မောင်လူမွှေး - အာဇာနည်ကုန်းနဲ့ ရွာကလေး
မောင်လူမွှေး - အာဇာနည်ကုန်းနဲ့ ရွာကလေး
မိုးမခ ၊ မေ ၂၀ ၊ ၂၀၂၆
နေ့လယ် တစ်နာရီလောက် မောင်လူမွှေး တစ်ယောက် အိပ်ရာကနေ နိုးလာတယ်။ အိပ်နေတဲ့ အိမ်ကြီးပေါ်မှာ ဘယ်သူမှ မရှိ။ အိမ်အောက်မှာလည်း ဘယ်သူမှ မရှိ။ ရွာဟာ တိတ်ဆိတ် ခြောက်သွေ့နေတယ်။ အိမ်ကြီးကြီးတွေဟာ လူသူမဲ့လို့။ သူတို့တွေ တောထဲမှာ နေကြတယ်။ မောင်လူမွှေးကတော့ အလုပ်ကိစ္စနဲ့ ရွာကလေးကို ရောက်ခိုက် နေ့လယ်စာ စားပြီး ခဏ အိပ်ပျော်သွားတာပါ။
သူတို့ရွာကလေးဟာ ပြီးခဲ့တဲ့ တစ်နှစ်က အဖြစ်ဆိုးနဲ့ ကြုံခဲ့ကြရရှာတယ်။ ဘီလူးသရဲစိတ် ဝင်နေတဲ့ စစ်တပ်စစ်ကြောင်းက သူတို့ရွာကို ဝင်ပြီး အမျိုးသား ငါးဦးကို သတ်ဖြတ်သွားခဲ့တယ်။ သတ်ဖြတ်တဲ့အထဲမှာမှ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူတွေလည်း ပါတယ်။ ရွာကလေးဟာ အခုအချိန်ထိ လိပ်ပြာစင်နေတုန်း။ ဧည့်သည်တွေဆို သူတို့ရွာကလေးမှာ ည မအိပ်ရဲကြဘူးလို့ သိရတယ်။
မောင်လူမွှေးဟာ ရွာကလေးထဲက အိမ်ကြီးတွေကို ငေးကြည့်နေတယ်။ အိမ်ကြီးတွေဟာ တကယ့်ရှေးဟောင်း အိမ်ကြီးအိမ်ကောင်းတွေပါ။ ဒါပေမဲ့ ရွာသူရွာသားတွေကတော့ သူတို့ မိဘ ဘိုးဘွားတွေ ဆောက်ထားခဲ့တဲ့ ဒီအိမ်ကြီးတွေပေါ်မှာ ည မအိပ်ရဲကြတာ နှစ်ချီ ကြာခဲ့ပြီ။ နေ့ခင်းပိုင်း အိမ်ကို ခဏ ပြန်လာတာမျိုးသာ ရှိပြီး တောထဲက တဲလေးတွေမှာ ခက်ခက်ခဲခဲ နေကြရှာတယ်။
မောင်လူမွှေး အိပ်ရာထထချင်း အိမ်ကြီး တစ်အိမ်ပေါ်မှာ ကော်ဖီသောက်ရင်း ရွာထဲက အခြားအိမ်တွေကို ငေးနေမိတာပါ။ ကော်ဖီသောက်ပြီးတော့ အိမ်ပေါ်က ဆင်းပြီး ရွာထဲကို လမ်းလျှောက်ခဲ့တယ်။ ရွာအစည်းအဝေးတွေ လုပ်တဲ့ ရွာခန်းမဟာ လူသူမဲ့လို့။ စာသင်ကျောင်းဟာလည်း အသံတွေ တိတ်လို့။ လမ်းပေါ်မှာ လူမရှိ။ တိတ်ဆိတ်ခြင်းမှာ ပူလောင်ခြောက်သွေ့မှုကို ခံစားရတယ်။
"စစ်ကြောင်းဝင်လာတတ်တော့ ထဘီဆို အမြဲတမ်းတိုတို ဝတ်ထားတော့တာပဲ။ အဲဒီကတည်းကစ ထဘီတိုတိုဝတ်တဲ့အကျင့် ဖြစ်နေတော့တာ"
"စစ်သားတွေက သေနတ်နဲ့ပစ်တော့ ကျမ ပြားပြားမဝပ်ဘူး။ ငုတ်တုတ်ကို ထိုင်နေတာ။ မှန်မှမှန်ရင်လည်း ကျော၊ ရင်ဘတ်၊ ခေါင်း တစ်ခါတည်းမှန်ပြီး သေသွားအောင်လို့ကို ငုတ်တုတ်ထိုင်နေတာ"
အထက်ပါ စကားတွေဟာ ရွာခံအမျိုးသမီးကြီးတွေက မောင်လူမွှေးကို ပြောခဲ့တဲ့ စကားတွေထဲက တချို့ ဖြစ်ပါတယ်။ သူတို့ကတော့ ရယ်ရင်းမောရင်း ပြောနေတော့ မောင်လူမွှေး အပြုံးနဲ့သာ နားထောင်နေရတာ။ ရင်ထဲမှာတော့ ကရုဏာနဲ့ စိတ်မကောင်း ဖြစ်ရတယ်။
"ဆရာရော ရွာမှာ မအိပ်ရဲတာလား" တဲ့။
မောင်လူမွှေး တစ်ယောက် အင်တာနက်လိုင်း ရတဲ့နေရာမှာ ညအိပ်မှ အဆင်ပြေကြောင်း ရှင်းပြရတယ်။ သူတို့ သိပ် ယုံကြည်ပုံမရပါ။
ဒါပေမဲ့ သူတို့တွေ သူတို့ရွာ အနာဂတ် တိုးတက်ရေးအတွက် မောင်လူမွှေးနဲ့ မစစ်(စ)မွှေးတို့ လာရောက် လုပ်ကိုင်ပေးတာကို ဝမ်းသာနေကြတယ်။ ပြန်ခါနီး ကြက်သွန်တွေ လာပေးလို့ ခရီးဝေးလွန်းလို့ မယူပါရစေနဲ့ ပြောတာမရပါ။ သူတို့ရဲ့ လက်ဆောင်တွေကို မိုင်တစ်ရာနီးပါး သယ်ခဲ့ရပါတယ်။
သူတို့ရွာမှာ မောင်လူမွှေး ရှိစဉ်က မိုး ခဏခဏ ရွာတယ်။ အိမ်အပြန်ဆို မိုးတွေ ညို့လို့။ မိုးညို့နေတဲ့ ကောင်းကင်အောက်မှာ အာဇာနည်ကုန်းလေးဟာ ရဲရဲရင့်ရင့် ရှင်းရှင်းလင်းလင်း။ ဆိုင်ကယ်ကို ခဏ ရပ်လိုက်တယ်။ အုတ်ဂူနီလေးတွေ ရှေ့မှာ ခြေစုံရပ်ပြီး အလေးပြုလိုက်တယ်။ ရွာနဲ့ မစာအောင် အာဇာနည်တွေ များတဲ့ ရွာကလေး စစ်ဘီလူးတွေရဲ့ အန္တရာယ်ကို ရင်ဆိုင်ကျော်လွှားပြီး လွတ်လပ်မှုဆီ ရုန်းထွက်နိုင်ကြမယ်လို့ ယုံကြည်မိပါတယ်ခင်ဗျာ...။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar