲ့ ဖခင်။ မိသားစုက အားကိုးရတဲ့ အိမ်ထောင်ဦးစီး။ ဒီနှစ်နွေရာသီမှာ မောင်လူမွှေး သူ့ကိုသွားတွေ့ခဲ့တာ နောက်ဆုံး တွေ့ဆုံခြင်းဖြစ်မယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ။

မောင်လူမွှေး သူ့အိမ်ကို ရောက်တော့ နွေရာသီနေဟာ အတော်ပူနေပါပြီ။ အာဏာသိမ်းပြီးနောက် နှစ်ချီပြီး သတင်းအစအန ပျောက်နေတဲ့သူနဲ့ ဘီအီးဒီ ပညာရေးသင်တန်းတက်ဖက်လည်းဖြစ်၊ မောင်လူမွှေးနဲ့ ညီအစ်ကိုလို ခင်တဲ့သူလည်းဖြစ်တဲ့ ညီငယ်တစ်ယောက်အကြောင်း သူနဲ့ကျနော် နှစ်ယောက်လုံး စိတ်ပူစွာ စုံစမ်းနေခဲ့ကြတာ။ "ရှိသေးတယ်။ လေဖြတ်နေတာ" ဆိုတဲ့ သတင်းစလေးရတာကို နှစ်ယောက်အတူ ပြောဆိုရင်း ပျော်ခဲ့ကြတယ်။

မောင်လူမွှေးတို့ လင်မယားနှစ်ယောက်ကို အိမ်မှာ သူ ထမင်းကျွေးတယ်။ သုံးယောက်အတူ ထမင်းစားပြီး စကားစမြည်ဆက်ပြောကြတယ်။ အသက်သုံးလေးနှစ်အရွယ် သူ့သားလေးဟာ အဖေဖြစ်သူကို ခဏခဏ လာစတယ်။ စိတ်နှလုံးသား နူးညံ့တဲ့ အဖေကို ကလေးက ချစ်တာပေါ့။

သူ့မျက်နှာမှာ အလုပ်တွေ ပိလို့ စိတ်ရှုပ်ထွေးနေတဲ့ ပုံစံက ပေါ်နေတယ်။ မြေပြင်မှာရော၊ လိုင်းပေါ်မှာပါ အသိပညာ ဗဟုသုတ ဖြန့်ချိရေးအတွက် သူ တာဝန်ထမ်းဆောင်ရတယ်။ ပြီးတော့ ရပ်ရွာအရေး၊ ဒေသဖွံ့ဖြိုးရေးတာဝန် နောက်တစ်ခုကိုပါ သူထပ်လုပ်နေရကြောင်း ပြောပြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကျောင်းဆရာဘဝကို မစွန့်လွှတ်ဖို့ မောင်လူမွှေး တိုက်တွန်းတော့ သူလက်ခံတယ်။

ဒေသတွင်း အသိပညာဖြန့်ဝေရေးကို သူနဲ့ မောင်လူမွှေး အတူလုပ်ကြရတော့ သူ့ရဲ့ ရိုးဂုဏ်၊ နိဝါတတရား၊ အားနာကြီးမှု၊ ပညာတတ်မြောက်မှုနဲ့ စိတ်ထားဖြူစင်မှုတွေကို မြင်တွေ့ခဲ့ရတယ်။ လေးစားချစ်ခင်ခဲ့ရပါတယ်။ "အဲဒီလိုကြီးဆို ကောင်းပါ့မလား"၊ "အဆင်မပြေလောက်ဘူးထင်တယ်နော်" ဆိုတာ သူ့ရဲ့ အပြင်းထန်ဆုံး စကားလုံးတွေပါ။ သူဟာ ဒီလို နူးညံ့တဲ့ ပညာတတ်တစ်ယောက်၊ အထက်တန်းပြ CDM ကျောင်းဆရာတစ်ယောက်ပါ။

"ဆရာက စာသင်လည်း ကောင်းတယ်။ စိတ်ထားလည်း ကောင်းတယ်။ အားကစားလည်း တော်တယ်။ ဘောလုံးကန် သိပ်ကောင်းတာ" လို့ မောင်လူမွှေးအနီးမှာရှိတဲ့ သူ့တပည့်ဟောင်း လူငယ်က သူ့ဆရာ သတင်းကြားပြီးနောက် မောင်လူမွှေးကို ပြောပြတယ်။

"အိမ်မှာက ယောက်ျားသားဆိုလို့ ကျနော် တစ်ယောက် ရှိတာဗျ" လို့ ပြီးခဲ့တဲ့ တစ်နှစ်က အတူညအိပ်ရင်း သူ ပြောခဲ့တာကို ပြန်ကြားယောင်လာတယ်။ အခုတော့ သူ့ကို အားကိုးနေရတဲ့၊ အမျိုးသမီးတွေပဲရှိတဲ့ အတူနေ သူ့မိသားစုကို သူထားခဲ့ပြီ။ လူမမည်သားလေးကို သူ ထားခဲ့ရပြီ။

"စစ်ကြောင်းက ဖမ်းသွားသလားမသိ"

"အဆက်အသွယ်မရဘူး"

"ပျောက်နေတာ"

"အတည်ပြုနိုင်ပြီ"

"အလောင်းကို စစ်ခွေးတွေရှိနေလို့ မကောက်နိုင်သေးဘူး"

"နေပူလိုက်၊ မိုးရွာလိုက်နဲ့ dead body က မကောင်းနိုင်တော့ပါဘူးဗျာ"

ကြားရတဲ့ သတင်းတွေဟာ မောင်လူမွှေး အပါအဝင် သူ့ကို ချစ်ခင်သူတွေရဲ့ အသည်းနှလုံးကို တမြည့်မြည့် လောင်ကျွမ်းစေခဲ့တယ်။

"လူကို ခွေးသတ်လေခြင်း" ဆိုတာကို မောင်လူမွှေးတို့ ကိုယ်တွေ့ခံစားခဲ့ရတာပါ။ တော်လှန်နယ်မြေမှာ အဖြစ်ဆိုးတွေနဲ့ ရင်းနှီးနေတဲ့ မောင်လူမွှေးတစ်ယောက် သူ့လို လူတော်လူကောင်းတစ်ယောက်အတွက် ကြေကွဲဆို့နင့်စွာ မျက်ရည်ကျမိတယ်။

နွေရာသီ သူ့ဆီကို နောက်ဆုံးရောက်တုန်းက စကားတွေပြောမဝခဲ့ဘူး။ နေ့လယ် ဆယ့်တစ်နာရီလောက် နေပူပူကြီးထဲ ပြန်ခဲ့တယ်။ မောင်လူမွှေးမှာ သူ့အတွက် သူ့ကို ပြောစရာစကားတွေ ရင်ထဲမှာ ကျန်နေသေးတယ်။ အခု ဘယ်တော့မှ ပြောနိုင်တော့မှာ မဟုတ်ပါဘူး။ ဘဝဆက်တိုင်း အသိပညာမဲ့တဲ့ လူ့တိရိစ္ဆာန်တွေနဲ့ ဝေးပါစေလို့ သူ့အတွက် မောင်လူမွှေး လေးလေးနက်နက် ဆုတောင်းမိပါတယ် ခင်ဗျာ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar